မွန်ပြည်နယ်ငါးလုပ်ငန်းစခန်းသို့ စိုက်ပျိုးရေးသိပ္ပံ(သထုံ)မှ ကျောင်းသား ကျောင်းသူများ လာရောက်လေ့လာ

သထုံ၊ လူမှုရေး

မွန်ပြည်နယ် သထုံမြို့ရှိ ပြည်နယ်ငါးလုပ်ငန်းစခန်း၌ ငါးမွေးမြူခြင်းနှင့် ငါးသားပေါက်ထုတ်လုပ်ခြင်း လုပ်ငန်းတို့ကို ဇွန် ၂၂ ရက်တွင်  စိုက်ပျိုးရေးသိပ္ပံ(သထုံ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့ထွေးဦးဆောင်သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည် လေ့လာရေးခရီးအဖြစ် လာရောက်ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ထိုသို့လာရောက်လေ့လာရာတွင် မွန်ပြည်နယ်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးဝင်းဗိုလ်က ငါးလုပ်ငန်းစခန်း၏တည်နေရာ၊ စခန်း၌ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် ငါးအမျိုးအစားများ၊ ယခုနှစ်ထုတ်လုပ်ရန်လျာထားမှုနှင့် ငါးမျိုးစိုက်ထည့်ပေးမှု၊ ငါးလုပ်ငန်းစခန်း၌ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး ကျင်းစင်ဆောင်ရွက်ထားရှိမှု၊ ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူထားရှိမှုနှင့် ငါးလုပ်ငန်း သင်တန်းကျောင်း ဖွင့်လှစ်ဆောင်ရွက်မှုတို့ကို ရှင်းလင်းပြောကြားပြီး ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးမင်းမင်းက ရေသယံဇာတ ထိန်းသိမ်းခြင်းဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးပြောကြားသည်။

ယင်းနောက် ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနဦးစီးမှူးနှင့် ပြည်နယ်ငါးလုပ်ငန်းစခန်းမှ တာဝန်ရှိသူတို့က ငါးဆေးထိုးသားဖောက်ခြင်း၊ မျိုးငါးကြီးများ ပြုစုစောင့်ရှောက်ခြင်း၊ ငါးသားဖောက်ရုံနှင့် ငါးမှုန်ငါးသန်ပြုစုထုတ်လုပ်ခြင်းစသည်တို့ကို လက်တွေ့လိုက်လံပြသရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၀ ကျော်တို့က စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြပြီး သိရှိလို သည်များကို မေးမြန်းကြကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)