
ထိုင်ဝမ်ကျွန်းဆိုတာ တရုတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းဆိုတဲ့ အမှန်တရားနဲ့ ကမ္ဘာ့နိုင်ငံများက ဝိုင်းဝန်းထောက်ပံ့ ပေးသင့်တဲ့ တရုတ်အစိုးရရဲ့ နိုင်ငံတော်ပြန်လည် ပေါင်းစည်းရေး ကြိုးပမ်းမှု
ထိုင်ဝမ်ကျွန်းဆိုတာ ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း အရှေ့ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တို့ ဆုံရာနေရာမှာရှိတဲ့ ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ သူ့ကိုအရင်တုန်းက ဖော်မိုဆာကျွန်း ဆိုပြီး ခေါ်ခဲ့ပါသေးတယ်။
ဖော်မိုဆာကျွန်းဆိုတာ ကျွန်တော်တို့မြန်မာတွေနားနဲ့ အစိမ်းသက်သက် မဟုတ်ပါဘူး။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်တုန်းက ရဲဘော်သုံးကျိပ်ဟာ အဲဒီအချိန်တုန်းက ဂျပန်လက်အောက်မှာရှိတဲ့ ဖော်မိုဆာကျွန်းကို သွားပြီး စစ်ပညာသင်ယူ လေ့ကျင့်ခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။
ယနေ့အချိန်မှာတော့ ထိုင်ဝမ်ကျွန်းဟာ အင်အားကြီးထွားလာတဲ့ တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ကြိုးပမ်းနေတဲ့ အနောက်အုပ်စုရဲ့ ကြားခံစစ် တလင်းအဖြစ်ကို မသိမသာ ရောက်ရှိလာပါပြီ။ဘာကြောင့်ပါလဲ။
ထိုင်ဝမ်ကျွန်းဆိုတာ တရုတ်နိုင်ငံရဲ့ ဖဲ့ထုတ်မရနိုင်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံက အခိုင်အမာပြောထားသလို ထိုင်ဝမ်ကျွန်းကလည်း သူတို့ဟာ လွတ်လပ်တဲ့နိုင်ငံဖြစ်ကြောင်း နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရယူနိုင်ရေးကြိုးပမ်းပြီး တရုတ်ပြည်မကြီးကနေ ခွဲထွက်လိုနေတဲ့ အတွက်ဖြစ်ပါတယ်။
ဒီအချိန်မှာ နိုင်ငံတော် စည်းလုံးညီညွတ်မှုပြိုကွဲရင် ပြန်လည်ပေါင်းစည်းရေး လုပ်ပေးမယ့်အစား သူတို့ရဲ့အကျိုးစီးပွားအတွက် အသုံးချဖို့ အသင့်စောင့်နေကြတဲ့ အနောက်အုပ်စုမှ အင်အားကြီး နိုင်ငံများကလည်း အဆင်သင့်ပါပဲ။ နွားကွဲရင် ကျားဆွဲမယ်ဆိုတဲ့ စကားပုံ အတိုင်းပေါ့။
ဒါကြောင့် တရုတ်ကွန်မြူနစ်ပါတီက ထိုင်ဝမ်ပုစ္ဆာကို ဖြေရှင်းပြီး အပြည့်အဝ ပြန်လည်ပေါင်းစည်းရေးကို ယနေ့အချိန်အထိတိုင် တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒီအတွက်လည်း တရုတ်အစိုးရအဆက်ဆက်က ထိုင်ဝမ်ကျွန်း အရေးနဲ့ပတ်သက်ပြီး စက္ကူဖြူစာတမ်းလို့ ခေါ်တဲ့ မူဝါဒသဘောထား စာတမ်းသုံးစောင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
ပထမအကြိမ်က ၁၉၉၃ ခုနှစ် သြဂုတ်လမှာဖြစ်ပြီး ဒုတိယအကြိမ်က ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ ဖြစ်ပါတယ်။ အခုနောက်ဆုံး တတိယအကြိမ်ကိုတော့ ၂၀၂၂ ခုနှစ် သြဂုတ် ၁၀ ရက်မှာ ထုတ်ပြန်လိုက်တာပါ။
ကျွန်တော့်အနေနဲ့ အခုနောက်ဆုံး ထုတ်ပြန်တဲ့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ကျွန်းအရေး စက္ကူဖြူစာတမ်းမှာ ဘာတွေဖော်ပြထားတယ်။ ဘယ်လိုသဘောတရားတွေ ပါဝင်တယ်ဆိုတာကို အကျဉ်းချုပ် သုံးသပ်တင်ပြ သွားမှာဖြစ်ပါတယ်။
အခုစာတမ်းရဲ့ ခေါင်းစဉ်ကိုတော့ ခေတ်သစ်ကာလ ထိုင်ဝမ်ပုစ္ဆာနဲ့ တရုတ်နိုင်ငံရဲ့ ပြန်လည်ပေါင်းစည်းရေးလို့ အမည်ပေးထားပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးနဲ့ နိုင်ငံတော် ကောင်စီပြန်ကြားရေးရုံး တို့က ထုတ်ပြန်ထားတာပါ။
ဒီစာတမ်းမှာ နိဒါန်း၊ အခန်းငါးခန်းနဲ့ နိဂုံးဆိုပြီး ပါဝင်ပါတယ်။
