ရှန်ဟိုင်းမြို့၌ အိုမီခရွန်မျိုးကွဲအသစ် BA.5.2.1 ကို တွေ့ရှိ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများအနက် အိုမီခရွန်မျိုးကွဲအသစ်ဖြစ်သည့် BA.5.2.1 ကူးစက် ခံရသူတစ်ဦးကိုတွေ့ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၀ ရက်တွင် အတည်ပြုထုတ်ပြန်သည်။

အဆိုပါ မျိုးကွဲအသစ်ကူးစက်ခံရသူကို ဘဏ္ဍာရေးအချက်အချာနေရာတစ်ခုဖြစ်သည့် ပူဒုံခရိုင်မှဖြစ်ပြီး ဇူလိုင် ၈ ရက်တွင် တွေ့ရှိခြင်းဖြစ်ကြောင်းနှင့် ရောဂါကူးစက်ခံရသူသည် ပြည်ပမှပြန်လာသူတစ်ဦးနှင့် ဆက်စပ်နေသူ ဖြစ်ကြောင်း ရှန်ဟိုင်းမြို့ ကျန်းမာရေးကော်မရှင်  ဒုတိယညွှန်ကြားရေးမှူး ကျောင်ဒန်ဒန်းက ပြောသည်။

ရှန်ဟိုင်းမြို့သည် နှစ်လကြာ လော့ဒေါင်းချခံရမှုမှ လွတ်မြောက်လာသည်မှာ တစ်လမျှသာ ရှိသေးသော်လည်း ယခုအချိန်အထိ တင်းကျပ်သော ကန့်သတ်ချက်များ ဆက်လက် ချမှတ်ခံထားရသည့်မြို့ ဖြစ်သည်။

အဆိုပါကန့်သတ်ချက်များတွင် ရောဂါကူးစက်မှုတွေ့ရှိသည့်  အဆောက်အအုံ သို့မဟုတ် ပရိဝုဏ်တစ်ခုလုံးကို လော့ဒေါင်းချမှုလည်း ပါဝင်သည်။

ရှန်ဟိုင်းမြို့အနေဖြင့် မကြာသေးမီကစ၍ ဒေသတွင်းကိုဗစ်-၁၉ ကူးစက်မှုကို ဆက်လက်ရင်ဆိုင်လာရပြီး ရောဂါပိုးကူးစက်ပျံ့နှံ့နိုင်စွမ်းသည်လည်း   မြင့်မားနိုင်ဆဲဖြစ်ကြောင်း ကျောင်ဒန်ဒန်းက ဆက်ပြောသည်။

ထို့ပြင် တာဝန်ရှိသူများအနေဖြင့် ဖြစ်လာနိုင်သော ကူးစက်မှုများကို ကောင်းစွာထိန်းချုပ်နိုင်စေရေးအတွက် ရှန်ဟိုင်းဒေသခံများသည် ဇူလိုင် ၁၂ ရက်မှ ၁၄ ရက်အတွင်း ရောဂါပိုးစစ်ဆေးမှုကို နှစ်ကြိမ်ခံယူရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး၏ မျိုးကွဲဖြစ်သော BA.5 သည် ပြည်ပနိုင်ငံများ၌ လတ်တလော ကိုဗစ်-၁၉ ရောဂါကူးစက်မှုများဖြစ်ပွားရာအကြောင်းရင်းခံဖြစ်နေပြီး တရုတ်နိုင်ငံ၌ မေ ၁၃ ရက်တွင် စတင်တွေ့ရှိခြင်းဖြစ်သည်။

အဆိုပါ BA.5 မျိုးကွဲသည် ရောဂါကူးစက်ပျံ့နှံ့မှုနှုန်းလွန်စွာ မြင့်မားပြီး ကိုယ်ခံအားစနစ်ကို ရှောင်ရှား နိုင်စွမ်းလည်း တိုးတက်လာကြောင်း   ရှန်ဟိုင်းမြို့ ကျန်းမာရေး ကျွမ်းကျင်ပညာရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ယွမ်ကျန်ဂန်းက ဇူလိုင် ၁၀ ရက်တွင် သတင်းထောက်များကိုပြောထားသည်။

သို့သော်ကာကွယ်ဆေးများသည် အလုပ်ဖြစ်ဆဲဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးထားပါက BA.5 ကြောင့်ဖြစ်သည့် အပြင်းအထန်ဖျားနာမှု သို့မဟုတ် သေဆုံးမှုတို့ကို ကာကွယ်နိုင်စွမ်းရှိကြောင်း ၎င်းက ပြောသည်ဟုသိရသည်။

Ref: CNA