နိုင်ငံတကာ ဆက်ဆံရေး အလေးထား
အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ သြဂုတ် ၆ ရက်)
မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံ အားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိသည်။ မည်သည့်နိုင်ငံ၏ ပြည်တွင်းရေးကိုမျှ မြန်မာတို့က ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်နှင့်အညီ ပြုမူနေထိုင်လျက်ရှိသည်။ နိုင်ငံအချို့က မြန်မာတို့အပေါ်တွင် စိတ်ကောင်းနှလုံးကောင်း ထားရှိခြင်းမပြုဘဲ မီးလောင်ရာလေပင့်သည့် လုပ်ရပ်မျိုးသာ လုပ်ဆောင်နေသည်။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုမျိုးစုံ လုပ်ဆောင်နေသော NLD ပါတီမှပေါက်ဖွားလာသည့် NUGအမည်ခံ အကြမ်းဖက်အဖျက်သမားတို့ကို ယင်းတို့၏နိုင်ငံအတွင်း လက်ခံထားခြင်းသည် မြန်မာနိုင်ငံ ပျက်စီးရေးကို ရှေးရှုလုပ်ဆောင်နေခြင်း ဖြစ်သည်။
မြန်မာ့နိုင်ငံရေးခရီးစဉ်ကို သေချာလေ့လာကြည့်လျှင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ လမ်းကြောင်းမှ သွေဖည်သွားခြင်းကြောင့် ယခုအခါပြန်လည် တည့်မတ်ဆောင်ရွက် ပေးနေခြင်းဖြစ်သည်။ ပြည်ပနိုင်ငံ အချို့အနေဖြင့် NUGအမည်ခံ အကြမ်းဖက်အဖျက်သမားတို့က အကြမ်းဖက်လုပ်ရပ် ရွေးချယ်နေခြင်းကို မြှောက်ပင့်သွေးထိုး အားပေးနေမည့်အစား ပြန်လည်ကျင်းပပေးမည့် ရွေးကောက်ပွဲသို့ အေးချမ်းစွာ ဝင်ရောက်ယှဉ်ပြိုင်သည့် နည်းလမ်းကို အားပေးသင့်သည်။ မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်အေးချမ်း သာယာရေးကို စေတနာအပြည့်ဖြင့် ကူညီသင့်ပါလျက် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့အပေါ် သဘောထား မမှန်ကြောင်း တွေ့မြင်ကြရသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်ကား နိုင်ငံခြားရေး အခြေခံမူများအတိုင်း နိုင်ငံတကာနှင့် ဆက်ဆံရာမှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်သည့်အတွက် အာဆီယံ၏ ပဋိညာဉ်များကို လေးစားတန်ဖိုးထားသည်။ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးသု့ိ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်တက်ရောက်ခဲ့သည်။
ဘုံသဘောတူညီချက် ၅ ရပ်ချမှတ် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ASEAN WAY, ASEANPRACTICE, ASEAN SPIRIT များနှင့်သာ ဆောင်ရွက်မှာဖြစ်ကြောင်း ကြေညာထားပြီး ဖြစ်ပါသည်။
ပြီးခဲ့သည့်နှစ် ကာလများအတွင်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းနှင့် တတိယလှိုင်းမှာ ပြင်းထန်စွာ ခံစားခဲ့ရပြီး ကိုဗစ်-၁၉ ကပ်ဘေးရောဂါ ကျော်လွှားရန် အပြင်းအထန် လုံးပန်းနေရသလို ပြည်တွင်း ဆူပူဆန္ဒပြ အကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်နေရသည့်အတွက် နိုင်ငံတည်ငြိမ်မှု မရှိ၍ အာဆီယံဘုံ သဘောတူညီချက် အကောင်အထည်ဖော်နိုင်ဖို့ အခက်အခဲ ရှိခဲ့ခြင်းဖြစ်သည်။
“ယခုနှစ်မှာတော့ အခြေအနေအားလုံး တိုးတက်လာပြီဖြစ်တဲ့အတွက် ဘုံသဘောတူညီချက် ၅ ရပ်ထဲက ဦးစားပေး ဆောင်ရွက်နိုင်တာတွေ အဖြစ်နိုင်ဆုံး အာဆီယံ မူဘောင်နဲ့အညီ ဆောင်ရွက် သွားပါမယ်။ နိုင်ငံ အနေနဲ့ မိမိပြည်တွင်းရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ၃ ရပ်ပါဝင်တဲ့ အချုပ်အခြာအာဏာကို ထိပါးမယ့် ကိစ္စတွေမဖြစ်အောင် သုံးသပ်ဆောင်ရွက်နေပါတယ်။ နိုင်ငံပုံမှန် အခြေအနေဖြစ်လာတာနဲ့အမျှ တိုးတက်ဆောင်ရွက်မှုတွေ ရှိလာမှာဖြစ်ပါတယ်”ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ၁ နှစ်နှင့် ၆ လ(၁၈ လ)ပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်ကာလ အတွင်း မော်စကိုမြို့၊ အတနာမီကမ္ဘာ့ ယဉ်ကျေးမှုမြို့တော်၊ တာတာစတန်ပြည်နယ်၊ ကာဇန်မြို့၊ စိန့်ပီတာစဘတ်မြို့၊ Novosibirsk မြို့ စသည့်မြို့အသီးသီးသို့ သွားရောက်ခဲ့ပါသည်။ ရုရှားနိုင်ငံ ကာလုဂါပြည်နယ်၊ အတနာမီ ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်၌ သီတဂူဆရာတော်ကြီး၏ ဦးဆောင်လမ်းညွှန်မှု၊ ကြည်းရေလေ တပ်မတော်သားများ အပါအဝင် စေတနာရှင်ပြည်သူ များ၏ စုပေါင်းလှူဒါန်းမှုနှင့် တည်ဆောက်ပူဇော်ခဲ့သည့် ရွှေစည်းခုံစေတီ ပုံတူစေတီတော်ကို ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တပ်ဆင်ပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့သည်။
ထို့ပြင် မြန်မာကိုယ်စားလှယ် အဖွဲ့အနေဖြင့် စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း တို့အပြင် ရုရှားနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ/အလုပ်ရုံများအား သွားရောက် လေ့လာခဲ့ကြသည်။ ခရီးစဉ်ကာလအတွင်း အပြုသဘောဆောင်သည့် ရလဒ်ကောင်းများ၊ ဆွေးနွေးမှုများ၊ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းများ စသည်ဖြင့် အကြောင်းအရာ များစွာကို ဆောင်ရွက်နိုင်ခဲ့သည့် အတွက် အထူးအောင်မြင်သည့် ခရီးစဉ်ဖြစ်ခဲ့သည်။ နိုင်ငံတော်အတွက် အကျိုးရှိသော ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် မြန်မာ့အကျိုး လိုလားသော မိတ်ဆွေကောင်း၊ မိတ်ဆွေများ ရှိနေကြောင်း ပြသခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ဆက်ဆံရေးတွင် မည်သူတရားပျက်ပျက် ကိုယ်မပျက်ဟူသော ခံယူချက်ဖြင့် ဆောင်ရွက်လျက်ရှိပေရာ တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာတော့မှာ ဖြစ်ပါကြောင်း။ ။