တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာမှု ရှိစေရေး

တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာမှု ရှိစေရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဧပြီ  ၂၃  ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်မှာ နိုင်ငံတော်ကြီး သာယာ ဝပြောရေးနှင့်   တိုင်းပြည်စားရေ ရိက္ခာပေါများရေးတို့ဖြစ်သည်။ ထိုအမျိုးသားရေး ရည်မှန်းချက်များမှာ နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံး၏ ကောင်းကျိုးစီးပွား တိုးတက်ရေးအတွက် ချမှတ်လုပ်ဆောင်ခြင်းဖြစ်သည်။ ပြည်ထောင်စုကြီး တစ်ခုလုံး  အေးချမ်းသာယာစွာနှင့် လူတိုင်းလူတိုင်း ကိုယ်စိတ်ချမ်းသာစွာဖြင့် လုပ်ကိုင်စားသောက်နိုင်ပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး အတွက်ဖြစ်သည်။ ထို့ပြင် မြေပေါ်မြေအောက်သဘာ၀ အရင်းအမြစ်များ အသုံးချပြီး တိုင်းသူပြည်သား အားလုံးအတွက်   စားရေရိက္ခာ မပူမပင်မကြောင့်မကြ ပြည့်စုံနေစေရန် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ် ထားရှိလုပ်ဆောင်နေခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကားတွင် “ ဒီနှစ်ဟာ စိန်ရတု လွတ်လပ်ရေးနေ့ရဲ့ အကြိုနှစ်ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ရေးရဲ့ အသီးအပွင့်များ၊ ဒီမိုကရေစီ အုပ်ချုပ်ရေးရဲ့ အနှစ်သာရများ အပြည့်အဝခံစားရစေဖို့ ကျွန်တော်တို့အားလုံး အစွမ်းကုန်ကြိုးစား ကြရပါဦးမယ်။ ဒါကြောင့် ဒီနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာမှုရှိစေရေး အစွမ်းကုန်ကြိုးစားနေပါတယ်” ဟူ၍ ထည့်သွင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရပြီးသည်မှယနေ့တိုင် လွတ်လပ်ရေး၏ အသီးအပွင့်နှင့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်၏ အနှစ်သာရများကို ပြည်သူတို့ပြည့်ဝစွာ ခံစားရခြင်းမရှိသေးသည့်အတွက် လွတ်လပ်ရေးနှင့် ဒီမိုကရေစီ၏ အနှစ်သာရကို ပြည်သူများခံစားနိုင်အောင် နိုင်ငံတော်အစိုးရက ကြိုးစားနေခြင်းဖြစ်သည်။ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိပါသည်။ ပြည်သူလူထု၏ စွမ်းအားဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမည်ဖြစ်ပြီး အောင်မြင်မယ်လို့ အပြည့်အဝ ယုံကြည်ကြောင်းကိုလည်း နိုင်ငံတော်အကြီးအကဲ၏ နှစ်သစ်ကူးနှုတ်ခွန်း

ဆက်မင်္ဂလာစကားတွင် ဖော်ပြပါရှိသည်။ နှစ်တစ်နှစ် ကုန်ဆုံးသွားသည့်အခါတိုင်း  နှစ်ဟောင်းက ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်ဖြစ်ရပ်များအပေါ်သင်ခန်းစာယူကာ နှစ်သစ်တွင် အကျိုးရှိအောင် အသုံးပြုကြရမည်ဖြစ်သည်။

လူသစ်၊ စိတ်သစ်၊ အားမာန်သစ်များ မွေးမြူထားရှိကာ ကောင်းကျိုးဖြစ်ထွန်းရေး အတွက်ကြိုးစားကြရမည် ဖြစ်သည်။ အားလုံးက ကျရာနေရာတွင် တာဝန်ကျေပွန်ရုံသာမဟုတ်ဘဲ ထို့ထက်ပိုမိုသော စေတနာထည့်ကာ လုပ်ဆောင်ကြမှသာ နိုင်ငံတော်သည်လည်း ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။