အခန်းငါးခန်းရဲ့ ခေါင်းစဉ်တွေကိုပြောရရင် (၁) ထိုင်ဝမ်က တရုတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာ မငြင်းနိုင်တဲ့ အမှန်တရား၊ (၂) တရုတ်နိုင်ငံရဲ့ အပြည့်အဝပြန်လည် ပေါင်းစည်းရေးကို သိရှိစေဖို့ CPC ရဲ့ခိုင်မာတဲ့ကြိုးပမ်း အားထုတ်မှု၊ (၃) တရုတ်နိုင်ငံရဲ့ အပြည့်အဝပြန်လည် ပေါင်းစည်းရေးဆိုတာ ဘယ်သူမှ ရပ်တန့်ခြင်းငှာ မစွမ်းသာတဲ့ လုပ်ငန်းစဉ်တစ်ခု၊ (၄) ခေတ်သစ်ကာလ နိုင်ငံတော်ပြန်လည် ပေါင်းစည်းရေးနဲ့ (၅) ငြိမ်းချမ်းစွာပြန်လည် ပေါင်းစည်းရေးအတွက် လင်းလက်တောက်ပနေတဲ့ အလားအလာတို့ပဲ ဖြစ်ပါတယ်။
နိဒါန်း
ထိုင်ဝမ်ပုစ္ဆာကိုဖြေရှင်းခြင်းနဲ့ တရုတ်နိုင်ငံရဲ့ အပြည့်အဝပြန်လည် ပေါင်းစည်းရေးကို နားလည်သိရှိခြင်းဆိုတာ တရုတ်နိုင်ငံတော်ကြီးရှိ သားသမီးများ အားလုံးရဲ့ တူညီပြင်းပြတဲ့ ရည်မှန်းချက် ဆန္ဒဖြစ်ပါတယ်။
ဒါဟာ တရုတ်နိုင်ငံရဲ့သွေးသစ်လောင်းမှုကို နားလည်သဘောပေါက် သိရှိစေရေးအတွက် မရှိမဖြစ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ကွန်မြူနစ်ပါတီ (CPC) ရဲ့သမိုင်းပေး တာဝန်ကြီး တစ်ရပ်လည်းဖြစ်သလို ဒီရည်မှန်းချက်ကို ရရှိအောင်မြင်စေရေးအတွက် CPC ၊တရုတ်အစိုးရနဲ့ တရုတ်ပြည်သူများ အားလုံးက ဆယ်စုနှစ်ပေါင်း များစွာကြာ အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိပါတယ် ဆိုပြီး စက္ကူဖြူစာတမ်းရဲ့ နိဒါန်းအနေနဲ့ ဖော်ပြထားတာကို တွေ့ရပါတယ်။
၂၀၁၂ ခုနှစ်မှာကျင်းပတဲ့ (၁၈)ကြိမ်မြောက် အမျိုးသားညီလာခံက တရုတ်မူတရုတ်ဟန်ဖြင့် ဆိုရှယ်လစ်စနစ်ကို ထူထောင်ရာမှာ ခေတ်သစ်ကာလ တစ်ခုကိုရောက်ရှိပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ရှီကျင့်ဖျင်ကို မဏ္ဍိုင်ပြုကာ တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီရဲ့ ခိုင်မာတဲ့ခေါင်းဆောင်မှုအောက်မှာ CPC နဲ့ တရုတ်အစိုးရတို့က ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး တီထွင်ဆန်းသစ်တဲ့ နည်းလမ်းအသစ်တွေကို ဖော်ထုတ်ခဲ့ပါတယ်။ သူတို့က ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေး၊ ထိုင်ဝမ် ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရေး၊ နိုင်ငံတော်ပြန်လည် ပေါင်းစည်းရေးဆီသို့ တိုးမြှင့်ရေးတို့အတွက် လျှောက်ရမယ့် လမ်းကြောင်းကိုလည်း ဆက်လက်ရေးဆွဲ ခဲ့ပါတယ်။
ဒါပေမဲ့ မကြာသေးမီ နှစ်များအတွင်းက ဒီမိုကရက်တစ် တိုးတက်သောပါတီ (DPP)ဦးဆောင်တဲ့ ထိုင်ဝမ် တာဝန်ရှိသူများဟာ နိုင်ငံကို နှစ်ခြမ်းကွဲစေရေး အတွက် ပိုမိုအားစိုက် လုပ်ဆောင်လာတဲ့အပြင် တချို့သော ပြင်ပအင်အားစုများကလည်း တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရေးအတွက် ထိုင်ဝမ်ကို အသုံးချဖို့ကြိုးပမ်းလာကာ တရုတ်နိုင်ငံအနေနဲ့ အပြည့်အဝပြန်လည် ပေါင်းစည်းရေးကို မရရှိစေဖို့ ဟန့်တားပြီး နိုင်ငံတော်သွေးသစ်လောင်းမှု လုပ်ငန်းစဉ်ကိုလည်း ရပ်ဆိုင်းစေခဲ့ပြန်ပါတယ်။
တရုတ်အစိုးရအနေနဲ့ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး စက္ကူဖြူစာတမ်း နှစ်စောင်ထုတ်ပြန်ခဲ့ပြီးဖြစ်ကာ အဲဒီနှစ်စောင်စလုံးက ထိုင်ဝမ်ပုစ္ဆာကို ဖြေရှင်းမှုနဲ့ ပတ်သက်ပြီး အခြေခံသဘောတရားတွေ၊ မူဝါဒတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အသေးစိတ်ကျကျ ဖော်ပြခဲ့ပါတယ်။
