နေပြည်တော်၊ စိုက်ပျိုးရေး
ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိမြို့နယ် ပုဇွန်ဆိပ်ရွာရှိ တောင်သူဦးဝင်းကို၏ လယ်ယာမြေတစ်ဧက၌ ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အထိမ်းအမှတ်အဖြစ် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုဗ္ဗသီရိမြို့နယ် မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမြင့်သိန်းနှင့် ဝန်ထမ်းများ၊ အခြေခံတိရစ္ဆာန် ကျန်းမာရေးလုပ်သားများနှင့် ကျေးရွာပြည်သူများက တက်ရောက်ပါဝင်စိုက်ပျိုးပေးကြသည်။
ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမြင့်သိန်းက ဒေသခံတောင်သူများ အား နွေရာသီ အစာရှားပါးသည့် အချိန်တွင် ကျွဲ၊ နွား၊ တိရစ္ဆာန်များ အစာအာဟာရလုံလောက်စေရန်၊ လွှတ်ကျောင်းစရာမလိုဘဲ ခြံလှောင်မွေးမြူပြီး ရိတ်ကျွေးနိုင်စေရန်၊ အစာအတွက် ကုန်ကျစရိတ်သက်သာပြီး မွေးမြူထုတ်လုပ်မှု တန်ဖိုးမြင့်မားလာကာ အမြတ် အစွန်းပိုမိုရရှိနိုင်ကြောင်း၊ ပိုလျှံသောမြက်များကိုအစာချဉ်ဖတ်ပြုလုပ်၍ အစာရှားပါးချိန်တွင် ကျွေးမွေးနိုင်ကြောင်း၊ ကုန်ကျ စရိတ် လျှော့ချနိုင်ခြင်းကြောင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်ရည်ရွယ်၍ ယခုကဲ့သို့ စိုက်ပျိုးရခြင်းဖြစ်ကြောင်း ပညာပေး ဆွေးနွေးကြောင်း သိရသည်။
တင်ဆန်းဦး(ပြန်/ဆက်)