ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာသစ် ၃ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၀၈ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဇွန်  ၂၆

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား  ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၂၅-၆-၂၀၂၂ ရက် ည ၈ နာရီမှ ၂၆-၆-၂၀၂၂ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၃၆၁၀ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်  ၃ ဦး တွေ့ရှိရသည်။

ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ သုည ဒသမ ၀၈ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈၃၅၀၆၀၈ ခုအား စစ်ဆေးခဲ့ပြီး   ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၆၁၃၅၅၆ ဦးရှိပြီ ဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာများအား  နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ နှစ်ဦးရှိသဖြင့်  ယနေ့အထိ   ပြန်လည်ကောင်းမွန်လာသူစုစုပေါင်း ၅၉၂၅၃၀ ဦး ရှိပြီဖြစ်သည်။ ယနေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြင့်  သေဆုံးသူ မရှိသဖြင့်  ယနေ့အထိ  သေဆုံးသူစုစုပေါင်း  ၁၉၄၃၄ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၂၅-၆-၂၀၂၂ ရက်အထိ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစုစုပေါင်း ၂၉၈၄၇၆၅၁ ဦးနှင့် အသက် ၁၈ နှစ်အောက် လူဦးရေစုစုပေါင်း ၅၃၅၉၉၉၁ ဦးတို့အား  ထိုးနှံထားရှိပြီးဖြစ်ကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။