နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းက စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချပေး

နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းက စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချပေး

နေပြည်တော် ဇူလိုင် ၁၈

နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီကို သက်သာသည့်ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၃၉၀၀ နှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိသည်။

“မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းရဲ့ စီစဉ်ကြီးကြပ်မှုနဲ့ ကျွန်တော်တို့အသင်းက နေပြည်တော်ကောင်စီနယ်မြေ အတွင်းမှာရှိတဲ့ စားသုံးသူပြည်သူတွေကို လက်ဝယ်အရောက် စားသုံးဆီ တစ်ပိဿာကို ၃၉၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးတာဖြစ်ပါတယ်။ ဒီနေ့မှာ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနားနဲ့ တောင်ညိုလမ်း တစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေနဲ့    ပုဗ္ဗသီရိမြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးရွာတွေကို ဈေးကားနှစ်စီးနဲ့ လှည့်လည်ရောင်းချပေးတာဖြစ်ပါတယ်။  ဈေးကားတစ်စီးကို  စားသုံးဆီပိဿာချိန် ၅၅၀ နဲ့ စုစုပေါင်းဈေးကားနှစ်စီး ပိဿာချိန် ၁၁၀၀ ကို    ဒီနေ့မှာ  စတင်ရောင်းချပေးတာ ဖြစ်ပါတယ်”ဟု   နေပြည်တော်ကောင်စီ  ဆီကုန်သည်နှင့်   ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးအောင်ကိုထက်က ပြောသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ လမ်းညွှန်မှုဖြင့် နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စားသုံးသူပြည်သူများထံသို့ စားသုံးဆီ လက်ဝယ်အရောက် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် ဖြန့်ဖြူးရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။

“ရပ်ကွက်၊ကျေးရွာထဲက  ကုန်စုံဆိုင်တွေမှာ စားသုံးဆီတစ်ပိဿာကို ၈၅၀၀ ကျပ်နဲ့ ရောင်းနေတဲ့အချိန်မှာ ရပ်ကွက်ထဲအထိ လာပြီး တစ်ပိဿာကို ၃၉၀၀ ကျပ်နဲ့ လာရောင်း ပေးတဲ့အတွက် ဝမ်းသာတယ်။ အခုလို စားသုံးဆီကို သက်သာတဲ့ ဈေးနှုန်းနဲ့ မကြာခဏ လာရောက် ရောင်းပေးစေချင်ပါတယ်။ အသင်း ဥက္ကဋ္ဌ နဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူး အထူးတင်ပါတယ်။ တစ်ဦးကို တစ်ပိဿာနှုန်းနဲ့ ရောင်းချပေးတဲ့အခါ မိသားစုနည်းတဲ့သူတွေ အတွက်သာမက မိသားစုများတဲ့သူတွေ အတွက်ပါ အဆင်ပြေပါတယ်” ဟု ဥတ္တရသီရိမြို့နယ် ရွေနံသာရပ်ကွက်မှ စားသုံးဆီ လာရောက်ဝယ်သူ ဒေါ်စန်းဦးက ပြောသည်။

နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းအနေဖြင့် ယခင်က နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ဈေးများတွင် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများကို  အလှည့်ကျ ရောင်းချပေးခဲ့သော်လည်း အမှန်တကယ် စားသုံးသူပြည်သူများထံ တိုက်ရိုက် မရောက်ရှိသည့်အတွက် ယခုကဲ့သို့ ရပ်ကွက်၊  ကျေးရွာများသို့  ဈေးကားများဖြင့် လက်ဝယ်အရောက် တိုက်ရိုက် လာရောက် ရောင်းချပေးခြင်း ဖြစ်ကြောင်းနှင့် နေပြည်တော်

ကောင်စီနယ်မြေအတွင်းရှိ စားသုံးသူပြည်သူများအတွက် အသင်း၏ အစီအစဉ်ဖြင့် ကျန်ရှိသည့် ဝန်ထမ်းအိမ်ရာများနှင့် ကျေးရွာများကိုလည်း  သက်သာသောဈေးနှုန်းဖြင့် ထပ်မံလှည့်လည် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။