မြန်မာ့ခရီးသွားလုပ်ငန်းနှင့် ပြင်ဦးလွင်

ပြင်ဦးလွင်ဟု ဆိုလိုက်သည်နှင့် ပန်းချယ်ရီနှင့် စတော်ဘယ်ရီများ၊ အရောင်အသွေးစုံ ဒီဇိုင်းလှသည့် သိုးမွေး ဆွယ်တာများ၊ တောရိုင်းစပယ်နှင့်ပန်းရိုင်းနေကြာများ၊ ချိုမြမြ ရှတတဝိုင်မျိုးစုံနှင့် ကော်ဖီတို့ကို မြင်ယောင်လာမိကြပေမည်။ ထိုမှဆက်၍ တွေးမြင်ကြည့်လျှင် သာယာလှပ၍ ရှုမြင်စရာများလှပြီး  ရေတံခွန်သုံးခုရှိကာ မြန်မာနိုင်ငံတွင် ပထမဆုံးသော LED  မှန်တံတားကို ကမ္ဘာ့အဆင့်မီထည့်သွင်း ဆောက်လုပ်ထားသည့် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS)၊ အကျယ်အဝန်းဧရိယာ ၄၃၆  ဧကကျော်ရှိသော ကန်တော်ကြီးဥယျာဉ်နှင့် မြန်မာ့ကော်ဖီအရည်အသွေးနှင့် ထုတ်လုပ်မှု တိုးတက်ပြီး ကမ္ဘာ့ကော်ဖီဈေးကွက်သို့  ပိုမိုထိုးဖောက်နိုင်ရေး ဆောင်ရွက်နေသည့် ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ (ပွေးတောင်ကော်ဖီခြံ)တို့သည်ကား ပြင်ဦးလွင်၏ အရှိန်အဝါကို ပိုမိုမြှင့်တင်ပေးနေသော နေရာများဖြစ်သည်။

ပြင်ဦးလွင်သည် ပန်းမြို့တော်၊ တောင်လှေကားမြို့တော်၊ ချယ်ရီမြို့တော်၊ နှင်းမြို့တော် စသည်ဖြင့် ချစ်စရာ အမည်အမျိုးမျိုးကြောင့်   ရောက်ဖူးသူတိုင်းက မကြာခဏသွားရောက်ချင်ကြသည်။ မရောက်ဖူးသူများက မရောက်ရောက်အောင်သွားကြသည်မှာ ပြင်ဦးလွင်၏ ဂုဏ်ရည်အစွမ်းပင် ဖြစ်သည်။ သရုပ်ကမပီ နေခြည်ဆောင်း အတွေးပန်းချီ၊ ဒုဋ္ဌဝတီရေကြည်ချောင်းကလေးသည်၊ ဟိုအဝေး၀ယ်  ကွေ့ကောက်ပြီး စီးဆင်းနေသည်၊ တောင်လှေကားအထက်တွေဆီ၊ မောင်ရေအသွားခက်နေသည်၊ ထင်းရှူးနယ် ချယ်ရီမြိုင် တလှိုင်လှိုင်ပွင့်တဲ့ စိန်ပန်းပြာ ပန်းမြို့တော်ဆီ။  အနီးစခန်းမှာ မေမြို့ပန်းတွေစုံညီ၊  တလည်းသီးများနဲ့ စတော်ဘယ်ရီ၊ အိမ်ကလေးများလည်း တွေ့ရမည်၊ ချောက်ကမ်းပါးအလှတွေဆီ ခေတ်မီမီဆောက်ထားကြလေပြီ ဟူသော တောင်လှေကားမြို့တော်သီချင်းကို ကြားယောင်စေသည်။

ပြင်ဦးလွင်မြို့ကို တောင်ပေါ်အပန်းဖြေမြို့တော်၊ ချယ်ရီမြို့တော်၊ ကော်ဖီမြို့တော်ဖြစ်အောင် ယခင်ကတည်းက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ပူအိုက်သောရာသီကာလတွင် ပြင်ဦးလွင်သည် အပန်းဖြေရန် အကောင်းဆုံးနေရာဖြစ်သလို ရာသီအချိန်မရွေး နေထိုင်ရန် အကောင်းဆုံးမှာလည်း ပြင်ဦးလွင်သာဖြစ်သည်။ ဆောင်းရာသီနှင့် ရာသီအလိုက် ပွဲတော်များဖြစ်သည့် မီးပုံးပျံပွဲတော်၊ ဒီဇင်ဘာပန်းပွဲတော်များသည် အထူးစည်ကားလှသည်။ ပြင်ဦးလွင်တွင် ရှေးဟောင်း အဆောက်အအုံပေါင်းငါးရာကျော်ရှိပြီး ထိုနေရာများသည် ပြည်တွင်း၊ ပြည်ပခရီးသွားများအတွက် စိတ်ဝင်စားဖွယ်ရာများဖြစ်သည်။

