(၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်း အားကစားအဖွဲ့ ရွှေလေးခု၊ ငွေခြောက်ခုနှင့် ကြေးရှစ်ခု ထပ်မံဆွတ်ခူး

(၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်း အားကစားအဖွဲ့ ရွှေလေးခု၊ ငွေခြောက်ခုနှင့် ကြေးရှစ်ခု ထပ်မံဆွတ်ခူး

ရန်ကုန်  သြဂုတ်  ၄

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာမသန်စွမ်း အားကစားအဖွဲ့သည် ယနေ့ယှဉ်ပြိုင်မှုတွင် ပြေးခုန်ပစ် အားကစားနည်းမှ ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်ခြောက်ခု၊ ရေကူးအားကစားနည်းမှ  ရွှေတံဆိပ်တစ်ခု၊  ကြေးတံဆိပ်တစ်ခု၊   အလေးမ အားကစားနည်းမှ  ငွေနှစ်ခုနှင့် မြားပစ်အားကစားနည်းမှ   ကြေးတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။

မြန်မာအားကစားအဖွဲ့သည် MANA-HAN ကွင်း၌ကျင်းပသည့် ပြေးခုန်ပစ်ပြိုင်ပွဲ၊ JATIDIRI  ရေကူးကန်၌ ကျင်းပသည့် ရေကူးပြိုင်ပွဲ၊ Solo Paragon Hotel  ၌ ကျင်းပသည့် အလေးမပြိုင်ပွဲနှင့် Kota Barat ကွင်း၌ ကျင်းပသည့် မြားပစ်အားကစား ပြိုင်ပွဲတို့ကို   ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားမီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် စိုးပေက ရွှေတစ်ခု၊ ကျော်ကျော်ဝင်းက ကြေးတစ်ခု၊ အမျိုးသားမီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် သက်ထူးအောင်က  ကြေးတစ်ခု၊ ဇော်မင်းလွင်က အမျိုးသား သံလုံးပစ်ပြိုင်ပွဲတွင် ရွှေတစ်ခု၊  အမျိုးသားသံပြားပစ် ပြိုင်ပွဲတွင် ငွေတစ်ခု၊  အောင်ဖုန်းမြတ်က အမျိုးသားသံလုံးပစ ်ပြိုင်ပွဲတွင် ရွှေတစ်ခု၊ အမျိုးသားမီတာ ၄၀၀ လက်ဆင့်ကမ်း ပြိုင်ပွဲတွင် ငွေတစ်ခု၊ နန္ဒလင်းက အမျိုးသမီးမီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ငွေတစ်ခု၊ မီတာ ၄၀၀  အပြေးပြိုင်ပွဲတွင်  ကြေးတစ်ခု၊ လော်လာဝင်းက အမျိုးသမီး အလျားခုန် ပြိုင်ပွဲတွင် ငွေတစ်ခု၊  ထက်ထက်အေးက အမျိုးသမီး လှံတံပစ်ပြိုင်ပွဲတွင် ကြေးတစ်ခု၊ စိုးသန်းက အမျိုးသား အမြင့်ခုန်ပြိုင်ပွဲတွင် ကြေးတစ်ခု၊ အောင်ထွန်းလင်းက အမျိုးသား သံပြားပစ်ပြိုင်ပွဲတွင် ကြေးတစ်ခု၊ နန္ဒစိုးမင်းက အမျိုးသားမီတာ ၁၀၀ ပက်လက်ကူးပြိုင်ပွဲတွင် ရွှေတစ်ခု၊ အောင်မြင့်မြတ်က အမျိုးသားမီတာ ၅၀ အလွတ်ကူးပြိုင်ပွဲတွင် ကြေးတစ်ခု၊ ငြိမ်းစန္ဒာအောင်က အမျိုးသမီး အလေးမပြိုင်ပွဲတွင် ငွေနှစ်ခု၊ စိန်ဖော့က အမျိုးသမီးတစ်ဦးချင်း မြားပစ်ပြိုင်ပွဲတွင် ကြေးတစ်ခု ဆွတ်ခူးရရှိခဲ့ပြီး မြန်မာမသန်စွမ်း အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်လှမိုးက အမျိုးသားမီတာ(၁၀၀) ပက်လက်ကူး ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် နန္ဒစိုးမင်းအား လည်းကောင်း၊   မြန်မာမသန်စွမ်း အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(ပြည်ပရေးရာ) ဗိုလ်မှူးချုပ်တင်မောင်လှိုင်(ငြိမ်း) နှင့် ဆေးမှူးချုပ် ဗိုလ်မှူးကြီးကျော်စိုး(ငြိမ်း)တို့က အမျိုးသားမီတာ ၂၀၀ အပြေးပြိုင်ပွဲ တွင် ရွှေ၊ငွေ၊ကြေး ရရှိခဲ့သည့် အားကစားသမားများအား အသီးသီး ဆုချီးမြှင့်ပေးအပ်သည်။

(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်း အားကစားအဖွဲ့ချုပ်အနေဖြင့် ပြေးခုန်ပစ်၊ မြားပစ်၊ ဂိုးဘောလ်၊ ရေကူး၊ ဘောလုံး၊ ထိုင်လျက်ဘော်လီဘောနှင့်  အလေးမ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိပြီး ယနေ့အထိ မြန်မာမသန်စွမ်း အားကစား အဖွဲ့ချုပ်အနေဖြင့် ရွှေတံဆိပ် ၁၃ ခု၊ ငွေတံဆိပ် ကိုးခု၊ ကြေးတံဆိပ် ၁၃ ခု စုစုပေါင်း ၃၅ ခုရရှိလျက် ရှိကြောင်း သိရသည်။