ယခုဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ဆန်မက်ထရစ်တန်ချိန် နှစ်သန်းတင်ပို့နိုင်ရန် ရည်မှန်းဆောင်ရွက်နေ

ရန်ကုန်  ဇွန်  ၁၂

မြန်မာနိုင်ငံမှပြည်ပသို့ တစ်လလျှင် ပျမ်းမျှဆန်တန်ချိန် နှစ်သိန်းခန့် တင်ပို့လျက်ရှိပြီး ယခုဘဏ္ဍာရေးနှစ်တွင် မက်ထရစ်တန်ချိန်နှစ်သန်း တင်ပို့နိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကာ ဖြစ်ပေါ်လာသော အခက်အခဲများကို နိုင်ငံတော်အစိုးရနှင့်အတူ မိတ်ဖက်အဖွဲ့အစည်းများဖြင့်  ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှသိရသည်။

ပြည်ပသို့တင်ပို့သော တန်းမြင့်ဆန်ဖြစ်သည့် ပေါင်းဆန်များကို ဥရောပဈေးကွက်သို့ အဓိကတင်ပို့လျက်ရှိသည်။ ထိုသို့တင်ပို့ရာ၌ နိုင်ငံခြားငွေလဲနှုန်းပေါ်တွင် သက်ရောက်မှုမရှိသော်လည်း အခြေခံကျသောဆန်တင်ပို့မှုတွင် အနည်းငယ်ထိခိုက်မှုရှိ၍ သက်ဆိုင်ရာနှင့်ညှိနှိုင်း၍  စီစဉ်ဆောင်ရွက်လျက်ရှိကာ မြန်မာ့ဆန်ကို ဥရောပ၊ တရုတ်၊ အာဆီယံနိုင်ငံအချို့နှင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ တင်ပို့လျက်ရှိသည်။

ပြည်ပတင်ပို့မှုအတွက်ဆန်ကွဲလိုအပ်ချက်ရှိပြီး   ပြည်တွင်းမွေးမြူရေးလုပ်ငန်းအတွက်  ဖွဲနု၊ ဆန်ကွဲနှင့်  ယမကာချက်လုပ်သော လုပ်ငန်းအတွက်  ဆန်ကွဲကိုဖြည့်ဆည်း ပေးလျက်ရှိသည်။ မြန်မာ့ဆန်ကွဲကို ဥရောပ နှင့်တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိပြီး  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့လျက်ရှိကာ ပြည်တွင်း လိုအပ်ချက်နှင့် ပြည်ပတင်ပို့မှု ထိန်းညှိရန် လိုအပ်လျက်ရှိသည်။

၂၀၂၁ ခုနှစ်တွင် ငွေကြေးလည်ပတ်မှု လုပ်ငန်းအခက်အခဲများရှိခဲ့ပြီး၂၀၂၂ ခုနှစ် တွင် မနှစ်ကထက်ပိုမိုကောင်းမွန်ခဲ့ကာ ပုံမှန် အခြေအနေသို့မရောက်သေးဘဲ ငွေကြေး လည်ပတ်မှုလုပ်ငန်းအနေဖြင့် ဆန်စပါးနှင့် လယ်ယာဖွံ့ဖြိုးရေးကဏ္ဍတွင် သက်ရောက်မှုရှိခဲ့ရာ မိုးစပါးမပေါ်မီ ဇူလိုင်နှင့် သြဂုတ် နှစ်လတာကာလတွင်  ဆန်နှင့်  ဆန်ကွဲ တည်ငြိမ်သော ဈေးကွက်တစ်ခုဖြစ်ပေါ်ရန် ကုန်စည်ဒိုင်များ ကုန်စည်စီးဆင်းမှု၊ ဆန်ပို ဒေသနှင့် ဆန်လိုဒေသချိန်ညှိဆောင်ရွက်မှုနှင့် နယ်ဒေသတို့တွင် ဆန်စပါးလက်ကျန် အခြေအနေတို့ကို  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဆန်စပါးရောင်းဝယ်သူများ ညှိနှိုင်း၍ အကောင်းဆုံး ဆောင်ရွက်ထားကြောင်း၊ မြေသြဇာဈေးနှုန်းကြီးမြင့်မှု၊ သယ်ယူ စရိတ်ကြီးမြင့်မှုနှင့် ဆန်စက်များလည်ပတ်မှု ကျဆင်းမှုကြောင့် ပြည်တွင်းဆန်ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့မှုဖြင့် အခြေခံစားသုံး သည့် ဆန်တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀ ခန့်နှင့် ဆန်ကွဲနှင့်ကောက်ညှင်းဆန်ဈေးနှုန်း မြင့်တက်ခဲ့သော်လည်း မိုးရာသီနှစ်လတာ တွင် ဆန်ဈေးကွက်တည်ငြိမ်မှုအတွက် ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။

ဆန်နှင့်ဆန်ကွဲကို    ပြည်ပပို့ကုန်နှင့် ပြည်တွင်းစားသုံးမှုဖူလုံရန်နှင့်  ဈေးနှုန်း တည်ငြိမ်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်း အနေဖြင့် ဆောင်ရွက်လျက်ရှိပြီး ပြည်ပသို့ လစဉ်ဆန်တန်ချိန်  နှစ်သိန်းတင်ပို့လျက်ရှိ ကြောင်း သိရသည်။              

လင်းခန့်