အခုဆိုရင် အာရှဒေသတစ်ဝန်းနဲ့ ကမ္ဘာ့နိုင်ငံအများအပြားမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုက ပြန်လည်မြင့်တက် လာနေတာကို တွေ့ရပါတယ်။
အဓိကကတော့ အိုမီခရွန်ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါပိုးက ရောဂါကူးစက်မှုအရင်ကထက် ပြင်းထန်တဲ့ နောက်ထပ် ဗီဇကွဲရောဂါပိုးတွေကို ထပ်မံပေါ်ထွက်လာစေခြင်းကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့လည်း လက်ရှိအခြေအနေဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို အလူးအလဲခံစားရတဲ့ လွန်ခဲ့တဲ့ နှစ်နှစ်တာ ကာလနဲ့ မတူတော့ပါဘူး။
ဒါ့အပြင် ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်မှာ လုပ်ခဲ့သလို ကာလရှည်ကြာလော့ဒေါင်းချမှတ်မှုတွေ၊ နယ်စပ်တွေကို ပိတ်ဆို့ထား မှုတွေလုပ်ဖို့လောက် အထိလည်း မလိုအပ်တော့ပါဘူး။
လွန်ခဲ့တဲ့နှစ်နှစ်ကဆိုရင် ကျွန်တော်တို့မှာ ကိုယ်ခံအားကမရှိ၊ ကာကွယ်ဆေးကမရှိနဲ့ ကိုဗစ်ကပ်ရောဂါကို တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ခံစားခဲ့ရတာပါ။
ဒီနှစ်မှာတော့ အခြေအနေတွေက လုံးဝခြားနားသွားခဲ့ပါပြီ။ အာရှဒေသမှာရှိတဲ့ အစိုးရအသီးသီးဟာဆိုရင်လည်း တင်းကျပ်တဲ့ ကျန်းမာရေးကန့်သတ်ချက်တွေ ချမှတ်မှုအစား ကာကွယ်ဆေးကို ဖောဖောသီသီ ထိုးပေးမှုနဲ့ ဆေးရုံတွေကို အနီးကပ်စောင့်ကြည့်ပြီး လိုအပ်တာတွေကို ဖြည့်တင်းမှုတွေ လုပ်ဆောင်လာကြပါတယ်။
ကျန်တဲ့ကမ္ဘာ့နိုင်ငံ အများအပြားမှာလည်း ကူးစက်ပျံ့နှံ့မှုပြင်းထန်မြန်ဆန်တဲ့ အိုမီခရွန်ရဲ့ BA.4 နဲ့ BA.5 ဗီဇကွဲရောဂါပိုးတွေကြောင့် ရောဂါဖြစ်ပွားသူ အရေအတွက် မြင့်တက်လာလင့် ကစားနောက်ကြောင်းပြန် လုပ်ဆောင်မှုမျိုးတွေကို မတွေ့ရပါဘူး။
အမေရိကန်နိုင်ငံဆိုရင် သူ့ရဲ့ပြည်သူတွေကို ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးပေးဖို့ ကြိုးပမ်းနေသလို ဥရောပနိုင်ငံ တချို့ကလည်း နှာခေါင်းစည်းမတပ်မနေရဆိုတဲ့ စည်းကမ်းသတ်မှတ်နိုင်ခြေကလွဲလို့ အဲဒီထက်ပိုတဲ့ တင်းကျပ်မှုတွေ ချမှတ်မယ့် အနေအထား မရှိပါဘူး။