အခုထုတ်ပြန်တဲ့ စာတမ်းကတော့ ထိုင်ဝမ်ကျွန်းဆိုတာ တရုတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်းကို ထပ်လောင်းပြောဆိုဖို့၊ CPC နဲ့တရုတ်ပြည်သူများက နိုင်ငံတော်ပြန်လည် ပေါင်းစည်းရေးအတွက် သူတို့ပေးထားတဲ့ ကတိအပေါ် ဖြေရှင်းမှုကို ဖော်ညွှန်းဖို့နဲ့ ခေတ်သစ်ကာလမှာ CPC နဲ့တရုတ်အစိုးရတို့ရဲ့ ရပ်တည်ချက်နဲ့ မူဝါဒများကို အလေးပေး ပြောဆိုဖို့အတွက် ဖြစ်ပါတယ်။
ထိုင်ဝမ်က တရုတ်နိုင်ငံရဲ့တစ်စိတ်တစ်ပိုင်းဆိုတာ မငြင်းနိုင်တဲ့အမှန်တရား
ထိုင်ဝမ်ကျွန်းဆိုတာ ရှေးတုန်းကတည်းက တရုတ်နိုင်ငံပိုင် နယ်နိမိတ်ဖြစ်ပါတယ်။ ဒီအကြောင်းကိုပြောရမယ်ဆိုရင် သမိုင်းကြောင်းနဲ့ ဥပဒေနည်းလမ်းတို့အရ ပြောရပါလိမ့်မယ်။
ဆွေမင်းဆက်တုန်းက တော်ဝင်ခုံရုံးဟာ အဲဒီအချိန်တုန်းက လူချူလို့ခေါ်တဲ့ ယနေ့ထိုင်ဝမ်ကျွန်းကို စစ်သည်တွေစေလွှတ်ခဲ့ပါတယ်။ ဆုန်မင်းဆက်နဲ့ ယွမ်မင်းဆက်တို့ခေတ်မှာတော့ တရုတ်အင်ပါယာ အစိုးရများက ဖန်းဟူနဲ့ ထိုင်ဝမ်ကျွန်းတို့မှာ တရားစီရင်ရေးကို ကျင့်သုံးနိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့တွေကို စေလွှတ်ခဲ့ပါတယ်။
၁၆၂၄ ခုနှစ်မှာ ဒတ်(ချ်)လူမျိုးများက ထိုင်ဝမ်ကျွန်း တောင်ပိုင်းကို ကျူးကျော် သိမ်းပိုက်ခဲ့ပေမယ့် ၁၆၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ကျန်းချန်းကောင်းက သူရဲကောင်း တစ်ယောက်အနေနဲ့ နယ်ချဲ့တွေကို တွန်းလှန်တိုက်ထုတ် နိုင်ခဲ့ပါတယ်။ ၁၆၈၄ ခုနှစ်မှာ ထိုင်ဝမ်ကျွန်းဟာ ဖူကျန်းပြည်နယ် လက်အောက်မှာရှိတဲ့ စီရင်စုတစ်ခုသာ ဖြစ်ခဲ့ပေမယ့် ၁၈၈၅ ခုနှစ်မှာတော့ တရုတ်နိုင်ငံရဲ့အခု ၂၀ မြောက်ပြည်နယ်အဖြစ်ကို တိုးမြှင့်ခြင်း ခံခဲ့ရပါတယ်။
၁၈၉၄ ခုနှစ်မှာ ဂျပန်တို့က တရုတ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ပြီး ၁၈၉၅ ခုနှစ်မှာ စစ်ရှုံးတဲ့ ချင်မင်းဆက်က ဖန်းဟူနဲ့ ထိုင်ဝမ်ကျွန်းတို့ကို ဂျပန်တို့လက် အပ်လိုက်ရပါတယ်။ ၁၉၄၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှာတော့ တရုတ်၊ အမေရိကန်နဲ့ဗြိတိန်တို့က သုံးနိုင်ငံ မဟာမိတ်ဖွဲ့ပြီး တရုတ်နိုင်ငံဆီကနေ ဂျပန်တို့ခိုးယူထားတဲ့ နယ်မြေများအားလုံး ပြန်လည်သိမ်းပိုက်ဖို့ အတွက်ရည်ရွယ်ကာ ကိုင်ရိုကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
၁၉၄၅ ခုနှစ် စက်တင်ဘာလမှာ ဂျပန်ကစစ်ရှုံးကြောင်း ကြေညာချက်ကို လက်မှတ်ထိုးပြီး တစ်ဆက်တည်းမှာပဲ မဟာမိတ် သုံးနိုင်ငံနဲ့ဆိုဗီယက် ပြည်ထောင်စုတို့ သဘောတူ အတည်ပြုထားတဲ့ကြေညာချက်တွေကို အပြည့်အဝ လိုက်နာသွားမယ်လို့ ကတိပေးတာကြောင့် အောက်တိုဘာ ၂၅ ရက်မှာ တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းအပေါ် အုပ်ချုပ်ရေး အာဏာကို ပြန်လည်ကျင့်သုံး နိုင်ခဲ့ပါတယ်။
ဒါကြောင့် သဘောသဘာဝအရ ပြောရမယ်ဆိုရင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ ထိုင်ဝမ်ကျွန်းအပါအဝင် တရုတ်တစ်နိုင်ငံလုံးရဲ့ အချုပ်အခြာ အာဏာကို အပြည့်အဝ ကျင့်သုံးပိုင်ခွင့်ရှိပါတယ်။
၁၉၄၀ ပြည့်နှစ်အလွန် ကာလမှာ တရုတ်ပြည်တွင်းစစ် ဖြစ်ပွားမှုနဲ့ ပြင်ပအင်အားစုတွေရဲ့ ကြားဝင်စွက်ဖက်မှုကြောင့် ထိုင်ဝမ်ရေလက်ကြားရဲ့ဟိုဘက်၊ ဒီဘက်မှာရှိတဲ့ နှစ်ဖက်စလုံးက ရေရှည်နိုင်ငံရေး ထိပ်တိုက်ရင်ဆိုင်မှုဆိုတဲ့ အခြေအနေတစ်ခုဆီကို ကျဆင်းသွားရပါတယ်။ ဒါပေမဲ့လည်း တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေကတော့ ဘယ်တုန်းကမှ ခွဲထွက်သွားရတာ မရှိသလို ခွဲထွက်လာမှုကိုလည်း ဘယ်တော့မှ ခွင့်ပြုသွားမှာမဟုတ်ပါဘူး။
