ငြိမ်းချမ်းရေးရအောင်ကြိုးစားကြပါစို့

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ မေ ၉ ရက်)

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂)ကို မေ ၅ ရက်က နေပြည်တော် ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ကျွန်တော်တို့က မြန်မာနိုင်ငံနဲ့သင့်တော်တဲ့ ဖက်ဒရယ် အုပ်ချုပ်မှု စနစ်ကိုသွားတာ ပိုကောင်းလိမ့်မယ်ဆိုတာကို ဖော်ထုတ်လို့ရတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒါတွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ သေချာနားလည်အောင် ရှင်းလင်းပြပြီးလို့ရှိရင် သူတို့ဘယ်လိုဖြစ်ချင်တာလဲ၊ ကျွန်တော်တို့က ဘယ်လို၊ တိုင်းပြည်အခြေအနေက ဒီလိုရှိတယ်၊ ရှင်းလင်းကြမယ်၊ တွေ့ကြမယ်။ သူတို့ပြောတာ ကျွန်တော်နားထောင်ပါ့မယ် အကုန်လုံး၊ နားထောင်ပြီးရင်လည်း ဖြစ်သင့်ဖြစ်ထိုက်တာကို ဆန္ဒနဲ့ဘဝနဲ့ ဒီလိုပြန်ပြီးတော့ကြည့်ရမယ်။ ဒါငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး။ ဒါကြောင့် ကျွန်တော်ကမ်းလှမ်းထားတာရှိပါတယ်” ဟု ပြောကြားသည်။

ငြိမ်းချမ်းရေးသည် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး မျှော်လင့်နေသည့် ကောင်းသော အကျိုးစီးပွားဖြစ်သည်။ ငြိမ်းချမ်းရေးရရှိမှ ပြည်သူတွေ အေးအေးချမ်းချမ်းနေကြရမည်။ လူမှုစီးပွားဘဝများ လုံခြုံစိတ်ချမှုရှိမည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်း နေနိုင်ကြမည်။ အားကစားပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို စိုးရိမ်ကြောင့်ကြမှုကင်းစွာဖြင့် ကျင်းပနိုင်ကြမည်။ ထိုအခါ လူငယ်မောင် မယ်များ ကျန်းမာကြံ့ခိုင်ပြီး ပညာရေး တိုးတက်မြင့်မားလာကြပေမည်။ ကျန်းမာကြံ့ခိုင်၍ ပညာတတ်များပေါများလာမှသာ နိုင်ငံတော်သည်လည်း တိုးတက်ဖွံ့ဖြိုးမည်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် စိန်ရတုပြည်ထောင်စု အခမ်းအနားကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိကြောင်း ကမ္ဘာသို့ ထုတ်ဖော်ပြသခဲ့သည်။ တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာများကိုလည်း စိန်ရတု ပြည်ထောင်စုနေ့တွင်မြင်တွေ့လိုက်ရသည်မှာ ချမ်းမြေ့ သာယာရှိလှသည်။ ထို့အတူ ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကြီးကိုလည်း စည်ကားများပြားစွာ ခမ်းခမ်းနားနား ကျင်းပခဲ့သည်။ ထို့ပြင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ကူးပြောင်းသည့် မဟာသင်္ကြန်ကိုလည်း တစ်နိုင်ငံလုံးတွင်  ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကားကျင်းပခဲ့သည်။ ဤသည်မှာ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့၏ စည်းလုံးညီညွတ်မှု အောင်ပွဲများဖြစ်သည်။

အကြမ်းဖက် အဖျက်သမားတို့ မည်သို့ပင် နှောင့်ယှက်ဖျက်ဆီးမှုရှိနေပါစေ နိုင်ငံတော်အစိုးရ၏ မှန်ကန်သော စေတနာနှင့် လုပ်ရပ်များကြောင့် အရာရာသည်အောင်မြင်မှုလမ်းကြောင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်အတွင်း ငြိမ်းချမ်းရေး ရအောင် လုပ်ဆောင် နေခြင်းဖြစ်သည်။ ဧပြီလ ၂၂ ရက်နေ့တွင် ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုပြုခဲ့သည်။ ရှေးယခင်က ငြိမ်းချမ်းရေးတစ်ခု ဖိတ်ခေါ် လိုက်သည်နှင့် သေသေချာချာ တိတိကျကျဆုံးဖြတ်နိုင်သော ပုဂ္ဂိုလ်များမတက်ရောက်သည့်အတွက် ဘယ်သူ့ကို သတင်းပို့ရပါဦး မည်။

မည်သည့်ကော်မတီ၏ ဆုံးဖြတ်ချက်ရယူရပါဦးမည် စသည်ဖြင့် အမျိုးမျိုးသော အကြောင်းအရာများဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များမှာ အောင်မြင်မှုနှင့်ဝေးကွာခဲ့ရသည်။နိုင်ငံတော်အကြီးအကဲ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုမှာ ယခင်နှင့်မတူ တစ်မူထူးခြား လေးနက်သည့် သဘောကိုဆောင်နေပါသည်။ ငြိမ်းချမ်းရေးမရရအောင် လုပ်ဆောင်မည်ဆိုသော သန္နိဋ္ဌာန်စိတ်သည် တိုင်းပြည်နှင့် လူမျိုးအပေါ်ချစ်သော စိတ်ထားရှိကြောင်း မြင်တွေ့နိုင်သည်။ တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် ပြည်ထောင်စုကြီး တစ်ခုလုံး၏ အကျိုးစီးပွား၊ မိမိတို့တိုင်းရင်းသားဒေသများ၏ အကျိုးစီးပွားကို အမှန်တကယ် မြင်တွေ့လိုစိတ်ရှိကြမည်ဆိုပါက နိုင်ငံတော်အကြီးအကဲ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွင် ရာခိုင်နှုန်းပြည့် လိုက်ပါလုပ်ဆောင်ကြရမည်ဖြစ်သည်။ ငြိမ်းချမ်းရေး ရစေချင်လွန်းသော ဖိတ်ခေါ်မှုကို မည်သည့်အကြောင်းပြချက်နှင့်မျှ မပျက်ကွက်သင့်ပေ။

ပြည်သူတစ်ရပ်လုံးကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်အောင်မြင်မြင် ဖြစ်စေချင်နေကြပြီဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ရေးဆွဲထားသည့်အတိုင်း နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့်ညီမျှခြင်းတည်းဟူသော လောကပါလ တရားများ ပိုမိုထွန်းကားအောင် ဆောင်ရွက်ကြမည့် အချိန်အခါကောင်းသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဖွင့်လှစ်ထားသော ငြိမ်းချမ်းရေး တံခါးသို့ အားလုံးဝင်ရောက်ကာ ပြည်ထောင်စုအကျိုးစီးပွား၊ မိမိတို့တိုင်းရင်းသားဒေသများ၏ အကျိုးစီးပွားကို အမှန်တကယ် ဖော်ဆောင်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။