နောက်တစ်နည်း ပြောရမယ်ဆိုရင် အခုလို ကိုဗစ်-၁၉ရောဂါ နောက်တစ်ကျော့ ပြန်လည်ဖြစ်ပွားမှုဟာ အာရှဒေသရှိ နိုင်ငံအများအပြားကို ကိုဗစ်-၁၉ ရောဂါနဲ့အတူယှဉ်တွဲနေထိုင်နိုင်အောင် အကောင်းဆုံး သင်ကြားပေးတာလို့ဆိုနိုင်ပါတယ်။
ဒီအတွက်ကြောင့် ဇွန်လကစလို့ BA.4 နဲ့ BA.5 ဗီဇကွဲ ရောဂါပိုး ကူးစက်ပျံ့နှံ့မှု မြင့်တက်လာပေမယ့်လည်း အာရှဒေသ တစ်ဝန်းရှိအစိုးရအများအပြားက အရင်နှစ်တွေနဲ့ မတူတဲ့ နည်းလမ်းတွေနဲ့ ကပ်ရောဂါအပေါ် ချဉ်းကပ်လုပ်ဆောင် လာတာကိုလည်း တွေ့ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံဆိုရင် ဇွန် ၂၈ ရက်အထိ သီတင်းပတ်လေးပတ်တာ ကာလအတွင်း ကိုဗစ်ရောဂါဖြစ်ပွားသူ အရေအတွက် ခြောက်ဆကျော်အထိ မြင့်တက်ပြီး တစ်ရက်ကိုရောဂါဖြစ်ပွားသူ ၁၈၇၆ ဦးအထိရှိလာတာကို တွေ့ရပါတယ်။ ဒါဟာကမ္ဘာပေါ်မှာအဲဒီကာလအတွင်း ကိုဗစ်ရောဂါဖြစ်ပွားသူ အမြင့်ဆုံး ပမာဏပါ။
ထိုင်းနိုင်ငံဆိုရင်လည်း ဧပြီလကစလို့ ကိုဗစ်ရောဂါ ဖြစ်ပွားသူအရေအတွက် လျော့ကျလာခဲ့ပေမယ့် အခုအချိန်မှာ တစ်ရက်ကိုရောဂါဖြစ်ပွားသူ အယောက် ၂၀၀၀ အထိ ရှိနေပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာတော့ ဇူလိုင် ၃ ရက်အထိ သီတင်းပတ်တစ်ပတ်အတွင်း ရောဂါဖြစ်ပွားသူ ၇၃၀၀ ကျော်ရှိတဲ့အတွက် ရောဂါဖြစ်ပွားသူ ၆၀ ရာခိုင်နှုန်းမြင့်တက်လာတာကို တွေ့ရပါတယ်။
ဒါပေမဲ့ ကိုယ့်အိမ်မှာကိုယ်ရောဂါပိုး စစ်ဆေးသူတွေရှိတဲ့အတွက် ထိုင်းနိုင်ငံမှာရော ဖိလစ်ပိုင်နိုင်ငံမှာပါ ရောဂါဖြစ်ပွားသူ အရေအတွက်ဟာ အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်ထက် ပိုများနိုင်ပါတယ်။
အိန္ဒိယနိုင်ငံကတော့ ရောဂါဖြစ်ပွားသူအရေအတွက်သာမက ရောဂါကြောင့်သေဆုံးသူ အရေအတွက်လည်း အမြင့်ဆုံး ဖြစ်နေပါတယ်။ ဇူလိုင် ၃ ရက်အထိ သီတင်းပတ်တစ်ပတ်အတွင်း ရောဂါဖြစ်ပွားသူ ၂၁ ရာခိုင်နှုန်းမြင့်တက်ကာ ၁၁၂၄၅၆ ဦးနဲ့ သေဆုံးသူအယောက် ၂၀၀ အထိရှိတာကိုလည်း တွေ့ရပါတယ်။
တောင်ကိုရီးယားနိုင်ငံဆိုရင် ကိုဗစ်-၁၉ ရောဂါနောက်တစ်ကျော့ဖြစ်ပွားမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အကုန်အထိ လေးရက်တာကာလအတွင်း နေ့စဉ်ရောဂါဖြစ်ပွားသူ အရေအတွက်က ၁၈၀၀၀ အထက်မှာသာရှိတာကြောင့် ယခင်သီတင်းပတ်ကထက် ရောဂါဖြစ်ပွားသူ နှစ်ဆမြင့်တက်လာတာကို တွေ့ရပါတယ်။