၁၉၇၁ ခုနှစ်မှာကျင်းပတဲ့ ၂၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ မှာဆိုရင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့အစိုးရကိုသာ ကုလသမဂ္ဂမှာ ကိုယ်စားလှယ် ထားခွင့်ပေးပြီး ချန်ကေရှိတ်တို့ရဲ့ ကိုယ်စားလှယ်အဖွဲ့ကိုတော့ ကုလသမဂ္ဂကနေ နှင်ထုတ်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ထိုင်ဝမ်ကျွန်းပါဝင်တဲ့ တရုတ်နိုင်ငံသည် တစ်နိုင်ငံတည်းသာရှိပြီး တရုတ်နိုင်ငံ နှစ်နိုင်ငံ မရှိကြောင်း၊ ဒါမှမဟုတ် တရုတ်တစ်နိုင်ငံ၊ ထိုင်ဝမ်တစ်နိုင်ငံဟူ၍ မရှိကြောင်းကိုလည်း အတိအလင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကုလသမဂ္ဂက ထိုင်ဝမ်ကိုလည်း တရုတ်နိုင်ငံရဲ့ ပြည်နယ်တစ်ခုအဖြစ်နဲ့သာ သတ်မှတ်ရည်ညွှန်း ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် တရုတ်တစ်နိုင်ငံတည်း ဆိုတဲ့ အခြေခံသဘောတရားဟာ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ လက်ခံထား တဲ့ အမှန်တရားဖြစ်ပြီး ဒီကနေ့အချိန်အထိ အဲဒီအခြေခံ သဘောတရားကိုလက်ခံကာ တရုတ်နိုင်ငံနဲ့ တရားဝင်သံတမန် ဆက်ဆံရေး ထူထောင်ထားတဲ့ နိုင်ငံစုစုပေါင်းက အမေရိကန်အပါအဝင် ၁၈၁ နိုင်ငံရှိ ပါတယ်။ ၁၉၇၈ ခုနှစ် ဒီဇင်ဘာလ မှာထုတ်ပြန်တဲ့ တရုတ်-အမေရိကန်တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်မှု ပူးတွဲသဘောတူ ကြေညာချက်မှာဆိုရင်လည်း “တရုတ်နိုင်ငံဆိုတာ တစ်နိုင်ငံတည်းသာရှိပြီး ထိုင်ဝမ်ဆိုတာ တရုတ်နိုင်ငံရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့ အချက်ကို အမေရိကန်ပြည်ထောင်စု အစိုးရက အသိအမှတ်ပြုကြောင်းနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစိုးရကိုသာ တရုတ်နိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရ အဖြစ် သတ်မှတ်ကြောင်း”ဖော်ပြထားပါသေးတယ်။
တရုတ်နိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ခွဲထွက်ခွင့် တားမြစ်ဥပဒေ၊ အမျိုးသားလုံခြုံရေး ဥပဒေတို့မှာလည်း ထိုင်ဝယ်ကျွန်းဟာ တရုတ်နိုင်ငံရဲ့ လက်အောက်မှာသာ ရှိကြောင်း ဖော်ပြထားပါတယ်။
ဒီအတွက်ကြောင့် သမိုင်းကြောင်းအရပဲ ပြောမလား၊ တရားဥပဒေအရပဲ ဆိုမလား ထိုင်ဝမ်ကျွန်းဆိုတာ တရုတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတာကတော့ မငြင်းနိုင်တဲ့ အမှန်တရားပဲဖြစ်ပါတယ်။ ထိုင်ဝမ်ကျွန်းဆိုတာ ဘယ်တုန်းကမှ နိုင်ငံတစ်နိုင်ငံမဖြစ်ခဲ့သလို တရုတ်နိုင်ငံရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ တစ်ကယ်လို့များ ဒီအမှန်တရားကို ပုံပျက်အောင်လုပ်မယ် ဒါမှမဟုတ် တရုတ်တစ်နိုင်ငံတည်းဆိုတဲ့ အခြေခံ သဘောတရားကို ငြင်းပယ်မယ်ဆိုရင် အဲဒီလိုလုပ်ဖို့ကြိုးစားမှုတွေ အားလုံးဟာ နောက်ဆုံးမှာအရှုံးနဲ့သာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ စာအပြည့်အဝ ပြန်လည်ပေါင်းစည်းရေးကို သိရှိစေဖို့ CPC ရဲ့ခိုင်မာတဲ့ ကြိုးပမ်းအားထုတ်မှု တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်သူလူထု တစ်ရပ်လုံးကောင်းစားရေးနဲ့ နိုင်ငံတော်ကို သွေးသစ်လောင်းရေး အတွက်အမြဲတမ်း ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ စတင်တည်ထောင်ပြီးတဲ့ ၁၉၂၁ ခုနှစ်ကစပြီး CPC ဟာ ထိုင်ဝမ်ကျွန်းကို နယ်ချဲ့ကိုလိုနီ လက်အောက်က လွတ်မြောက်ရေး၊ ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးနဲ့ ထိုင်ဝမ်ကျွန်းရှိ တစ်နည်တည်းသားများ အပါအဝင် တစ်နိုင်ငံလုံး သူ့ကျွန်ဘဝကနေ လွတ် မြောက်စေဖို့အတွက် ရည်မှန်းပြီး အားတတ်သရော ကြိုးပမ်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်တဲ့ ၁၉၄၉ ခုနှစ်ပြီးနောက် မော်စီတုန်း ဦးဆောင်တဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ ထိုင်ဝမ်ပုစ္စာကိုငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် အရေးကြီးတဲ့ လမ်းညွှန်ချက်တွေအဆိုပြုခြင်း၊ အခြေခံသဘော တရားတွေချမှတ်ခြင်း၊ အခြေခံမူဝါဒ ချမှတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ထိုင်ဝမ်တာဝန်ရှိသူ တွေက တရုတ်ပြည်မကြီးကို တိုက်ခိုက်မယ့် အစီအစဉ်ကို ရှောင်လွှဲနိုင်ခဲ့သလို တရုတ်နှစ်နိုင်ငံနဲ့ တရုတ်တစ်နိုင်ငံ၊ ထိုင်ဝမ်တစ်နိုင်ငံ ဖြစ်လာစေရေး ကြိုးပမ်းချက်များကို ဟန့်တားနိုင်ခဲ့ပါတယ်။ အကျိုးရလဒ် အနေနဲ့ကတော့ ကုလသမဂ္ဂမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကိုသာ တရားဝင် အသိအမှတ်ပြု နေရာပေးပြီး တရုတ်တစ်နိုင်ငံတည်းဆိုတဲ့ အခြေခံ သဘောတရားကိုလည်း အင်အားကြီးနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအများစုက အသိအမှတ်ပြုခဲ့တာ ဖြစ်ပါ တယ်။
၁၉၇၈ ခုနှစ် တရုတ်နဲ့အမေရိကန် ပြည်ထောင်စုတို့ ကြား သံတမန်ဆက်ဆံရေး တရားဝင်ထူထောင်ပြီးနောက် တိန့်ရှောင်ဖိန်း ဦးဆောင်တဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး အတွက် အခြေခံ လမ်းညွှန်ချက်ကို ချမှတ်ကာ အဲဒီအချိန်တုန်းက ဆန်းသစ်မှုရှိတဲ့ စိတ်ကူးတစ်ခုကိုလည်း ထုတ်ဖော်မိတ်ဆက် ခဲ့ပါသေးတယ်။ အဲဒီစိတ်ကူးကတော့ တစ်နိုင်ငံ၊ အုပ်ချုပ်မှုစနစ် နှစ်မျိုးဖြစ်ပါတယ်။ အဲဒီစိတ်ကူးအတိုင်းပဲ ဟောင်ကောင်နဲ့မကာအို အရေးကိစ္စတွေကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ပြီးတဲ့နောက် ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုကို လျှော့ချနိုင်ရေးအတွက် ထိုင်ဝမ်နဲ့ ဆက်သွယ်မှုပြန်ယူခြင်း၊ ပြည်သူအချင်းချင်း ကူးလူးဖလှယ်ကာ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးအတွက် အခန်းကဏ္ဍအသစ်ကို ဖွင့်လှစ်ခြင်းတို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
၁၉၈၉ ခုနှစ် ကျန်ဇီမင်း+းဆောင်တဲ့ တရုတ်ပြည်သူ့ကွန်မြူနစ်ပါတီဗဟိုကော်မတီက ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေး တိုးတက်စေရေးနဲ့ တရုတ်နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးတို့အတွက် အဆိုပြုချက် ရှစ်ချက်ကို တင်သွင်းခဲ့ပါတယ်။ အဲဒီနောက် နှစ်ဘက်အဖွဲ့မှ အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်များအကြား ဆွေးနွေးညှိနှိုင်း တိုင်ပင်ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ လီတန်းဟွေး ဦးဆောင်တဲ့ ထိုင်ဝမ်ကျွန်းလွတ်လပ်ရေး လှုပ်ရှားမှုကိုတော့ ထိရောက်စွာ တုံ့ပြန်ခဲ့ပါတယ်။
အလားတူ ဟူကျင်းတောင် လက်ထက် တရုတ်ကွန်မြူနစ်ပါတီက ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေး ငြိမ်းချမ်းစွာ တိုးတက်မှုရဲ့ အရေးကြီးပုံကို ထောက်ပြခဲ့ပါတယ်။ ဒီအတွက် CPC နဲ့ ကူမင်တန်ပါတီတို့ကြားက ထိပ်ပိုင်းခေါင်းဆောင် တွေဟာ ဆယ်စုနှစ်ခြောက်ခု အတွင်း ပထမဆုံးအနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့သလို လွတ်လပ်ရေးအတွက် ဥပဒေကြောင်းအရ လုပ်ဇာတ်ခင်းတဲ့ ချန်ရွှေဗျန်းရဲ့ လုပ်ဆောင်ချက်ကိုလည်း တားမြစ်နိုင်ခဲ့ပါ တယ်။
