ရေကိုစနစ်တကျ အသုံးပြုနိုင်ရေး

ရေကိုစနစ်တကျ အသုံးပြုနိုင်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ သြဂုတ် ၂ ရက်)

မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ချင်းတွင်းမြစ်၊ တနင်္သာရီမြစ်၊ လေးမြို့မြစ်၊ ကုလားတန်မြစ်၊ မြစ်မခမြစ်၊ ဘီးလင်းမြစ် အစရှိသည်ဖြင့် မြစ်ပေါင်းများစွာရှိသည်။ ထိုမြစ်များမှာ ရေစီးရေလာ ကောင်းမွန်သောမြစ်များဖြစ်သည်။ ထိုမြစ်များအတွင်းသို့ လက်တက်မြစ်ချောင်းပေါင်း မြောက်မြားစွာစီးဝင်ကြသည်။ တာပိန်မြစ်၊ ရွှေလီမြစ်၊ မုန်းချောင်း၊ မန်းချောင်း၊ စလင်းချောင်း၊ သောက်ရေခပ်ချောင်း၊ ကျောက်ကြီးချောင်း၊ ရွှေကျင်ချောင်း၊ ရဲနွယ်ချောင်း၊ ဖြူးချောင်း၊ ခပေါင်းချောင်း၊ ဆွာချောင်း၊ ချောင်းမကြီးချောင်း၊ ကောလိယချောင်း၊ ဗိုင်းဒါးချောင်း၊ ယောချောင်း၊ ပင်းချောင်း၊ ယင်းချောင်း အစရှိသည်ဖြင့် ရေစီးကောင်းသော ချောင်းပေါင်းများစွာရှိသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးကို ကောင်းကင်မှကြည့်လျှင် မြစ်ကြီး၊ မြစ်ငယ်၊ ချောင်းကြီး၊ ချောင်းငယ် အသွယ်သွယ်စီးဆင်းနေပြီး သစ်တောများက လှပစွာ နေရာယူထားသည်ကိုတွေ့နိုင်သည်။ မြန်မာနိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲ ရေချိုစီးဆင်းနေမှုကို လေ့လာကြည့်လျှင် နှစ်စဉ် ကုဗကီလိုမီတာပေါင်း ၁၁၆၈ (ဂါလန်သန်းပေါင်း ၂၅၄ သန်း)ခန့်ထိ ထုထည်ပမာဏ ကြီးမားစွာ ပိုင်ဆိုင်နေကြောင်း သိရှိရသည်။ ထိုပိုင်ဆိုင်မှုမှာ တစ်ကမ္ဘာလုံး၏ ၁ ဒသမ ၇ ရာခိုင်နှုန်း၊ အာရှနိုင်ငံ အားလုံးပေါင်း၏ ၈ ဒသမ ၈ ရာခိုင်နှုန်း ပိုင်ဆိုင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ရေချိုပိုင်ဆိုင်မှုမှာ အမှတ်စဉ်(၁၄)တွင်ရပ်တည်နေပါသည်။

ဤရေမှာ မြေပြင်ပေါ်တွင် နှစ်စဉ်စီးဆင်းနေသော ပြန်လည်ပြည့်ဖြိုးမြဲ ရေသာဖြစ်သည်။ ပြန်လည် ပြည့်ဖြိုးမြဲမြေအောက်ရေ သည်လည်း မြန်မာနိုင်ငံတွင် ကုဗကီလိုမီတာ ၄၉၂ (ဂါလန်သန်းပေါင်း ၁၀၈ သန်း) ခန့်ရှိသေးကြောင်း သိရှိရသည်။ ဤမျှရေချိုပေါများသော နိုင်ငံတွင် နေထိုင်ကြရသည်မှာ ဂုဏ်ယူဖွယ်ကောင်း လှပေသည်။ ဖွံ့ဖြိုးပါသည်ဆိုသောအချို့နိုင်ငံများတွင် ရေချိုမလုံလောက်၍ ပင်လယ်ရေငန်ကို ပြုပြင်သုံးစွဲ နေကြရသည်။ အချို့မှာ ရေရှားပါးလွန်းသည့်အတွက် စွန့်ပစ်ရေဆိုးကိုပြန်လည်ပြုပြင်သုံးစွဲနေကြရသည်။

မြန်မာနိုင်ငံတွင် ရှေးမြန်မာဘုရင်မင်းများလက်ထက်မှစ၍ ရေကြီးရေလျှံကာကွယ်ရေး၊ သောက်သုံး ရေနှင့်စိုက်ပျိုးရေရရှိရေးတို့အတွက် ဆည်တာတမံများ၊ တူးမြောင်းများတည်ဆောက်ခဲ့ကြသည်။ မြန်မာ နိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲ ရေပိုင်ဆိုင်မှုအဆင့် ကမ္ဘာ့နံပါတ် ၁၄ တွင် ရှိနေသော်လည်း မိုးရွာသွန်းမှု များပြားသည့် ဒေသများမှာပင် နွေရာသီ၌ ရေမရှိသောကျေးရွာ၊ ရေမလုံလောက်သောမြို့၊ စိုက်ပျိုးရေ မလုံလောက်၍ စိုက်ပျိုးမှုမရှိသော မြေယာလွတ်များ ရှိနေသေးသည်။

