ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှုပြီးမြောက်ရေး

ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှုပြီးမြောက်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ သြဂုတ် ၇ ရက်)

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ အားလုံးက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအား ဒုတိယအကြိမ် ခြောက်လသက်တမ်း တိုးမြှင့်ကြောင်း ဆုံးဖြတ်ချက်ကို သြဂုတ် ၁ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများ၊ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတို့ကို အလေးထား ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု အခြေအနေများ၊ NUG  အမည်ခံ အကြမ်းဖက် အဖွဲ့အစည်း၏ ညွှန်ကြားစေခိုင်းမှုအရ  အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြသည့် PDF အပါအဝင် အမည်အမျိုးမျိုးဖြင့် လှုပ်ရှားဆောင်ရွက်လျက် ရှိကြသည့် အကြမ်းဖက်အုပ်စုများက တိုင်းဒေသကြီး၊ ပြည်နယ်အချို့တို့တွင် အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် အခြေအနေများကြောင့် နိုင်ငံတော်အား အေးချမ်းသာယာ၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမို ကရေစီစနစ် လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ပေးရန် လိုအပ်နေသည့်အတွက် ဒုတိယအကြိမ်ခြောက်လ သက်တမ်း တိုးမြှင့်ပေးခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေး အပြောင်းအလဲတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ပေါ်ပေါက်လာရသည့် အကြောင်းရင်းကိုလေ့လာလျှင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူဦးရေ ၃၈ ဒသမ ၂၇ သန်းကျော်ရှိပြီး နိုင်ငံသား စိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၄၈၆၉၄၂၇ ဦး၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်းနှစ်ကြိမ်၊ သုံးကြိမ်နှင့် အထက်ပါဝင်နေသူ၊ အသက် ၁၀၀ နှင့်အထက်၊ အသက် ၁၈ နှစ်နှင့်အောက် အပါအဝင် မဲစာရင်းကွာဟမှု ၁၁၃၀၅၃၉၀ ရှိခဲ့သည်။ မဲမသမာမှုဆိုင်ရာ များစွာဖြစ်ပေါ်ခဲ့သကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုများ လည်းများစွာဖြစ်ပေါ်ခဲ့သည်။ အခြားသော ရွေးကောက်ပွဲဝင် ပါတီများနှင့် တပ်မတော်မှ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲမသမာမှု၊ တရားမဲ့ပြုမှုများကို ဖြေရှင်းပေးရန် ထိုစဉ်က တာဝန်ရှိသူများထံ အကြိမ်ပေါင်းများစွာ တင်ပြခဲ့သည်။ သို့သော်ရင်ဆိုင် ဖြေရှင်းပေးခြင်း မရှိခဲ့သည့်အတွက် နိုင်ငံရေး အပြောင်း အလဲတစ်ရပ် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် ရက်စွဲအမိန့်အမှတ်(၇/၂၀၂၁)အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးစီးအဖွဲ့ဝင် ငါးဦးဖြင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့သစ် ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ရှေ့လုပ်ငန်းစဉ် (၅)ရပ်မှ “ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းများ အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက် လုပ်ဆောင်သွားမည်” ဟူသည့်အချက်ကို ဆောင်ရွက်လျက်ရှိပါသည်။ မဲမသမာမှု၊ မတရားပြုမှုများကို သက်သေအထောက်အထား ပြည့်စုံစွာဖြင့် ပြည်သူသို့ တင်ပြခဲ့ပြီးဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကဦးစီးပြီး သက်ဆိုင်ရာဌာန အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့များ နိုင်ငံရေးပါတီများ စစ်ဆေးခြင်း၊ မဲဆန္ဒရှင် စာရင်းပြုစုခြင်းများ အပါအဝင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၈ နှင့် နည်းဥပဒေ ၂၃ တို့နှင့်အညီ နိုင်ငံရေး ပါတီများ၏ စာရင်းများကို စစ်ဆေးခဲ့သည်။ ၂၀၂၁ ခုနှစ် သြဂုတ်လမှစပြီး၂၀၂၂ ခုနှစ် ဇူလိုင်လအထိ နိုင်ငံရေးပါတီ ၈၅ ပါတီကို စစ်ဆေးပြီးစီးခဲ့ပြီး စစ်ဆေးရန် ကျန်ပါတီများကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင်ရွေးကောက်ပွဲ ဥပဒေနှင့် ရွေးကောက်ပွဲစနစ် ဆိုင်ရာများကို ပြန်လည်သုံးသပ် နိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ လေးကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံသားကတ် မရှိဘဲ မဲပေးသူ ၄ ဒသမ ၈ သန်းကျော် ရှိခဲ့သည့်အတွက် လာမည့် ရွေးကောက်ပွဲတွင် ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့်နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ များအနက် ၃-၅-၂၀၂၁ ရက်မှ ၃-၁၁-၂၀၂၂ ရက်အထိ ၁၈ လတာ ကာလသတ်မှတ်၍ အကျုံးဝင်သူဦးရေ ၃ ဒသမ ၄ သန်းကျော်အား ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး   ပန်းခင်းစီမံချက်ကို နိုင်ငံအဝန်း ဆောင်ရွက်ပေးလျက်ရှိရာ ၃ ဒသမ ၃ သန်းခန့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများမှလည်း   သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနများတွင် အိမ်ထောင်စုလူဦးရေ စာရင်း ပုံစံ(၆၆/၆)ကို အခြေခံပြုစုထားသည့် စာရင်းများနှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဌာန၏ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ ရှေ့ပြေးလုပ်ငန်း စီမံချက်အခြေခံ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရန် အတွက် မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းစီမံချက်(Pilot Project)ကို မြို့နယ် ၂၉၈ မြို့နယ် ဆောင်ရွက်ပြီးစီးပြီး ၁၄ မြို့နယ်တွင် ဆောင်ရွက်ဆဲဖြစ်သည်။ အကြမ်းဖက်မှုများကြောင့် နယ်မြေအေးချမ်းမှု မရှိသေးသည့် ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိသည်။ အနှစ်ချုပ်ဆိုရသော် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။    ။