လက်ရှိသမ္မတရှီကျင့်ဖျင် လက်ထက်မှာတော့ တရုတ်ကွန်မြူနစ်ပါတီက တစ်နိုင်ငံ၊ အုပ်ချုပ်မှုစနစ် နှစ်မျိုးမူဝါဒကို ဆက်လက်စွဲကိုင်ကာ နိုင်ငံတော်ပြန်လည် ပေါင်းစည်းရေးအတွက် တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်မှုအနေနဲ့ ရေလက်ကြား ဖြတ်ကျော်ဆက်ဆံရေး ခိုင်မာစေဖို့နဲ့ တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းစွာပြန်လည် ပေါင်းစည်းရေးတို့အတွက် လမ်းကြောင်းခင်းနိုင်ဖို့ ဆောင်ရွက်ချက် အများအပြားကို လုပ်ဆောင်ခဲ့ပါသေးတယ်။ အဲဒီထဲမှာ ထိုင်ဝမ်ကျွန်းအပေါ် တရုတ်ပြည်မကြီးရဲ့ များပြားလှစွာသော ကူညီပေးမှုတွေလည်း ပါဝင်ပါတယ်။
တရုတ်နိုင်ငံရဲ့ အပြည့်အဝ ပြန်လည်ပေါင်းစည်းရေး ဆိုတာ ဘယ်သူမှရပ်တန့်ခြင်းငှာ မစွမ်းသာတဲ့ လုပ်ငန်းစဉ်တစ်ခု တရုတ်ပြည်တွင်းရေး အခြေအနေနဲ့ နိုင်ငံတကာ အခြေအနေများ ပြောင်းလဲမှုက တရုတ်အစိုးရရဲ့ အပြည့်အဝပြန်လည် ပေါင်းစည်းရေး လမ်းကြောင်းအပေါ် ကြီးစွာသော ခြိမ်းခြောက်မှုများ ကျရောက်လာစေပါတယ်။ ဒါပေမဲ့ CPC နဲ့ တရုတ် အစိုးရတို့က ဒီလိုရှုပ်ထွေးလှတဲ့ အန္တရာယ်တွေကို ကျော်လွှားဖို့ ယုံကြည်ချက်နဲ့ ခွန်အားရှိတဲ့အပြင် နိုင်ငံတော်ပြန်လည် ပေါင်းစည်းရေး အတွက် လမ်းကြောင်းအပေါ်ကိုလည်း ရှေ့ဆက်လျှောက်လှမ်း သွားမှာဖြစ်ပါတယ်။
ဒီလိုလျှောက်လှမ်းသွားဖို့ အတွက်ရာမှာလည်း အကြောင်းအရာ လေးရပ်ကို ချမှတ်ထားပါသေးတယ်။ အဲဒါတွေကတော့ နိုင်ငံတော်ကို သွေးသစ်လောင်းခြင်းအတွက် အပြည့်အဝပြန်လည် ပေါင်းစည်းရေးက အရေးကြီးတယ်ဆိုတ ဲ့အကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးက ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးအတွက်ဦးတည်ချက်ကို သတ်မှတ်တယ်ဆိုတဲ့ အကြောင်း၊ ပြန်လည်ပေါင်းစည်းရေးကို ဟန့်တားတဲ့ ခွဲထွက်ရေး အဖွဲ့တွေရဲ့ မည်သည့်ကြိုးပမ်းမှုမဆို ကျရှုံးခြင်းနဲ့သာ အဆုံးသတ်ရမယ်ဆိုတဲ့ အကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ အပြည့်အဝပြန်လည် ပေါင်းစည်းရေးကို ကြားဝင်နှောင့်ယှက်တဲ့ ပြင်ပအင်အားစုများ အနေနဲ့ အတိအကျ ချေမှုန်းခံရမယ်ဆိုတဲ့ အကြောင်းတို့ပဲဖြစ်ပါတယ်။
အထူးသဖြင့် ပြင်ပအင်အားစုတွေက တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လျော့နည်းစေဖို့အတွက် ထိုင်ဝမ်ကျွန်းကို ပုစွန်ဆိတ်တစ်ကောင်လို အသုံးချနေပြီး တရုတ်နိုင်ငံရဲ့ သွေးသစ်လောင်းမှုကို ဟန့်တား နှောင့်ယှက်နေပါတယ်။ သူတို့တွေဟာ ထိုင်ဝမ်ပြည်သူတွေရဲ့ အသက်သွေးချွေး၊ အကျိုးစီးပွားနဲ့ အနာဂတ်တို့ကို လောင်းကြေးထပ်ပြီး သူတို့ရဲ့အကျိုး စီးပွားအတွက်သာ အကောင်အထည် ဖော်နေတာပါ။ ဒါ့အပြင် ပြင်ပအင်အားစုတွေဟာ ထိုင်ဝမ်ခွဲထွက်ရေး အင်အားစုတွေကို မြှောက်ထိုးပင့်ကော် လုပ်ခြင်းကြောင့် ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးတင်းမာပြီး ထိပ်တိုက်တွေ့ဆုံမှု တွေအထိဖြစ်ကာ အာရှ-ပစိဖိတ် ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အားနည်းလာစေပါတယ်။
