နေပြည်တော် ဇွန် ၂၃
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ကော်မရှင်နှင့်ဝန်ထမ်းများ တွေ့ဆုံပွဲ၊ ထောက်ပံ့ငွေများ လှူဒါန်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
ဦးစွာ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦးက ကော်မရှင်ရုံးမှ ဝန်ထမ်းနှစ်ဦး၏ မိဘနေအိမ်များ အကြမ်းဖက်များကြောင့် မီးလောင်ဆုံးရှုံး ခဲ့သည့်အတွက် ထောက်ပံ့ လှူဒါန်းငွေပေးအပ်ခြင်းနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဝန်ထမ်းမိသားစုသား၊ သမီးများ ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်သည့် အခမ်းအနားဖြစ်ကြောင်း၊၊
အကြမ်းဖက်များကြောင့် ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ရှိ ဝန်ထမ်းနှစ်ဦး၏ မိဘနေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးမှုအပေါ် ကော်မရှင်အနေဖြင့် စုပေါင်းစာနာစိတ်၊ ကိုယ်ချင်းစာစိတ်၊ မျှဝေလိုစိတ်၊ မိသားစုစိတ်နှင့် ထောက်ပံ့ငွေ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကော်မရှင်ရုံးရှိ ဦးစီးဌာနများ၊ ဌာနခွဲများ အနေဖြင့် ဌာနတာဝန်ခံများမှ စီမံအုပ်ချုပ်ရာ၌လည်း ကော်မရှင်၏ ခံယူချက်၊ လုပ်ဆောင်ချက် များကို စံနမူနာယူ၍ အထက်အောက်ဆက်ဆံရာတွင် စိတ်ကောင်းစေတနာကောင်း အကျင့်ကောင်းဖြင့် စီမံအုပ်ချုပ်ရန် အရေးကြီးကြောင်း၊ မိမိအဆင့်နှင့် လျော်ညီသည့် တာဝန်ရှိမှု၊ တာဝန်ခံမှုနှင့် အညီ မလုပ်ခြင်းသည် အပြစ်ရှိကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင်ဖြစ်စေ၊ စီမံအုပ်ချုပ်ရာတွင်ဖြစ်စေ မေတ္တာ စေတနာထား၍ အကျိုးရှိစွာ စတာဝန်ကိုအလေးထား ဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ကော်မရှင်ရုံးအဖွဲ့မှူး ဦးကျော်စိုးက ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများအလိုက် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ခဲ့မှုများနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် လစဉ်စောင့်ရှောက်ထောက်ပံ့ ကူညီမှုအစီအစဉ် အရ ဇွန်လအတွက် ထောက်ပံ့ငွေကျပ်သိန်း ၂၀ ကို ဝန်ထမ်းရေးရာ စည်းကမ်းထိန်းသိမ်းရေးနှင့် လုံခြုံရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင်ထံသို့ လည်းကောင်း၊ ကော်မရှင်အတွင်းရေးမှူးက အကြမ်းဖက်များကြောင့် မိဘနေအိမ် မီးလောင်ဆုံးရှုံးခဲ့သည့် ကော်မရှင်ရုံး ဝန်ထမ်းနှစ်ဦး၏ မိသားစုများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်၂၂ သိန်းနှုန်း ဖြင့် စုစုပေါင်းထောက်ပံ့ လှူဒါန်းငွေကျပ် ၄၄ သိန်းကိုလည်းကောင်း ပေးအပ်သည်။
ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ရိုးရိုးအောင်မြင်ခဲ့သူ သုံးဦး၊ ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ သုံးဦးနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ရိုးရိုးအောင်မြင်ခဲ့သူ ၁၀ ဦး၊ ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ ငါးဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၁ ဦးတို့ကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ရာ ရိုးရိုးအောင်မြင်သူတစ်ဦးလျှင် ချီးမြှင့်ငွေကျပ် ငါးသောင်းနှင့် ဂုဏ်ထူးရသူများအတွက် တစ်ဘာသာလျှင် ငွေကျပ်ငါးသောင်းဖြင့် စုစုပေါင်းငွေကျပ် ၂၁ သိန်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။