SARS-CoV-2 Variant Omicron (အိုမီခရွန်)မျိုးရိုးဗီဇပြောင်း ရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း
(၁၁-၇-၂၀၂၂)ရက်နေ့
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight)နှင့် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် လည်းကောင်း၊ နယ်စပ်ဝင်ထွက်ဂိတ်များမှတစ်ဆင့် လည်းကောင်း ဝင်ရောက်လာသူများထံမှ ဓာတ်ခွဲနမူနာ ရယူ၍ ဓာတ်ခွဲစစ်ဆေးလျက်ရှိပြီး Omicron (အိုမီခရွန်)အပါအဝင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိမှုများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန် ပေးလျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ်ဓာတ်ခွဲနမူနာ (၁၆)ခုအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ စစ်ဆေးခြင်းကို ဆေးသုတေသနဦးစီးဌာန (Department of Medical Research) တွင် (၃၀-၆-၂၀၂၂)ရက်နေ့က ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 ကို ဓာတ်ခွဲနမူနာ (၁)ခုတွင်လည်းကောင်း၊ BA.5 ကို ဓာတ်ခွဲနမူနာ (၅)ခုတွင်လည်းကောင်း တွေ့ရှိရပါသည်။
၃။ Omicron(အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နှင့် BA.5 တွေ့ရှိသူများ အားလုံးသည် ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများ ဖြစ်ပါသည်။ ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါပိုးဓာတ်ခွဲ အတည်ပြုခဲ့စဉ်ကပင် သတ်မှတ်ရက်အတိုင်း သီးခြားထားရှိ ကုသမှုပေးခဲ့ပြီး ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။
၄။ နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်း ရောဂါပိုးများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပြီးစီးသူများတွင် ရောဂါလက္ခဏာ ပြင်းထန်မှုနှင့် သေဆုံးမှုတို့ လျော့နည်းကြောင်း တွေ့ရှိရပါသည်။
၅။ သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန