မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် အသက် ၇၅ နှစ်ပြည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ဇွန် ၁၃ ရက် နံနက်ပိုင်းတွင် မြို့နယ်စစ်မှုထမ်းဟောင်းရုံး အစည်းအဝေးခန်းမ၌် ကျင်းပသည်။
ရှေးဦးစွာ မိတ္ထီလာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးသန်းနိုင်(ငြိမ်း)က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ သားသမီးများ၏ ပညာရေး၊ ကျန်းမာရေးများအား စောင့်ရှောက်ထောက်ပံ့ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၂ ခုနှစ်အတွင်း အသက် ၇၅ နှစ် ပြည့်မြောက်ခဲ့သူအဖွဲ့ဝင် ၄၁ ဦးအား မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ချုပ်မှ ထောက်ပံ့သည့် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ ၊ မန္တလေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ (စည်ပင်ပြင်ပ)မှ ထောက်ပံ့သည့် တစ်ဦးလျှင်ငွေကျပ် ၂၅၀၀၀ ၊ မိတ္ထီလာ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ ထောက်ပံ့သည့် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ တို့အား မိတ္ထီလာ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ ဥက္ကဋ္ဌဗိုလ်မှူးကြီး သန်းနိုင်(ငြိမ်း)နှင့် ဒုတိယဥက္ကဋ္ဌ ဗိုလ်ကြီးနန္ဒကျော်သူ (ငြိမ်း)တို့က ပေးအပ်သည်။
အဆိုပါ အခမ်းအနားသို့ မိတ္ထီလာမြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးသန်းနိုင်(ငြိမ်း)၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ကြီးနန္ဒကျော်သူ (ငြိမ်း)နှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။