ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်ဦးတို့ နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက်များနှင့် တွေ့ဆုံ၍ မေးမြန်းမှုများဖြေကြား

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်ဦးတို့ နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက်များနှင့် တွေ့ဆုံ၍ မေးမြန်းမှုများဖြေကြား

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်ဦးတို့သည်  AP သတင်းဌာန၊  ရိုက်တာသတင်းဌာန၊  South China Morning Post သတင်းဌာနနှင့် Straits Times သတင်းဌာန၊ China Central Television(CCTV) သတင်းဌာန၊ People's Daily သတင်းဌာနနှင့် ဆင်ဟွာသတင်းဌာနတို့မှ  သတင်းထောက်များကို ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမများ၌ ဗီဒီယိုကွန်ဖရင့်ဖြင့်တွေ့ဆုံ၍မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။

ယမန်နေ့မှအဆက်

People 's Daily သတင်းဌာန သတင်းထောက်၏ မြန်မာနိုင်ငံတွင် လတ်တလော လောင်စာဆီနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုရှိနေပြီး  လောင်စာဆီအခက်အခဲကို အချိန်တိုအတွင်း ရေနံချက်စက်ရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် မဖြစ်နိုင်ပါကြောင်း၊ ပြီးခဲ့သည့် တရုတ်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr .Wang Yi က တရုတ်နှင့်မြန်မာနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း သွယ်တန်း ထားရှိမည်ဆိုပါက လျှပ်စစ်ဓာတ်အားမျှေ၀ ပေးရန်ဖြစ်နိုင်သည်ဟု ပြောကြားခဲ့ပါကြောင်း၊ သို့အတွက် မြန်မာနိုင်ငံ အနေဖြင့် ဓာတ်အားပြတ်လပ်မှုကိုလျော့ပါးစေရန် ယခုကဲ့သို့ အကြံပြုချက်အပေါ် မည်သို့ ထင်မြင်ပါသနည်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အိမ်နီးချင်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို နယ်စပ်ဖြတ် ကျော်၍ လျှပ်စစ်ဓာတ်အားမျှဝေပေးလိုခြင်းသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုပြဿနာရပ်ကို ဖြေရှင်းနိုင်ရန် အလွန်ကောင်းမွန်သည့် အဖြေတစ်ခုဖြစ်ပါကြောင်း၊ တရုတ်နှင့်မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းသွယ်တန်းမှု စီမံကိန်းသည် China-Myanmar Economic Corridor Cooperation ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် နယ်စပ်ဖြတ်ကျော် လျှပ်စစ် ဓာတ်အားလိုင်းသွယ်တန်းမှုစီမံကိန်းများ ရှိသည်ဟု သိရပါ ကြောင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းမှု စီမံကိန်းဆွေးနွေးပွဲများလည်း ပြုလုပ်လျက် ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့် စီမံကိန်းဆောင်ရွက်ရန် အဓိကဆောင်ရွက်လျက်ရှိပြီး  နယ်စပ်ဖြတ်ကျော် လျှပ်စစ် ဓာတ်အားလိုင်းဖြန့်ဝေမှုမှ လျှပ်စစ် ဓာတ်အား လက်ခံရရှိမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် ထုတ်ယူနိုင်ရန် အရင်းအမြစ် လုံလောက်သော်လည်း အဘယ်ကြောင့် စိတ်ဝင်စားမှုမရှိပါသလဲ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံတွင် အနောက်နိုင်ငံ NGOs များက အထူးသဖြင့် တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်း များကို