ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲကြီးကို ကျင်းပပြုလုပ်ပေးခြင်းဖြင့် အနုပညာရှင်များ၏ စားဝတ်နေရေးကို အထောက်အကူပြုနိုင်မည် ဖြစ်သကဲ့သို့ အနုပညာရှင်များအနေဖြင့် မိမိတို့၏အနုပညာ အလုပ်များကိုလည်း ပြန်လည်စတင်လှုပ်ရှားဆောင်ရွက်နိုင်ကြမည်

ရန်ကုန်   ဇွန်  ၂၃

ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲ ကျင်းပရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပရာ  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေးသည်။

ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲကို အနုပညာ ရှင်များ၏ အကြံပြုချက်အရ စီစဉ်ဆောင်ရွက်ပေးလိုကြောင်း၊ ကျင်းပမည့် အဓိက ရည်ရွယ်ချက်မှာ ပြိုလဲလုနီးပါး ဖြစ်နေသည့် အနုပညာလောကကို ပြန်လည်  အသက်ဝင်လှုပ်ရှား လာနိုင်စေရေးအတွက်    ဆောင်ရွက်ပေးလိုခြင်း ဖြစ်ကြောင်း။

 ယနေ့အချိန်တွင် အနုပညာလောကသားများအား မသမာသူအဖျက်သမားများက ခြိမ်းခြောက်မှုများ ရှိလာသည့်အတွက် တချို့သော အနုပညာရှင်များမှာ မိမိတို့၏ အနုပညာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရန် အခက်အခဲများ ရှိနေကြကြောင်း၊  အဆိုပါ အခက်အခဲများကြားမှ  အနုပညာသမားများကို  လုပ်ငန်းများ ပြန်လည်လုပ်ကိုင် ဆောင်ရွက်နိုင်ရန် နည်းလမ်းများ ရှာဖွေဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုအခါ စားဝတ်နေရေး အခက်အခဲရှိသည့် အနုပညာရှင်များ    ရှိနေသည့်အတွက် ၎င်းတို့၏ လုပ်ငန်းများကို ပြန်လည်လုပ်ကိုင် ဆောင်ရွက်ခွင့်ရရှိအောင်    နည်းလမ်းပေါင်းစုံဖြင့် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း။

 ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲကြီးကို ကျင်းပပေးခြင်းဖြင့် အနုပညာရှင်များ၏ စားဝတ်နေရေးကို အထောက်အကူပြုနိုင်မည် ဖြစ်သကဲ့သို့ အနုပညာရှင် များအနေဖြင့် မိမိတို့၏  အနုပညာအလုပ်များကိုလည်း ပြန်လည်စတင်လှုပ်ရှား ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် လက်တွေ့ကျပြီး   ဖြစ်သင့်ဖြစ်ထိုက်သော  နည်းလမ်းများကိုသာ ဆွေးနွေးဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့ ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် အဆိုပါ ပဒေသာကပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို  ကူညီပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။

 ထို့ကြောင့် ယခုကျင်းပမည့် ပဒေသာကပွဲကြီးတွင် ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ် အသီးသီးမှ အနုပညာရှင်များအားလုံးက မိမိတို့ အနုပညာလောကအကျိုးအတွက် မှန်ကန်သည့် အသိစိတ်ဓာတ်ဖြင့် အားလုံးပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံလို ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)အတွင်းရေးမှူး ဦးမြင့်အောင်၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး အတွင်းရေးမှူး ဦးနေဝင်းနှင့် အနုပညာရှင်ကြီးများက ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍  ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးပြောကြားသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးတို့မှ နာယကများ၊ ဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်တို့မှ အနုပညာရှင်၊ အတတ်ပညာရှင်များနှင့်    ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။