ရုရှား-မြန်မာချစ်ကြည်ရေးပိုမိုခိုင်မြဲလျက်ရှိ

ရုရှား-မြန်မာချစ်ကြည်ရေးပိုမိုခိုင်မြဲလျက်ရှိ

မြန်မာနိုင်ငံ၏မိတ်ဆွေရင်းချာနိုင်ငံဖြစ်သည့် ရုရှားနိုင်ငံအနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံချင်း သာမက နိုင်ငံတကာမျက်နှာစာတွင် အစဉ်တစိုက်ပံ့ပိုးကူညီလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ၌ အထောက်အကူပြုနိုင်ရန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အတွင်းက ကိုဗစ်-၁၉ ကာကွယ်ဆေးလှူဒါန်းခဲ့ခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် လာရောက်သည့် ခရီးစဉ်အတွင်း မျောက်ကျောက်ရောဂါစစ်ဆေးသည့် Test Kits  လှူဒါန်းခြင်းများ ပြုခဲ့သည်မှာ မြန်မာတို့အပေါ် မိတ်ဆွေရင်းချာ စိတ်ထားရှိခြင်း၏ ပြယုဂ်များ ဖြစ်သည်။

ရုရှား-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် (၇၅)နှစ်ပြည့်မြောက်တော့ မည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား စီးပွားရေးဆိုင်ရာ ကုန်သွယ်မှုကိစ္စရပ်များ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ပိုမိုမြှင့်တင်ပူးပေါင်းဆောင် ရွက်လျက် ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Sergey Lavrov ကို သြဂုတ် ၃ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရွေးကောက်ပွဲမဲမသမာမှု နှင့်ပတ်သက်၍ ဥပဒေအရဖြေရှင်းရန် ဆောင်ရွက်ပေးခဲ့သော်လည်း အကြမ်းဖက်လုပ်ရပ်များမှတစ်ဆင့် မိုင်းထောင်ဖောက်ခွဲ၊ လုပ်ကြံသတ်ဖြတ်မှုများပြုလုပ်လာသူများအား တရားဥပဒေအရ ပြစ်ဒဏ်ချမှတ်ခဲ့မှုများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံတော်တွင် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊  လုံခြုံရေးအရတည် ငြိမ်အေးချမ်းမှုများ ရရှိချိန်တွင် ရှေ့လုပ်ငန်းစဉ်နှင့်အညီ ရွေးကောက်ပွဲပြန်လည်ကျင်းပ ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးကြသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အမြဲတမ်းမိတ်ဆွေနိုင်ငံ၊ အမြဲတမ်းမဟာမိတ်နိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ နှစ်နိုင်ငံစလုံးမှာ အချုပ်အခြာအာဏာပိုင်နိုင်ငံများ ဖြစ်သည့်အတွက် မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကို ပြည်ပစွက်ဖက်မှုများ မပါဘဲ နှစ်နိုင်ငံအစိုးရများက စီမံဆောင်ရွက်နိုင်သည့် အခြေအနေတွင် ရှိနေကြသည်။ ရုရှား-မြန်မာချစ်ကြည်ရေးအသင်းများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီးအပြန်အလှန် လည်ပတ်ရေး၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရေး၊ ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ၊ ခရီးသွားလုပ်ငန်းများတိုးမြှင့်ရေး၊ ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ အရပ်ဘက်၊ စစ်ဘက်ပညာတော်သင်များ ထပ်မံစေလွှတ်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်  အပြန်အလှန်စေလွှတ်သွားရေး၊ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာနှင့်ဒေသတွင်း ဆက်ဆံရေး အခြေအနေများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြမည်ဖြစ်သည်။

မြန်မာနှင့်ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား  လက်မှတ်ရေးထိုးလဲလှယ်ကြသော ညှိနှိုင်းဆွေးနွေးပွဲ အစီအစဉ်(၂၀၂၂-၂၀၂၄)သည် နှစ်နိုင်ငံ ဒေသတွင်းနှင့်နိုင်ငံတကာ ကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့်အစီအစဉ်တစ်ရပ်ဖြစ်ပြီး ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ကြသည်။ ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်ကြသည့် အာဆီယံ၊ အာရှ-ဥရောပဆွေးနွေးပွဲ(အေဆမ်)၊ ဥရောပအာရှစီးပွားရေး သမဂ္ဂ(EAEU)နှင့် ကုလသမဂ္ဂတို့တွင် ဆက်လက်၍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားကြမည် ဖြစ်သည်။ ရုရှား-မြန်မာနှစ်နိုင်ငံသည် မိတ်ဆွေရင်းချာ ညီအစ်ကိုနိုင်ငံများ ဖြစ်သည့်အတွက်  သံတမန်ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် ရုရှားနိုင်ငံ၌ မြန်မာကောင်စစ်ဝန်ရုံးနှစ်ခုအား ထပ်မံဖွင့်လှစ်မည်ဖြစ်သလို မြန်မာနိုင်ငံတွင်လည်း ရုရှားကောင်စစ်ဝန်ရုံးများ ဖွင့်လှစ်မည် ဖြစ်သည်။

မြန်မာနိုင်ငံသည်  ကမ္ဘာ့နိုင်ငံအားလုံးနှင့်ချစ်ကြည်ရင်းနှီးမှုကိုအလေးထားဆက်ဆံနေသော်လည်း  မြန်မာတို့ အပေါ်တွင် အချို့သောနိုင်ငံများ၏ ဆက်ဆံရေးမှာ မိတ်ဆွေစစ်ဆက်ဆံရေးမျိုး မဟုတ်ပေ။ မြန်မာ နိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည့်အတွက် အကြမ်းဖက်မှုမျိုးစုံကို လူမဆန်စွာ ရက်စက်ယုတ်မာစွာ လုပ်ဆောင်နေသူများကို ၎င်းတို့နှင့်ထိုက်တန်သည့် ပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ အကြမ်းဖက်အဖျက် သမားတို့ကို ၎င်းတို့၏ပြည်တွင်း၌ နေထိုင်ခွင့်ပြုပြီး အကြမ်းဖက်အားပေး လုပ်ဆောင်နေသည်မှာ မိတ်ဆွေ စစ်မဟုတ်ကြောင်းပြသခြင်း ဖြစ်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာကား မြန်မာနိုင်ငံနှင့်ပတ်သက်လာလျှင် မြန်မာပြည်သူ လူထု၏ ကောင်းကျိုးကိုသာ အစဉ်ရှေးရှု ဆောင်ရွက်လျက်ရှိသဖြင့် ရုရှား-မြန်မာချစ်ကြည်ရေး ပိုမိုခိုင်မြဲနေမည်သာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။