ဆန့်ကျင် ကန့်ကွက်လျက်ရှိပါကြောင်း၊ အနောက်အုပ်စုအနေဖြင့် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက် မည်ကို ဟန့်တားလိုခြင်းဖြစ်ပါကြောင်း၊ ပြည်တွင်းအင်အားစုများအနေဖြင့် ရေအားလျှပ်စစ်ထုတ်ယူရာတွင် မြစ်ရေကို တားဆီး၍ ဆည်များတည်ဆောက်ခြင်းသည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိသည်ဟု ထင်မြင်နေပါကြောင်း၊ ရေအား လျှပ်စစ်ဓာတ်ထုတ်ယူမှုမှ အကျိုးကျေးဇူးများစွာရှိသည်ကို သိမြင် နားလည်နိုင်မှုအားနည်းနေကြသဖြင့် ဆန့်ကျင် ကန့်ကွက်မှုများ ရှိနေပါကြောင်း၊ ရေအား လျှပ်စစ်မှ စွမ်းအင်အလုံအလောက်ရရှိနိုင်ပြီး မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် ထုတ်ယူနိုင်မှု အခြေအနေကောင်းများစွာ  ရှိသည်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရပါကြောင်း၊ အစိုးရအနေဖြင့် ကြားကာလတစ်ခုတွင် တာဝန်ထမ်းဆောင်ရခြင်းဖြစ်သော်လည်း နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ပိုမိုရရှိစေရန် အလတ်စား  ရေတိုရေအား လျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

ထို့နောက်    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက    မိမိတို့တွေ့ရသလောက် နိုင်ငံတော်တော်များများတွင် ရေအား လျှပ်စစ်စီမံကိန်းများကို အသုံးပြုကြပါကြောင်း၊ သို့သော်မိမိတို့နိုင်ငံတွင် ပြည်သူများ၏ အနေအထားနှင့် နိုင်ငံရေးနှင့် ဆက်စပ်၍ ရေအားလျှပ်စစ်သည် ယခုကဲ့သို့ ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် ယခုထက်ထိ  ကန့်ကွက်မှုများမရှိသေးဟု ပြောကြားလိုပါကြောင်း၊ မိမိတို့သည် နိုင်ငံတော် တာဝန်ခေတ္တထိန်းသိမ်းသည့် အစိုးရဖြစ်သည့်အတွက်  ရေရှည်စီမံကိန်းများထက် ရေတိုစီမံကိန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍လည်း ရေရှည်လုပ်ရမည့် ရေအားလျှပ်စစ် စီမံကိန်းများထက် ရေတိုဆောင်ရွက်နိုင်သည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံးများ နှင့်ဆက်စပ်၍ မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားကို အတတ်နိုင်ဆုံးပြည့်မီအောင် စီမံဆောင်ရွက်လျက်ရှိကြောင်း ဖြည့်စွက်ဖြေကြားသည်။

ကျေးလက်ဒေသများတွင် လျှပ်စစ်မီးပေးနိုင်ရေးအတွက် တရုတ်နိုင်ငံတွင် ဇီ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည် ရေပန်းစားပါကြောင်း၊ ကျေးလက်ဒေသရှိ စွမ်းအင်လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်ပြီး ဆင်းရဲမှု ပပျောက်ရေးအတွက် အကျိုးရှိနိုင်သောကြောင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အဆိုပါလုပ်ငန်း ပူးပေါင်းဆောင် ရွက်မှု အလားအလာကိုသိရှိလိုပါကြောင်း မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အစိုးရအနေဖြင့် ကျေးလက်ဒေသလျှပ်စစ်မီးရရှိရေးနှင့် ဆင်းရဲမှုပပျောက်ရေးတို့အတွက် စီမံချက်များထားရှိပါကြောင်း၊ ရေအား လျှပ်စစ် အပြင် ဇီဝဓာတ်ငွေ့၊ နေရောင်ခြည်စွမ်းအင် အစရှိသည်တို့မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအနေဖြင့် ၃၀ မဂ္ဂါဝပ်ထက်မပိုသည့်စီမံကိန်းများကို ဗဟို အစိုးရထံ ခွင့်ပြုချက်တောင်းခံစရာမလိုဘဲ  ခွင့်ပြုပေးနိုင်ပါကြောင်း၊ ဝန်ကြီးဌာနအသစ်တစ်ခုဖြစ်သည့် သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဖွဲ့စည်းထားရှိပြီး ကျေးလက်ဒေသအတွင်း ဆောင်ရွက်သည့် စီမံကိန်းများကို ခွင့်ပြုပေးပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အငယ်စားလျှပ်စစ် စွမ်းအင်ထုတ်လုပ်ခြင်းတွင် နည်းပညာနှင့် လက်တွေ့လုပ်ငန်းပိုင်းဆိုင်ရာအရ ပြည့်စုံကြွယ်ဝသည့်နိုင်ငံဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူလုပ်ငန်းရှင်များကို အဆိုပါစီမံကိန်းများတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန် ကြိုဆိုပါ ကြောင်း၊ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် မိမိတို့အနေဖြင့် လိုအပ်သည့်  ကူညီဆောင်ရွက်မှုများ လုပ်ဆောင်ပေးသွားမည်   ဖြစ်ပါကြောင်း ဖြေကြားသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များအရ တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ၏ လုံခြုံရေးဆိုင်ရာ ကိစ္စ ရပ်များနှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာရင်းနှီးမြှုပ်နှံမှု ဥပဒေပါပြဋ္ဌာန်း ချက်များနှင့်အညီ တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများကို ဥပဒေဘောင်အတွင်းမှ အကာအကွယ်ပေးခြင်း၊ လုံခြုံမှုပေးခြင်း တို့လုပ်ဆောင်လျက်ရှိသည်ဟု ဦးစွာပြောကြားလိုပါကြောင်း၊ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အထူးသဖြင့် ရန်ကုန်မြို့၌ ဆိုးရွားသည့်အဖြစ်အပျက်များ တွေ့ကြုံခဲ့ရပါကြောင်း၊ လှိုင်သာယာစက်မှုဇုန်ရှိ တရုတ်ကုမ္ပဏီတချို့၏ စက်ရုံများ မီးရှို့ဖျက်ဆီးသည့်လုပ်ရပ်များ ကြုံတွေ့ခဲ့ရပါကြောင်း၊ လှိုင်သာယာမြို့နယ်သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက မာရှယ်လ်လော ကြေညာထားသည့်နေရာဖြစ်ပြီး အဆိုပါ နယ်မြေကိုလုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်ယူ စောင့်ရှောက်ပေးနေသည့်အတွက် အလားတူဖြစ်ရပ်မျိုးမဖြစ်ပေါ်တော့ပါကြောင်း၊ ထိုကဲ့သို့ ထပ်မံမဖြစ်ပွားစေရန်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ကာကွယ်စောင့်ရှောက်ရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ မြန်မာအသိုက်အဝန်းများမှ တရုတ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များအပေါ် အကောင်းမမြင်စေရန်၊ မှားယွင်းအပြစ်တင်စေရန် နောက်ကွယ်မှ အနောက်နိုင်ငံတို့က သွေးထိုးပေးနေခြင်း ဖြစ်ပါကြောင်း၊ တရုတ်အပါအဝင် ရင်းနှီးမြှုပ်နှံသူများနှင့်   ဒေသခံများအကြား နှစ်ဦးနှစ်ဖက် အထင်အမြင်မမှားစေရန် ကော်မရှင်က အသိပညာပေးလုပ်ငန်းများလည်း  လုပ်ဆောင်ပေးနေပါကြောင်း၊ အလားတူဖြစ်ရပ်ဆိုးများ မဖြစ်ပွား တော့ဘဲ လုံခြုံရေးပိုမိုကောင်းမွန်နေပြီဖြစ်ပါကြောင်း ဖြေကြားသည်။

စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားငွေလဲနှုန်းများ အဆင်ပြေချောမွေ့စေရန် တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများကို မည်သို့ အာမခံနိုင်မည်၊ အမေရိကန်ဒေါ်လာစီးဆင်းမှု တင်းကျပ်ခြင်းနှင့်အတူ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍကို အမေရိကန်နှင့် အနောက်နိုင်ငံများက ပိတ်ဆို့ထားသည့်အချိန်၌ အရောင်းအဝယ်ပြုလုပ်ရာတွင် အဘယ်ကြောင့် RMB ကို အစားထိုး မသုံးစွဲရသနည်း မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အလားတူစီးပွားရေးပိတ်ဆို့မှုကို လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၁၁ ခုနှစ်အတွင်း အမေရိကန်နှင့် အနောက်နိုင်ငံများက လုပ်ဆောင်ခဲ့ကြပါကြောင်း၊ မိမိတို့အနေဖြင့် ၎င်းတို့လုပ်ရပ်အပေါ် အရေးယူဂရုစိုက်မှုမရှိပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အမေရိကန်နှင့် အနောက် နိုင်ငံများမှ Chevron and Total တို့၏ ရင်းနှီးမှုပမာဏသည် ၁၀ ရာခိုင်နှုန်းသာရှိပါကြောင်း၊ မြန်မာပြည်မှ ထွက်ခွာ သွားကြသည့် ကုမ္ပဏီသုံးခု၏ ရှယ်ယာများကို ကျန်ရှယ်ယာရှင်များက ရယူကြမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်းများရှိမည်မဟုတ်ကြောင်း၊  တရုတ်ငွေကြေး RMB ကို နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးတွင် အသုံးပြုပေးချေနိုင်ရန် ပထမအဆင့်လုပ်ဆောင်လျက်ရှိပါကြောင်း၊ တရုတ်ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း၊ သွင်းကုန်ပို့ကုန် လုပ်ငန်းများတွင် အသုံးပြုရန် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ဆင်ဟွာသတင်းဌာန၏မကြာသေးမီက မြန်မာပြည်က ထွက်သွားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများက  မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၏ ရာခိုင်နှုန်းမည်မျှရှိကြောင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် မည်သို့သက် ရောက်မှုရှိသည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကမြန်မာပြည်က ထွက်သွားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ ၃ ခုလုံးပေါင်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏ   စုစုပေါင်းသည် ၁၀ ရာခိုင်နှုန်း ခန့်သာရှိကြောင်း၊ Total Energies  ၏  ရင်းနှီးမြှုပ်နှံမှုပမာဏသည် ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်ရှိသည့် မြန်မာနိုင်ငံ၏   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃  ရာခိုင်နှုန်းသာရှိကြောင်း၊ ထို့အတူ Chevron ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၁ ဒသမ ၆ ရာခိုင်နှုန်း၊ Woodside ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၅ ဒသမ ၂၅ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းကုမ္ပဏီများ ထွက်ခွာ သွားခြင်းသည် မိမိတို့နိုင်ငံအတွက် ကြီးမားသည့် ပြဿနာမရှိကြောင်း။

အရေးကြီးသည်မှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၌ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၇ ရာခိုင်နှုန်းရှိကြောင်း၊ ယင်းကုမ္ပဏီ ၃ ခုပေါင်း ရင်းနှီးမြှုပ်နှံမှုထက် ပိုများပါကြောင်း၊ ယင်းကုမ္ပဏီများထွက်သွားသော်လည်း စာချုပ်များအရ ယင်းထွက်သွားသည့်နေရာများတွင် အခြားသူများ ပြန်လည်နေရာယူကြမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏလျော့သွားရန် မရှိကြောင်း ဖြေကြားသည်။

