စစ်တွေ ဇွန် ၁၃
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ မွန်းလွဲ ၂ နာရီတွင် စစ်တွေမြို့ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဆိပ်ကမ်းဝင်းအတွင်းရှိ ရှင်းလင်းဆောင်၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် တက်ရောက်လာကြသော ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့ဌာနနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက တင်ပြချက်များနှင့် စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးဖြေကြားပြီး ဝန်ထမ်းများနှင့် မိသားစုဝင် များ ကျန်းမာရေး အထူးဂရုပြုကြရန်၊ ဝန်ထမ်းများအနေဖြင့် မူဝါဒနှင့်လုပ်ထုံးလုပ်နည်းများကို အလေးထားလိုက်နာကြရန်၊ ဌာနအကြီးအကဲများအနေဖြင့် ဝန်ထမ်းများ သက်သာချောင်ချိရေးကိစ္စရပ်များကို ဆောင်ရွက်ပေးသွားကြရန်နှင့် မိမိတို့ဌာန၏ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စစ်တွေဆိပ်ကမ်းအမှတ်(၁) ဖောင်တော်ကြီးတံတားသို့ သွားရောက်ကြည့်ရှုပြီး တံတားကြံ့ခိုင်မှု၊ ရေယာဉ်များ ဆိုက်ကပ်မှုအခြေအနေတို့နှင့် ပတ်သက်၍ ကြည့်ရှုစစ်ဆေးပြီး ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူ ပို့ဆောင်ရေးစီမံကိန်း စစ်တွေ-ကုလားတန်ဆိပ်ခံတံတားသို့ သွားရောက်ကြည့်ရှုကာ သောင်တူးဖော်မှုအခြေအနေနှင့် တံတား ဖွင့်လှစ် လုပ်ငန်းလည်ပတ်နိုင်မည့် အခြေအနေတို့ကို မေးမြန်းပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)