ထိုရှေးဟောင်း အဆောက်အအုံများတွင် ပြင်ဦးလွင်ဘူတာကြီးလည်းပါဝင်သည်။  ပြင်ဦးလွင်ဘူတာသည် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၇)အောင်ဇေယျလမ်းတွင် တည်ရှိပြီး ၁၈၉၉ ခုနှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၀၆ ပေတွင်ရှိ၍ မန္တလေး-ပြင်ဦးလွင်-နောင်ချို-သီပေါ-လားရှိုး မီးရထား လမ်းပိုင်းပေါ်တွင် တည်ရှိသည်။ ဒေသခံပြည်သူတို့၏ ခရီးသွားလာရေးနှင့် ကုန်စည်စီးဆင်းမှုများကို အထောက်အကူများစွာ ဖြစ်စေခဲ့သည်မှာ နှစ်ပေါင်း ၁၂၃ နှစ်ရှိပြီဖြစ်သည်။ ထိုဘူတာရုံအဆောက်အအုံနှင့် အပြင်အဆင်ပိုင်း အားလုံးကို ရှေးမူလက်ရာ မပျက်ထိန်းသိမ်းထားရှိပြီး ဘူတာရုံဧည့်ခန်းအတွင်း  မီးရထားနှင့် ပတ်သက်သည့် ဓာတ်ပုံသမိုင်းမှတ်တမ်းများကို ချိတ်ဆွဲပြသထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့ပြီး လိုအပ်သည်များကို ဖြေလျှော့ပေးပြီး ဖြစ်သည့်အတွက် ပြည်ပမှခရီးသွားများ နိုင်ငံအတွင်းသို့ စဉ်ဆက်မပြတ် လာရောက်နေကြပြီ ဖြစ်သည်။ ခရီးသွားများ အလွယ်တကူဝင်ရောက် သွားလာနိုင်ရေးအတွက် သက်ဆိုင်ဝန်ကြီး ဌာနများ အနေဖြင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ထားပြီး ဖြစ်သည်။ ခရီးသွားလုပ်ငန်းသည် နိုင်ငံ့စီးပွားတိုးတက်ရေးတွင် မောင်းနှင်အားတစ်ရပ် ဖြစ်သည်။ ခရီးသွားလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်လေလေ နိုင်ငံအတွက် ဝင်ငွေများလေလေဖြစ်သည်။ ပြင်ဦးလွင်မြို့ကို နိုင်ငံတကာမှ စိတ်ဝင်စားမှုရှိပြီး ခရီးသွားလုပ်ငန်းအတွက် များစွာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည့်အတွက် နိုင်ငံတကာအဆင့်မီ သာယာလှပစေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။  ပြင်ဦးလွင်မြို့ ပတ်ဝန်းကျင်ရှိ သစ်တောများ ပြုန်းတီးမှုမရှိစေရေး၊ ကန်တော်ကြီး ရေလှောင်ကန်အတွင်း ရေဝင်ရောက်မှု များပြားစေရေးများကို ဆောင်ရွက်လျက်ရှိသည်။ ပြင်ဦးလွင်ဘူတာသည် သမိုင်းဝင်ဘူတာဖြစ်ပြီး ဂုတ်ထိပ်တံတား သည်လည်း သမိုင်းဝင်နေရာတစ်ခု ဖြစ်သည့်အတွက် ခရီးသွားများ စိတ်ဝင်စားမှုရှိသည့် ကျောက်မီးသွေးသုံး ရထားစက်ခေါင်းများ အသုံးပြု၍ ပြင်ဦးလွင်မြို့ကိုဗဟိုပြုပြီး ရထားခရီးစဉ်များ ပြေးဆွဲနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။

မဟာသင်္ကြန်ကာလအတွင်း ပြင်ဦးလွင်၌ ဟိုတယ်၊ တည်းခိုခန်းများ အခန်းပြည့်ဖြင့် ပြည်တွင်း၊ ပြည်ပမှလာရောက် အပန်းဖြေကြသည့် ခရီးသွားများကို ကြည့်ပါက ဒေသ၏သာယာလှပမှုနှင့် ခရီးသွားများ၏စိတ် ဝင်စားမှုကို တွေ့မြင်နိုင်သည်။ ပြင်ဦးလွင်သည် လေကောင်းလေသန့်ရရှိပြီး နှစ်လိုဖွယ်ရာသီဥတုရှိပြီး ဖြစ်သည့်အတွက် ခရီးသွားမြို့တော်၊ အပန်းဖြေမြို့တော်အပြင် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်သည့် ကျန်းမာရေးမြို့တော်အသွင်အဖြစ်လည်း ဆောင်ရွက်ပေးရန် နိုင်ငံတော် အကြီးအကဲက လမ်းညွှန်ထားသည်။

ထို့ကြောင့် ပြင်ဦးလွင်မြို့သာယာလှပရေး၊ ကုန်ထုတ်လုပ်မှုများ၊ စိုက်ပျိုးမွေးမြူရေးနှင့် ခရီးသွားလုပ်ငန်းများ တိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ မြန်မာ့ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးရေးတွင် ပြင်ဦးလွင်သည်  ထိပ်ဆုံးမှ ဖြည့်ဆည်းပေးနေသည့် ခရီးသွားနယ်မြေ ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။