ဆက်လက်၍ မီးလင်းချိုင် စီမံကိန်းလက်ရှိအခြေအနေနှင့် ယင်းစီမံကိန်းက မြန်မာ လူမှုစီးပွားဘဝအတွက် မည်သို့ အကျိုးစီးပွားများ ဖော်ဆောင်ပေးနိုင်မည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ မီးလင်းချိုင် စီမံကိန်းသည် မိမိတို့တိုင်းပြည်အတွက် လိုအပ်သည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ ယင်းစီမံကိန်းသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အပြင် မီးလင်းချိုင်မှ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအထိ ဓာတ်အားဖြန့်ဖြူးပေးမည့် မဂ္ဂါဝပ်  ၅၀၀ Transmission လိုင်းဆွဲပေးရန်ရှိကြောင်း၊ မဂ္ဂါဝပ် ၁၉၀၀ ခန့် ထုတ်ပေးနိုင်မည်ဖြစ်သည့်အတွက် ကြီးမားသည့် စီမံကိန်းဖြစ်ပြီး တိုင်းပြည်အတွက် လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို   ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ လျှပ်စစ် ကဏ္ဍ တွင်ရှိသည့် အခြေခံအဆောက်အအုံ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ဆင်ဟွာသတင်းဌာန သတင်းထောက်၏ လက်ရှိတွင် အာရှနိုင်ငံများ၏ စီးပွားရေး အကျပ်အတည်းနှင့်   စပ်လျဉ်းသည့် မေးခွန်းကို  ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အာရှနိုင်ငံများ အထူးသဖြင့် အာဆီယံနိုင်ငံများသည် ကိုဗစ်-၁၉ ကပ် ရောဂါဘေးတွေ့ကြုံနေကြရသည့်အတွက် စီးပွားရေးအပေါ် ဆိုးကျိုးရိုက်ခတ်မှုများ ရှိပါကြောင်း၊ ဒုတိယအချက်အနေဖြင့် ရုရှား-ယူကရိန်း အရေးကိစ္စသည်လည်း ရိုက်ခတ်မှုဖြစ်ပြီး  တတိယအနေဖြင့် geopolitical issues ဖြစ်သည့် တောင်တရုတ်ပင်လယ်တွင်း အရေးကိစ္စများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ ကင်းလွတ်စပြုလာပြီဖြစ်သော်လည်း အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကို အပိုဆောင်း ရင်ဆိုင် ကြုံတွေ့နေရပါကြောင်း၊ ရုရှား-ယူကရိန်းဖြစ်ရပ်မှ တိုက်ရိုက်ရိုက်ခတ်မှု မရှိသော်လည်း ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ဈေးနှုန်းများ မြင့်တက်လာမှုသည် သွယ်ဝိုက်ရိုက်ခတ်မှုဖြစ်ပါကြောင်း၊  ကမ္ဘာအဝှမ်း အစားအသောက်ဈေးနှုန်းများ မြင့်တက်မှုတွင် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအတွက် အားသာချက်ရှိပါကြောင်း၊ မြန်မာအပါအဝင်  အာဆီယံ နိုင်ငံများအားလုံးသည်  အဆိုပါ  တွေ့ကြုံနေရမှုများမှ   ကျော်လွှားအောင်မြင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း   ပြန်လည် ဖြေကြားသည်။

ကိုဗစ်အလွန် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာစေရန်နှင့် စပ်လျဉ်း သည့်မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာ့စီးပွားရေးပြန်လည်ဦးမော့လာစေရန်  ကုစားမှုအစီအမံထားရှိပြီး စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေများ ထုတ်ပေးလျက်ရှိပါကြောင်း၊ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံနှင့် Economic Corridor Cooperation နှင့်ဆက်စပ်သည့် တည်ဆောက်ရေးလုပ်ငန်းများပြန်လည်စတင်မည် ဖြစ်သည့်အတွက် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများ ရှိပါကြောင်း၊ ဥပမာအားဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အရည်အချင်းပြည့်၀သည့် တရုတ်နိုင်ငံမှ အကူအညီများစွာ ရရှိမည်ဖြစ်ပါကြောင်း၊ မကြာမီ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းသွယ်တန်းမှု