အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ဧကာဒသမ အစည်းအဝေး ဒုတိယနေ့ ကျင်းပ

အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ဧကာဒသမ အစည်းအဝေး ဒုတိယနေ့ ကျင်းပ

ရန်ကုန်  ဇူလိုင်  ၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ (၄၇)ပါးစုံညီ ဧကာဒသမ အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု  အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေး ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးများ တက်ရောက် ကြည်ညိုကြသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက ဆောင်ရွက်တော်မူပြီး   အခမ်းအနားမှူး အဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာ ဘိဝံသက ဆောင်ရွက်တော်မူသည်။

အစည်းအဝေးတွင် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့  ဒုတိယအဖွဲ့ခွဲ၏ တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်များ အနက် ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်အပေါ် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဝိဒက လည်းကောင်း၊  သာသနာရေး ဆောင်ရွက်ချက်များအပေါ် သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တစန္ဒက လည်းကောင်း၊ ပညာရေး  ဆောင်ရွက်ချက်များ အပေါ် အဂ္ဂမဟာပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ   ဘဒ္ဒန္တပညာသီဟာ ဘိဝံသက လည်းကောင်း ဝေဖန် ဆွေးနွေးတော်မူကြသည်။

ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယအဖွဲ့ခွဲ၏ စတုတ္ထအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာအပေါ် ဝေဖန်ဆွေးနွေး ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်များ အပေါ် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသက လည်းကောင်း၊ သာသနာရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥတ္တရက လည်းကောင်း၊ ပညာရေးရာ ဆောင်ရွက်ချက်များ အပေါ် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအာစာရက လည်းကောင်း ပြန်ကြား လျှောက်ထား တော်မူကြသည်။

ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယအဖွဲ့ခွဲ၏ စတုတ္ထအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာကို တွဲဖက် အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာ လင်္ကာရာ ဘိဝံသက အတည်ပြုချက်ရယူသည်။

ထို့နောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်များ အားလုံးက ဇယန္တော ဗောဓိယာမူလေ အစချီသော နှစ်ဂါထာကို သုံးကြိမ်ရွတ်ဆိုတော်မူပြီး သာဓုသုံးကြိမ် ခေါ်ဆိုကာ အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဧကာဒသမ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား အလှူရှင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဝေဠုဝန် (ရွှေကျင်) ကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတ ဦးဆောင်သော တပည့်ဒါယကာ၊ ဒါယိကာမ ဓမ္မမိတ်ဆွေများက တေတ္တိံသတိမ(၃၃)ကြိမ်မြောက် တစ်နေ့တာ ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့အတူ ကြွရောက်တော် မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား ရွှေသံလွင်ကုမ္ပဏီနာယက အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါက်တာဒေါ်နီနီ (ရွှေသံလွင်ကုမ္ပဏီမိသားစု)က နဝကမ္မအလှူတော် ငွေကျပ်နှစ်သိန်းစီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။