တိုးမြှင့်သတ်မှတ်ကာလ ဆောင်ရွက်ရမည့် တာဝန်များ
အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ သြဂုတ် ၄ ရက်)
ပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၅)၊ ပုဒ်မ ၂၀၁ တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းကို ပြဋ္ဌာန်းထားသည်။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းပခဲ့သည်။အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ နိုင်ငံရေးအရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလကို ၁-၈-၂၀၂၂ ရက်မှစ၍ နောက်ထပ်ခြောက်လ တိုးမြှင့်သတ်မှတ်လိုက်ပြီး နိုင်ငံတော်၏ တာဝန် အရပ်ရပ်ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ထပ်မံ အပ်နှင်းလိုက်ကြောင်း သိရှိရသည်။
ယာယီသမ္မတ ဦးမြင့်ဆွေကလည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအစိုးရ(တပ်မတော်) အနေဖြင့် နိုင်ငံတော်နှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်သူ(Guardian)အဖြစ် သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပေးရန်၊ တာဝန်ထမ်းဆောင်စဉ် ကာလတွင် နိုင်ငံအဝန်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးတို့အတွက် လုပ်သင့်လုပ်ထိုက်သည်များ၊ အခြေခံသင့် အခြေခံထိုက်သည်များကို ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေကြေညာပြီး တပ်မတော်က အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရက နိုင်ငံ့တာဝန်များကို ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ အမျိုးသားရေးလုပ်ငန်းစဉ်(၂)ခု၊ နိုင်ငံရေးလုပ်ငန်းစဉ်(၂)ခုတို့နှင့် အညီဆောင်ရွက်လျက် ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။ ထိုသို့တာဝန် ထမ်းဆောင်မှုအပေါ် တရားမဝင်ကော်မတီ၊ တရားမဝင်စင်ပြိုင်အစိုးရ၊ အကြမ်းဖက် အဖွဲ့အစည်းများ ဖွဲ့စည်းကာ နိုင်ငံအတွင်းလုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှု မရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့သည်များကြောင့် ၁၈ လတာ ကာလအတွင်း တစ်နိုင်ငံလုံး လက်ပစ်ဗုံး/လက်လုပ်ဗုံးပစ်ခံရမှု၊ မိုင်းခွဲမှု ၇၂၄၆ ကြိမ်၊ တိုက်ခိုက်/သတ်ဖြတ်ခံရမှု ၆၅၆၇ ကြိမ်၊ မီးရှို့ခံရမှု ၁၀၉၄ ကြိမ် စုစုပေါင်း ၁၄၉၀၇ ကြိမ်ဖြစ်ပွားခဲ့သည်။ အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ ရဟန်း/သံဃာ/ သီလရှင်များ၊ ကလေးသူငယ် အပါအဝင် အပြစ်မဲ့အရပ်သား ၃၄၈၃ ဦးသေဆုံးခဲ့ပြီး ၃၀၆၅ ဦး ဒဏ်ရာရရှိ၍ ၄၁ ဦးပျောက်ဆုံးမှုရှိခဲ့သည်။ အကြမ်းဖက် တိုက်ခိုက်မှုများ အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄၀၂၆ ကြိမ်၊ ရန်ကုန်တိုင်း ဒေသကြီးတွင်၂၄၄၂ ကြိမ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၂၁၉၄ ကြိမ်၊ မကွေးတိုင်းဒေသကြီးတွင် ၁၃၉၅ ကြိမ် ဖြစ်ပွားခဲ့သည်။အဆိုပါ ဒေသများအတွင်း မူလအခြေအနေများအတိုင်း လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှုရှိအောင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသည့် အနေအထားဖြစ်သည်။
အကြမ်းဖက် အဖျက်သမားနှင့် ထိုအကြမ်းဖက် အဖျက်သမားတို့ကို လက်ခံအားပေးနေသော ပြည်ပနိုင်ငံများသည် မြန်မာနိုင်ငံတွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ ထွန်းကားရေးကို လိုလားခြင်းမရှိဘဲ မြန်မာနိုင်ငံ ပျက်စီးရေးကို ရှေးရှုဆောင်ရွက်နေကြောင်း အထက်ပါ စာရင်းများအရ သိနိုင်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဒီမိုကရေစီ စနစ်ကို ထိန်းကျောင်းတည့်မတ် ပေးနေခြင်းဖြစ်သည်။ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အတိုင်း အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့် အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဟူ၍ ချမှတ်ထားသည့်အတိုင်း ဆောင်ရွက်လျက်ရှိသည်။
တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ လိုအင်ဆန္ဒဖြစ်သော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုကို ခိုင်ခိုင်မာမာ အာမခံထားပြီး နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု အကျိုးအတွက် ကာကွယ်စောင့်ရှောက်သူ(Guardian)အဖြစ် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်ပါသည်။ ထပ်မံတိုးမြှင့်ပေးလိုက်သည့် ခြောက်လ သက်တမ်းအတွင်း နိုင်ငံ့စီးပွားရေးနှင့် နိုင်ငံသားတို့၏စားဝတ်နေရေး ကိစ္စများ ဆောင်ရွက်ခြင်း၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ခြင်းများကို ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် တိုးမြှင့်သတ်မှတ် ကာလဆောင်ရွက်ရမည့် လုပ်ငန်းများ အောင်မြင်ရန် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက တက်ကြွစွာ ပူးပေါင်း ပါဝင်ကြရန်ဖြစ်ပါကြောင်း။ ။