လုပ်ငန်းများ လုပ်ဆောင်တော့မည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များကို မြန်မာနိုင်ငံက တင်ပို့ပြီး တရုတ်နိုင်ငံက ဝယ်ယူတင်သွင်းနေပါကြောင်း၊ မြန်မာက လုပ်သားအင်အားရှိပြီး တရုတ်နိုင်ငံက နည်းပညာနှင့် ငွေကြေးအရင်း အနှီးရှိပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများကြောင့် နှစ်နိုင်ငံ အကျိုးကျေးဇူးများ ခံစားကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးပါကြောင်း၊ မြန်မာနှင့် အာဆီယံ နိုင်ငံများအပါအဝင် အနာဂတ် အာရှစီးပွားရေး တောင့်တင်းခိုင်မာရေးအတွက်  တရုတ်နိုင်ငံသည်   အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ပါကြောင်း၊ အာဆီယံကုန်ကြမ်းပစ္စည်းနှင့် ကုန်ချောတစ်ဖြစ်လဲ ပို့ကုန်အများစုကို တရုတ်နိုင်ငံက ဝယ်ယူနေခြင်းဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့ပြင်နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများအနေဖြင့် မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် မည်သည့်အတွက်ကြောင့် ရင်းနှီးမြှုပ်နှံသင့်ကြောင်းနှင့်စပ်လျဉ်းသည့် မေးခွန်းကို နိုင်ငံတိုင်းတွင် ရေနံသဘာဝဓာတ်ငွေ့မရှိကြောင်း၊ နေရာနည်း နည်း တွင်သာ ရေနံသဘာဝဓာတ်ငွေ့ရှိကြောင်း၊ ယင်းအထဲတွင် မြန်မာနိုင်ငံပါဝင်ကြောင်း၊ မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ်ရှိသည့် ရှားရှားပါးပါး နိုင်ငံများထဲက တစ်ခုဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံ၏    အိမ်နီးချင်း နိုင်ငံတချို့သည် အမြဲတမ်း   ရေနံနှင့် သဘာဝဓာတ်ငွေ့ လိုအပ်နေသည့်  နိုင်ငံများဖြစ်ကြောင်း၊ထို့ကြောင့်   မြန်မာ နိုင်ငံတွင်  လာရောက်ရင်းနှီးမြှုပ်နှံသူများအနေဖြင့်   မြန်မာနိုင်ငံ၏   အိမ်နီးချင်းပတ်ဝန်းကျင်နိုင်ငံများကို အေးဆေး လွယ်ကူစွာ သဘာဝဓာတ်ငွေ့ ရောင်းချနိုင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ အမြဲတမ်း ပြင်ဆင်ပြောင်းလဲ လုပ်ကိုင်ပေးနေကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံမည့် သူများအတွက် အကျိုးအမြတ်ရှိအောင် နှစ်ဦးနှစ်ဖက် အကျိုးရှိအောင်အမြဲတမ်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက် ပေးနေကြောင်း၊ အထူးသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယခုကိစ္စကို အလေးထား ဆောင်ရွက်ပေးနေ ကြောင်း၊ ထို့ကြောင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများထဲ၌ ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးနိုင်ငံဖြစ်သည်ဟု ပြောကြားလိုကြောင်း ဖြေကြားသည်။

အလားတူ အနောက်အုပ်စုနိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကြောင့် မြန်မာ့ စီးပွားရေးကဏ္ဍအပေါ် အကျိုးသက် ရောက်မှုကိုသိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ယင်းအရေးယူပိတ်ဆို့မှုများသည် အစိုးရအပေါ် သက်ရောက်မှု မရှိကြောင်း၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ အပေါ်သာသက်ရောက်မှုရှိကြောင်း၊ အမေရိကန်ဒေါ်လာကို အလွယ် တကူ သုံးစွဲမရခြင်း၊ ငွေလွှဲလုပ်မရခြင်း၊ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်း  ရှင်များ အခက်အခဲပေါ်ခြင်း၊ ယင်းအရေးယူ ပိတ်ဆို့မှုကြောင့် အချို့စက်ရုံများ ပိတ်သိမ်း သွားခြင်း၊ ထိုသို့ ပိတ်သိမ်းခြင်းကြောင့် မြန်မာနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့် အလမ်းများ   ဆုံးရှုံးရခြင်းများရှိကြောင်း၊ အစိုးရအတွက်  ဘာမျှမဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လိုသည့် ပြင်ဆင်မှုများ ကြိုတင်စဉ်းစားဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ယင်းသို့ပိတ်ဆို့သည့်အတွက် မြန်မာနိုင်ငံ အနေဖြင့်   အိမ်နီးချင်းနိုင်ငံများနှင့်     စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာကြောင်း   ဖြေကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများအတွက် အာမခံချက်ပေးရန် စီစဉ်ဆောင်ရွက်နေခြင်း ရှိ၊ မရှိ သိလို ကြောင်းမေးခွန်းကို  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်အနေဖြင့် တင်ပြလာသည့် အဆိုပြုချက်များကို အမြန်ဆုံးခွင့်ပြု ဆောင်ရွက်ပေးနေကြောင်း၊ တိုင်းပြည်အတွင်း လက်ရှိလုပ်ကိုင်နေသည့် ရင်းနှီးမြှုပ်နှံမှုများကိုလည်း လုပ်ကိုင် ဆောင်ရွက်ရာတွင် အဆင်ပြေစေရန်နှင့် ယခင်ထက် ပိုမိုလွယ်ကူစေရန် ကြိုးစားဆောင်ရွက်နေကြောင်း၊ အသစ်လာမည့် ရင်းနှီးမြှုပ်နှံမှုများအတွက်လည်း တိုင်းဒေသကြီး/ပြည်နယ်များ၊ ဝန်ကြီးဌာနများနှင့် သွားရောက်ဆက်သွယ်လုပ်ကိုင် သည့်အခါ ပိုမိုမြန်ဆန်သွက်လက်အောင် (SoP)  စံပြုလုပ်ထုံးလုပ်နည်းများ ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ယင်းလုပ်ထုံး လုပ်နည်းများအတိုင်း ဆောင်ရွက်ပါက မြန်ဆန်ချောမွေ့သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံ လိုသူများအနေဖြင့်  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို သိရှိလိုသည်များ မေးမြန်းလိုသည့်အခါ ယခင်ကကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်စရာမလိုဘဲ အွန်လိုင်းကတစ်ဆင့် မေးမြန်းနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားကြောင်း ဖြေကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် ဆက်စပ်စီမံကိန်းများအပေါ် မည်သို့ သက်ရောက်မှုရှိနိုင်သည်ကို သိလိုကြောင်းမေးခွန်းနှင့်စပ်လျဉ်း၍ တရုတ်-မြန်မာနယ်စပ်တွင် တချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်  မငြိမ်မသက်မှုများ၊ ဖျက်လိုဖျက်ဆီးမှုများလုပ်သည့်ကိစ္စရပ်များရှိကြောင်း၊  ဥပမာအနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြားတွင် ရထားလမ်းစီမံကိန်း လုပ်ဆောင်မည်ဆိုပါက နယ်စပ်ဒေသတွင် ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ဖျက်လိုဖျက်ဆီးမလုပ်မှ စီမံကိန်းလုပ်ဆောင်မှု မြန်ဆန်သွက် လက်မှုရှိမည်ဖြစ်ကြောင်း၊ ဝင်ရောက်ဖျက်လို ဖျက်ဆီးလုပ်နေပါက စီမံကိန်းလုပ်ရသည့်အပိုင်းတွင်  နှောင့်နှေးမှုများ ရှိနေမည်ဖြစ်ကြောင်း၊ တည်ငြိမ်သည့်ဒေသတွင် လုပ်ဆောင်ရသည့်စီမံကိန်းမှာ မည်သည့်အခက်အခဲမှ မရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးသည် တိုင်းပြည်အတွက်အရေးကြီးကြောင်း၊ အစိုးရအနေဖြင့်လည်း  ပြည်တွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေကြောင်း ဖြေကြားသည်။