အလားတူ ဂျပန်နိုင်ငံဆိုရင်လည်း စီရင်စု ၄၇ ခုစလုံးမှာ ရောဂါကူးစက်မှုမရှိတဲ့ စီရင်စုရယ်လို့ မရှိတော့တာကြောင့် နိုင်ငံအနေနဲ့ သတ္တမအကျော့ ကိုဗစ်ကူးစက်မှု ခံနေရပြီလို့ ကြေညာရလုနီးပါး ဖြစ်နေပါတယ်။
ဒါပေမဲ့ အဲဒီနိုင်ငံတွေအားလုံးမှာ ဘယ်နိုင်ငံကမှ အရင်လို တင်းကျပ်တဲ့ လော့ဒေါင်းတွေချမှတ်ပြီး ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်မယ်ဆိုပြီး စီစဉ်ထားတာမရှိပါဘူး။
အင်ဒိုနီးရှားဆိုရင် ကုန်တိုက်တွေ၊ ကုမ္ပဏီတွေမှာ လူဝင်ရောက်မှုတွေကို လျှော့ချမယ်။ ကာကွယ်ဆေး နှစ်ကြိမ်သာ ထိုးရသေးတဲ့ ခရီးသွားတွေကို ရောဂါပိုး စစ်ဆေးမယ်။
ထိုင်းနိုင်ငံနဲ့ဂျပန်နိုင်ငံက ဆရာဝန်တွေ အနေနဲ့ လူနာတွေကို ကုသပေးနိုင်ရေးအတွက် အသင့်ပြင်ဆင်ထားဖို့ သတိပေး ထားတယ်။ ဂျပန်က ပြည်ပခရီးသွား ဝင်ရောက်မှုကို ခဏထိန်းထားဖို့စီစဉ်နေတယ်။ လုပ်တော့မလုပ်သေးပါဘူး။
တောင်ကိုရီးယားကတော့ လူတွေတစ်ယောက်နဲ့ တစ်ယောက်ခပ်ခွာခွာပြန်နေဖို့ အပါအဝင် သတိပေး တိုက်တွန်းချက် တချို့ကို ထုတ်ပြန်ဖို့ ပြင်ဆင်နေတယ်။
အိန္ဒိယက ကာကွယ်ဆေးတစ်လုံးနဲ့တစ်လုံးကြားအချိန်ကွာဟမှုကို ကိုးလကနေ ခြောက်လအထိ လျှော့ချသတ်မှတ် လိုက်တယ်။ အခုဆိုရင် အဲဒီနိုင်ငံမှာ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူ သန်း ၈၅၀ နီးပါးရှိပါပြီ။
တခြားကမ္ဘာ့နိုင်ငံတွေမှာလည်း ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာတဲ့ ကိုဗစ်-၁၉ရောဂါကူးစက်မှုကို ကိုင်တွယ်ထိန်းချုပ်ဖို့ အရင်လို နည်းလမ်းအဟောင်းတွေကို ဘယ်သူမှမသုံးတော့တာ တွေ့ရပါတယ်။
အမြင့်ဆုံးအနေနဲ့ သူတို့အသုံးပြုနိုင်တာက ရောဂါဖြစ်ပွားရာ သတ်မှတ်နေရာတစ်ခုကိုသာ လော့ဒေါင်း ချမှတ်မှု ဖြစ်ပါတယ်။ အများစုကတော့ ကာကွယ်ဆေးထိုးမှုကို နှစ်ကြိမ်ကနေသုံးကြိမ်၊ သုံးကြိမ်က နေလေးကြိမ် တိုးမြှင့်ပေးဖို့ကိုသာ အဓိကဦးစားပေး လုပ်ဆောင်လာကြတာပါ။
၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တုန်းကဆိုရင် ကိုဗစ်-၁၉ ရောဂါဖြစ်ပြီဆိုတာနဲ့ ဘယ်လိုကုသမှုပေးရမယ်ဆိုတာ အတိအကျမသိ နိုင်တဲ့အပြင် အောက်ဆီဂျင်လိုအပ်မှုကလည်း မထင်မှတ်ထားတဲ့အထိ မြင့်တက်လာပါတယ်။