နိုင်ငံသားတိုင်းသည် နိုင်ငံတော်၏ အရေးအရာများတွင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုဘဝအမျိုးမျိုး၌ ပါဝင်လျက်ရှိပေရာ နိုင်ငံသားတိုင်းက တတ်စွမ်းသမျှ ကျင့်ကြံကြိုးစား အားထုတ်ကြမှသာ ကိုယ့်အတွက်သာမက အများကောင်းကျိုးကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်နိုင်ငံတိုင်း၊ နိုင်ငံသားတိုင်း လူမှုဒုက္ခများနှင့် ရင်ဆိုင်ခဲ့ကြရသည်။ အဆိုပါကပ်ရောဂါမှာ ကမ္ဘာမြေမှ အလျှင်းပျောက်ကွယ်သွားမည် မဟုတ်ဘဲ ရာသီပေါ်ရောဂါအဖြစ် ကျန်ရှိနေမည်ဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ ပညာရှင်တို့က အသိပေးထားသည်။ ထိုကပ်ရောဂါကြောင့် နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ နှေးကွေးသွားခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေးများ ထုတ်လုပ်နိုင်ပြီဖြစ်သည့်အပြင် ကူးစက်မှုနှုန်းမှာလည်း လျော့နည်းသွားပြီဖြစ်သည်။

ထို့ကြောင့် နိုင်ငံ့စီးပွားရေး ဦးမော့လာစေရန် ဆောင်ရွက်ရမည့်အချိန်အခါသို့   ရောက်ရှိလာပြီဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများနှင့် အခြားသော စီးပွားရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်ကြရမည့် အခြေအနေကောင်းဖြစ်သည်။ အဓိကမှာ  တိုင်းပြည်အေးချမ်း သာယာရေးဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိသည်။ တပ်မတော် အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ယခုနှစ်ကုန်အထိ ရပ်စဲပေးထားသည်မှာ ငြိမ်းချမ်းစေချင်သည့် ဆန္ဒမှန်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် ကြိုတင်ကန့်သတ်ချက် မထားဘဲ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူရည်တူရှိမှု အပြည့်ဖြင့် လမ်းဖွင့်ပေးထားပါသည်။ ငြိမ်းချမ်းရေးကို မြတ်နိုးသူတိုင်းအတွက် ငြိမ်းချမ်းရေးရွှေတံခါးကြီးကို ဖွင့်ပေးထားခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင်ပေါ်ပေါက်လာသော နိုင်ငံရေး အပြောင်းအလဲကို မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ကြပြီး အခြေအနေမှန်ကို လက်ခံသင့်ပါလျက် အချို့သော လူပုဂ္ဂိုလ်များသည် နိုင်ငံပျက်စီးရေး လမ်းကြောင်းကို တမင်ထိုးဖောက် လျှောက်လှမ်းခဲ့ကြခြင်းမှာ နိုင်ငံနှင့်လူမျိုးကိုချစ်သော စိတ်ဓာတ်မရှိကြောင်း ပြသခြင်းဖြစ်သည်။ ပြည်ပကသွေးထိုးလှုံ့ဆော် မြှောက်ပင့်သွေးထိုးမှုများသည် မြန်မာနိုင်ငံ ပျက်စီးရေးအတွက်သာ ဖြစ်ကြောင်း ပြည်သူအများက ယုံကြည်လက်ခံလာကြပြီဖြစ်သည်။ အကြမ်းဖက်လုပ်ရပ်များအား တားဆီးထိန်းချုပ်ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် နေရာဒေသ အသီးသီး၌  လုံခြုံရေးနှင့်ရပ်ရွာ အေးချမ်းသာယာအောင် ဆောင်ရွက်လျက်ရှိရာ  ပြည်သူများက ပူးပေါင်းကူညီဆောင်ရွက်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရလျှင် ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်မှုရှိမှသာ တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာမှု ရှိမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။