အလားတူ မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုများအပေါ် အနောက်နိုင်ငံများက မည်သို့လုပ်ဆောင်ခဲ့ပြီး ယင်းလုပ်ဆောင်ချက်များကြောင့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအပေါ်   မည်သည့် ဆိုးကျိုးများဖြစ်စေသည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍  မိမိအမြင်ကို ပြောရလျှင် မိမိတို့တိုင်းပြည်ကို အနောက်နိုင်ငံများ ဝင်ရောက် စွက်ဖက်ခြင်းသည် တရုတ်နိုင်ငံ၏ အင်အားကြီးထွားမှုနှင့် လွှမ်းမိုးမှုကို ၎င်းတို့ကစိုးရိမ်မှုကြောင့်ဖြစ်ပြီး မိမိတို့ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင် ဖန်တီးလာခြင်းဖြစ်သည်ဟု မြင်ကြောင်း၊ မိမိတို့တိုင်းပြည်တွင် ၎င်းတို့ကြိုးကိုင် နိုင်သည့် အစိုးရ၊ လိုအပ်သလိုခြယ်လှယ်နိုင်သည့် အစိုးရတစ်ရပ်ပေါ်ထွက်လာအောင်နည်းမျိုးစုံဖြင့်  ကြိုးစားနေခြင်း ဖြစ်ကြောင်း၊ ယင်းအစိုးရမျိုး မြန်မာနိုင်ငံတွင်ဖြစ်လာလျှင် ပထဝီနိုင်ငံရေးအရ ဒေသတွင်းဟန်ချက်ကို ကစားနိုင်သည်ဟု ယူဆပြီး မြန်မာနိုင်ငံအား မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်သည်ဟု မြင်ကြောင်း၊ လတ်တလောတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေး မတည်မငြိမ်ဖြစ်သည့်အတွက်ကြောင့် ဆိုးကျိုးအနေဖြင့် ပတ်ဝန်းကျင်နိုင်ငံ များတွင် စစ်ဘေးရှောင်များ ရောက်ရှိသွားခြင်းများရှိကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများတွင်  အခက်အခဲဖြစ်ပေါ်ခြင်းများရှိကြောင်း၊ ဥပမာ ထိုင်း-မြန်မာနယ်စပ်တွင် နယ်မြေမငြိမ်မသက်မှုများဖြစ်နေကြောင်း၊ ယင်းကြောင့် အာရှလမ်းမကြီးကို အပြည့်အ၀ လုံခြုံစွာအသုံးမပြုနိုင်သည့်အတွက် ထိုင်း-မြန်မာ ပို့ကုန်/သွင်းကုန်များ ကုန်စည်စီးဆင်းမှု အခက်အခဲရှိလာပြီး အိမ်နီးချင်း ထိုင်းနိုင်ငံကိုပါ သက်ရောက်မှု ရှိကြောင်း ဖြေကြားသည်။ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဖြည့်စွက်ပြော ကြားရာတွင် မိမိတို့အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းသည့်အခါ နိုင်ငံအားလုံး၏အားကို လိုအပ်ပါ ကြောင်း၊ အထူးသဖြင့် အိမ်နီးနားချင်နိုင်ငံများ၏အားကို ပို၍လိုအပ်ပါကြောင်း၊ အနောက်နိုင်ငံများကိုလည်း ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် အပြန်အလှန်ယုံကြည်မှုများနှင့် သွားလိုပါကြောင်း၊ ပတ်ဝန်းကျင် နိုင်ငံများ အနေဖြင့် လည်း မိမိတို့နှင့်ပူးပေါင်းလိုကြပါကြောင်း၊ သို့သော်လည်း အနောက်နိုင်ငံများ၏ဖိအားများကြောင့် ကန့်သတ်မှု များ ရှိနေပါကြောင်း။

ထို့ကြောင့် ပြည်သူများနစ်နာပါကြောင်း၊ အမေရိကန်ကဲ့သို့ အင်အားကြီးသည့် နိုင်ငံအနေဖြင့် နိုင်ငံငယ်အပေါ် စစ်မှန်သော စေတနာဖြင့် ဒီမိုကရေစီနိုင်ငံတစ်ခုကို ရောက်စေလိုပါက အခြားနည်းလမ်းများဖြင့် လက်တွဲဆောင်ရွက်ရန် မျှော်လင့်ပါ ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်  နိုင်ငံအားလုံးနှင့် ချစ်ကြည်စွာသွားလိုပါကြောင်း၊ နိုင်ငံတကာကိုလည်း  လေးစားပါ ကြောင်း၊ အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အတွက် အားလုံး အပေါ်တွင် လေးစားမှုဖြင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)