ဒါ့အပြင် ရောဂါကူးစက်ပျံ့နှံ့မှုမြင့်တက်နေချိန်မှာ ကာကွယ်ဆေးကိုလည်း ကွက်ပြည့်နင်းမထိုးနိုင်၊ ထိုးခွင့် ရတော့လည်း တစ်ကြိမ်တည်းဆိုတော့ တော်တော်လေးကို ကသီလင်တ ဖြစ်ခဲ့ရပါတယ်။
အခုတော့ အတိတ်က လိုအပ်ချက်တွေဟာ အနာဂတ်မှာ ပြည့်စုံသလောက်ရှိနေပါပြီ။ ဆရာဝန်တွေဆိုရင် ကိုဗစ်-၁၉ ရောဂါကို ဘယ်လိုနည်းနဲ့ကုသတာအကောင်းဆုံးဖြစ်မယ်ဆိုတာ သိလာပါတယ်။
အောက်ဆီဂျင်တွေဆိုရင်လည်း သက်ဆိုင်ရာဒေသတွင်းမှာ စက်ရုံတွေတည်ဆောက်ပြီးထုတ်လုပ်နိုင်တဲ့အထိ လုပ်ဆောင်လာနိုင်ပါတယ်။ တကယ်အလုပ်ဖြစ်ဖို့တော့ လိုအပ်တာပေါ့။
ကာကွယ်ဆေးဆိုရင်လည်း တော်တော်များများက အနည်းဆုံး နှစ်ကြိမ်ထိုးပြီးသူတွေ ဖြစ်တဲ့အပြင် သုံးကြိမ်အထိထိုးပြီးတဲ့သူတွေလည်း ရှိပါတယ်။
ဒီလိုတွေပြောလိုက်လို့ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါက ကြောက်စရာမကောင်းဘူးလားဆိုတော့ မဟုတ်ပါဘူး။ သတိနဲ့မယှဉ်ဘဲ စိတ်ထင်တိုင်းနေမယ် ဆိုရင်တော့ ကြောက်ဖို့ကောင်းပါတယ်။ သတိနဲ့ယှဉ်ပြီး နေထိုင်မယ်ဆိုရင် အဆိုးဆုံးအထိ မဖြစ်သွားနိုင်ပါဘူး။
ဒါကြောင့် ကျွန်တော်တို့ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်လာရင် ရှေ့မှာသင်ခန်းစာ ကောင်းတွေကို ရရှိထားပြီးပါပြီ။
အခုလိုအပ်နေတာက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရရင် ကြောက်လန့်တကြား ဖြစ်စေမယ့် အခြေအနေတွေကို ဖန်တီးဖို့ မဟုတ်ဘဲ သတိနဲ့ယှဉ်ကာ စိတ်အေးအေးထားကျော်ဖြတ်နိုင်ဖို့ ဖြစ်ပါတယ်။
နောက်တစ်နည်း ပြောရမယ်ဆိုရင် ကျွန်တော်တို့ ကမ္ဘာသူကမ္ဘာသားအားလုံးဟာ ကိုယ်ချစ်ခင်ရသူတွေကို စွန့်လွှတ်လိုက်ရတဲ့ ဘေးဒုက္ခဆိုးကြီးကို အောင်မြင်စွာ ရင်ဆိုင်ကျော်ဖြတ်နိုင်ကြလို့သာ အခုလိုအနေအထားမှာ ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။
ဒီအတွက်ကြောင့် သန်းခေါင်ထက်ညဉ့်မနက်တော့ဘူးဆိုတဲ့ စကားလေးအတိုင်းပဲ အခုတစ်ကျော့ပြန် ဖြစ်ပွားလာနေတဲ့ ကိုဗစ်-၁၉ ရောဂါကို စိတ်အေးအေးထားပြီး အသိသတိနဲ့ယှဉ်ကာ ကျော်ဖြတ်ကြပါလို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။
Ref: TST