ခေတ်သစ်ကာလ နိုင်ငံတော်ပြန်လည် ပေါင်းစည်းရေး နိုင်ငံတော်ပြန်လည် ပေါင်းစည်းရေးဆိုတဲ့ နေရာမှာ ရာစုနှစ် တစ်ခုအတွင်း ဘယ်တုန်းကမှ မမြင်ခဲ့ဖူးတဲ့ အတိုင်းအတာနဲ့ တစ်ကမ္ဘာလုံး ပြောင်းလဲနေတာကြောင့် နိုင်ငံတော် သွေးသစ်လောင်းမှုအတွက် ရည်မှန်းချက်ကို ထည့်သွင်းစဉ်းစားရာမှာ CPC နဲ့တရုတ်အစိုးရတို့က ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး CPC ရဲ့အခြေခံ လမ်းညွှန်ချက်တွေကို လိုက်နာကာ အခြေခံ သဘောတရားများနဲ့ မူဝါဒများကို အကောင်အထည် ဖော်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရေလက်ကြားဖြတ်ကျော် ငြိမ်းချမ်းစွာ ဆက်ဆံရေးအတွက် စွမ်းအားကုန်ကြိုးပမ်း ဆောင်ရွက်ကာ နှစ်ဘက်စလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုများကို ပေါင်းစည်းပြီး နိုင်ငံတော်ပြန်လည် ပေါင်းစည်းရေးဦးတည် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ဒီလိုဦးတည်လုပ်ဆောင်ရာမှာလည်း အကြောင်းအရာ လေးရပ်ကို ချမှတ်ထားပါသေးတယ်။ အဲဒါတွေကတော့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးနဲ့ တစ်နိုင်ငံ၊ အုပ်ချုပ်မှုစနစ်နှစ်မျိုး အခြေခံသဘောတရားများကို ဆက်လက်စွဲကိုင်ထား ခြင်း၊ ရေလက်ကြားဖြတ်ကျော် ငြိမ်းချမ်းစွာဆက်ဆံရေးနဲ့ ပေါင်းစည်းဖွံ့ဖြိုး တိုးတက်မှုကို တိုးမြှင့်ခြင်း၊ ခွဲထွက်ရေးဝါဒ နဲ့ ပြင်ပကြားဝင် စွက်ဖက်မှုများကိုချေမှုန်းခြင်း၊ နိုင်ငံတော်ပြန်လည် ပေါင်းစည်းရေးနဲ့ သွေးသစ်လောင်းခြင်း အတွက် ိုင်ဝမ်ရှိတရုတ်တစ် နိုင်ငံတည်းသားများနှင့်အတူ တကွပူးပေါင်းဆောင်ရွက်ခြင်း တို့ပဲဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးအတွက် တောက်ပနေတဲ့ အလားအလာ တစ်နိုင်ငံ၊ အုပ်ချုပ်မှုစနစ်နှစ်မျိုးအရ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်း သွားပြီဆိုရင်တော့ နိုင်ငံတော်သွေးသစ်လောင်းမှုနဲ့ နောက်ထပ်ဖွံ့ဖြိုး တိုးတက်မှုတွေ ရရှိစေဖို့အတွက် အုတ်မြစ်အသစ်များကို ချမှတ်သွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ထိုင်ဝမ်ကျွန်းမှာ လူမှုရေးနဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားလှစွာသော အခွင့်အလမ်းကောင်း များကို ဖန်တီးပေးသွားမှာဖြစ်ပြီး ထိုင်ဝမ်ရှိ တရုတ်တစ်နိုင်ငံတည်းသား များအတွက် လက်တွေ့ကိုင်တွယ်လို့ရတဲ့ အကျိုးကျေးဇူးများကို ဖော်ဆောင်ပေးသွားမှာဖြစ်ပါတယ်။
ဒီလိုဖော်ဆောင်သွားမယ့် အတွက်လည်း အကြောင်းအရာ လေးရပ်ကို သတ်မှတ်ထားပါသေးတယ်။ အဲဒါတွေကတော့ ထိုင်ဝမ်ကျွန်းဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားကျယ်ပြောတဲ့ နေရာတစ်ခု ရှိလာမှာဖြစ်ကြောင်း၊ ထိုင်ဝမ်ကျွန်းရှိ ပြည်သူများရဲ့ အခွင့်အရေးများနဲ့ အကျိုးစီးပွားများကို အပြည့်အဝကာကွယ် ပေးသွားမှာဖြစ်ကြောင်း၊ ထိုင်ဝမ်ရေလက် ကြားတစ်ဖက်တစ်ချက်ဆီမှာ ရှိကြတဲ့သူတွေအားလုံး နိုင်ငံတော် သွေးသစ်လောင်းမှုရဲ့ အောင်မြင်မှုကို မျှဝေသွားမှာ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံပြန်လည် ပေါင်းစည်းရေးက အာရှ-ပစိဖိတ်ဒေသနဲ့တခြားကမ္ဘာ့ဒေသ အသီးသီးမှာပါ ငြိမ်းချမ်း မှုနဲ့ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူဖြစ်စေမှာ ဖြစ်ကြောင်းတို့ပဲဖြစ်ပါတယ်။
နိဂုံး
နှစ်ပေါင်း ၅၀၀၀ ကျော်ကြာမြင့်နေပြီဖြစ်တဲ့ တရုတ်နိုင်ငံသမိုင်းဟာ ခမ်းနားထည်ဝါတဲ့ ယဉ်ကျေးမှုကို ကမ္ဘာတစ်ဝန်း ဖြန့်ကြက်ထားနိုင်တဲ့ အထိပါပဲ။ ဒါပေမဲ့ ရာစုနှစ်တစ်ခုကျော်ကြာ ဆင်းရဲဒုက္ခပေါင်းစုံကို ခံစားရပြီးနောက် နိုင်ငံတော်ဟာ အရှက်ကွဲခြင်းကို ကျော်လွှားကာ ရှေ့သို့ဆက်လက် လှမ်းချီနိုင်ခဲ့ပြီး အကန့်အသတ်မဲ့ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးများကို ဖမ်းဆုပ်နိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ နိုင်ငံတော် သွေးသစ်လောင်းမှုဆီကို ဦးတည်လျှောက်လှမ်းနေပါပြီ။