ရေရှားပါးသော အပူပိုင်းဒေသ ကျေးရွာများတွင် ရွှေကိုမလို၊ ရေကိုသာလိုသည် ဟူ၍ပင် ပြောစမှတ်ရှိခဲ့သည်။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတု ပြောင်းလဲလာမှုမှာလည်း စိုးရိမ်ကြောက်လန့်ဖွယ် အနေအထားဖြစ်သည်။ တချို့နိုင်ငံများတွင် ငတ်မွတ်မှုဘေးနှင့်အတူ ရောဂါဘေးတို့ ကျရောက်နေကြောင်း ကမ္ဘာ့သတင်းများတွင် မြင်တွေ့ရသည်။ အချို့နိုင်ငံများတွင်မူ ရေကြီးရေလျှံဖြစ်ကာ လူသား၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုကြုံနေကြရသည်။

ထို့ကြောင့် ရေကိုစနစ်တကျ စီမံခန့်ခွဲသုံးစွဲနိုင်ရန် အခြေအနေများ ဖန်တီးလာပြီဖြစ်သည်။ ဆိုလိုသည်မှာ မြစ်ချောင်းများမှ စဉ်ဆက်မပြတ် စီးဆင်းနေသော ရေများကို လူသားတို့ ကောင်းကျိုးအတွက် မည်သို့မည်ပုံအသုံးပြုကြမည်။ မိုးရွာသည့် အချိန်ကာလများတွင် အဆိုပါမိုးရေများကို မည်ကဲ့သို့ စုဆောင်းသိမ်းဆည်းမည် စသည်ဖြင့် နည်းလမ်းများ ရှာကြံရတော့သည်။ လူသားများနှင့် ဇီဝမျိုးစုံမျိုးကွဲ အားလုံး အသက်ရှင် ရပ်တည်ရေးအတွက် အရေးကြီးဆုံး အချက်နှစ်ချက်မှာ ရေနှင့်လေသာဖြစ်သည်။ လေသည် လူသားနှင့်သက်ရှိများ ရပ်တည်နိုင်ရန် လုံလောက်စွာရှိသည်။ ရေချိုရရှိမှုမှာမူ အချို့နေရာများတွင် အလွန်ရှားပါးနေသကဲ့သို့ အချို့နေရာများတွင် အလွန်ပေါများနေသည်။

မြန်မာစကားတွင် ရေအသက်တစ်မနက်ဟု ဆိုစကားရှိရာ လူသည်  ရေတစ်မနက်မျှ မသောက်ရလျှင် အသက်ရှင်ရန် ခက်ခဲကြောင်း ညွှန်ပြခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူတိုင်း  ရေကိုချွေတာသုံးစွဲကြရန် လိုအပ်နေပြီဖြစ်သည်။ ချွေတာရန် လိုအပ်သကဲ့သို့ စုဆောင်းရန်လည်း လုပ်ဆောင် ကြရမည်ဖြစ်သည်။ မြစ်ချောင်းများမှစီးဆင်းနေသောရေကို နိုင်ငံတော်အဆင့်က အကျိုးရှိစွာ အသုံးပြုနိုင်ရေး ဆောင်ရွက်နေသကဲ့သို့ မိုးရွာတုန်း အလိုအလျောက်ရရှိသည့် ရေကိုလည်း လူတစ်ဦးချင်းက စုဆောင်း နိုင်ရေး လုပ်ဆောင်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အချို့နေရာများတွင်  ရေအသုံးချသူများအဖွဲ့ (WUG)နှင့်  ရေအသုံးချသူများ အသင်း (WUA)များ ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်သည်။ ရေအသုံးချသူများ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းအားဖြင့် ရေပေးဝေရေးသာမက မျိုးနှင့်သွင်းအားစုများ ဝယ်ယူခြင်း၊ ထွက်ကုန်များ ရောင်းချခြင်း စသည့်စိုက်ပျိုးရေး ကဏ္ဍများတွင်လည်း တောင်သူအချင်းချင်း ရင်းနှီးမှု၊  ရိုင်းပင်းကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာမည်ဖြစ်သည်။ သီးနှံအထွက်နှုန်းမြင့်မားလာမှုနှင့်အတူ ဝင်ငွေများတိုးတက်လာပြီး လူနေမှု အဆင့်မြင့်မားကာ ဒေသဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရသော်  တန်ဖိုးရှိလှသော ရေချိုကို အလေအလွင့်မရှိအောင် စနစ်တကျသုံးစွဲနိုင်ရေးမှာ ပြည်သူတစ်ဦးချင်းမှသည် ပြည်သူအားလုံး လုပ်ဆောင်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။