ဟိုပုံး၊ ဒေသဖွံ့ဖြိုးရေး
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်တွင် မြို့သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ်စည်ပင် သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်နှင့် တာဝန်ရှိသူများက ဇူလိုင် ၅ ရက်တွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟိုပုံးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်နှင့် တာဝန်ရှိသူ များက ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၆ ဒသမ ၁၃ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် မြို့ဦးကွက်သစ် ရေနဂါးလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို စစ်ဆေးပြီး လုပ်ငန်းများကိုစံချိန်စံညွှန်းအတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
“ဟိုပုံးမြို့တွင်း လမ်းတွေကို မြို့အင်္ဂါရပ်နဲ့ညီညွတ်စေဖို့အတွက် ကတ္တရာခင်းပေးနေတာ ဒေသခံတွေလမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့စေဖို့အတွက်လည်း ဖြစ်ပါတယ်။ ရာသီမရွေးသွားလာ အသုံးပြုနိုင်မှာဖြစ်လို့ ဒေသခံတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုစေမှာပါလုပ်ငန်းတွေကို သတ်မှတ်ကာလအတွင်းမှာ အချိန်မီပြီးစီးစေဖို့ ကွင်းဆင်းစစ်ဆေး ကြပ်မတ်နေပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်က ပြောသည်။
ဟိုပုံးမြို့၌ ဆောင်ရွက်လျက်ရှိသော မြို့ဦးကွက်သစ် ရေနဂါးလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းသည် အရှည်ပေ ၆၀၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မဖြစ်ကြောင်း၊ ဇွန်၂၀ ရက်တွင် လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြာင်း ဟိုပုံးမြို့နယ်စည်ပင် သာယာရေး ဌာနမှ သိရသည်။
ကျော်ဇောဦး(မောရှမ်းမြေ)