သို့သော် လျှောက်လှမ်းသမျှသော ခရီးလမ်းတိုင်းက ချောမွေ့တယ်ဆိုတာ မရှိနိုင်သော်လည်း ထိုင်ဝမ်ရေလက်ကြား တစ်ဖက်တစ်ချက်ဆီမှာရှိတဲ့ တရုတ်နိုင်ငံသားများက တူညီတဲ့ ရည်မှန်းချက်အတွက် ကာယ၊ ဉာဏခွန်အားတို့ကို စိုက်ထုတ်ကာ ထိုင်ဝမ်အရေးမှာ ပြင်ပကြားဝင်စွက်ဖက်မှုကို လက်မခံဘဲ နိုင်ငံတော်ကို နှစ်ခြမ်းကွဲစေမယ့် ဘယ်လို ကြိုးပမ်းအားထုတ်မှုမျိုးကို မဆိုဖျက်ဆီးကာ နိုင်ငံတော်ပြန်လည် ပေါင်းစည်းရေးနဲ့ သွေးသစ်လောင်းရေး အတွက် ကြီးမားတဲ့ အင်အားစုအဖြစ် ပေါင်းစည်းသွားမှာပါ။
သုံးသပ်ချက်
အထက်ပါအကြောင်းအရာ အချက်အလက်များကတော့ တရုတ်အစိုးရက ထုတ်ပြန်တဲ့ ထိုင်ဝမ်ကျွန်းအရေးစက္ကူဖြူ စာတမ်းပါ အကြောင်းအရာ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
အဲဒီအကြောင်းအရာတွေကို ဖတ်ရှုလိုက်တဲ့အခါ ထိုင်ဝမ်ကျွန်းဆိုတာ တရုတ်နိုင်ငံရဲ့ ခွဲခြားမရတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း သမိုင်းနဲ့ချီပြီး ပြောသွားတာကို တွေ့ရပါတယ်။ တစ်ကယ်တမ်းပြန်ကြည့်ရင်လည်း နိုင်ငံတကာဥပဒေအရ ဖြစ်စေ၊ တရုတ်ဥပဒေ အရဖြစ်စေ၊ ကမ္ဘာ့နိုင်ငံများရဲ့ လက်ခံမှုအရဖြစ်စေ ထိုင်ဝမ်ကျွန်းဆိုတာ တရုတ်နိုင်ငံကြီးရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း အထင်အရှား တွေ့ရပါတယ်။
နောက်တစ်ခုက တရုတ်နိုင်ငံတော် ပြန်လည်ပေါင်းစည်းရေး အတွက် တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်အစိုးရ အဆက်ဆက်တို့က အားသွန်ခွန်စိုက်ကြိုးပမ်း လာတာ ပကတိအမှန်တရား ဖြစ်နေပါတယ်။ တစ်ကယ်တမ်း တရုတ်ပြည်မကြီး အနေနဲ့ ထိုင်ဝမ်လို ကျွန်းသေးသေးလေးကို အင်အားသုံးပြီး တက်သိမ်းမယ်ဆိုရင်တောင်မှ သိမ်းနိုင်တဲ့ အနေအထားရှိပါတယ်။ ဒါပေမဲ့ ကိုယ့်တစ်ပြည်ထဲသားတွေ ဆိုတဲ့စိတ်နဲ့ နိုင်ငံတော်ကြီး ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကိုသာ အစဉ်ရှေးရှု လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။
ဒီလိုရှေးရှု လုပ်ဆောင်မှုကို ဘယ်သူတစ်ဦးတစ်ယောက်ကမျှ ကြားဝင်ဟန့်တား နှောင့်ယှက်ဖျက်ဆီးခြင်းငှာ မစွမ်းသာစေဖို့ ခိုင်မာတဲ့ မူဝါဒတွေချမှတ်ပြီး အစဉ်တစိုက် အကောင်အထည်ဖော်နေတာကိုလည်း တွေ့ရပါတယ်။ ခေတ်သစ်ကာ လနိုင်ငံတော်ပြန်လည် ပေါင်းစည်းရေးမှာဆိုရင်လည်း တစ်နိုင်ငံ၊ အုပ်ချုပ်မှုစနစ် နှစ်မျိုးဆိုတဲ့ သတ်မှတ်ချက်အောက်မှာ နိုင်ငံတော်ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးနဲ့ နိုင်ငံတော် သွေးသစ်လောင်းရေး တို့ကို တရုတ်ပြည်မကြီးက ထိုင်ဝမ်ကျွန်းရှိ တစ်နိုင်ငံတည်းသားများနဲ့ အတူတကွ ပေါင်းစည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီလိုငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းသွားပြီ ဆိုရင်တော့ တရုတ်နဲ့ ဟောင်ကောင်ကြား၊ တရုတ်နဲ့ မကာအိုကြား ရရှိခဲ့တဲ့ အပြန်အလှန် ဆက်ဆံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိုင်ဝမ်ကျွန်းအနေနဲ့ လက်ခံရရှိကာ အဲဒီကနေမှတစ်ဆင့် ဒေသတွင်းသာမက ကမ္ဘာ့ဒေသ အသီးသီးမှာပါ ငြိမ်းချမ်းရေးရဲ့အသီးအပွင့်ကို ခံစားနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ထိုင်ဝမ်ကျွန်းဆိုက တရုတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာကို သမိုင်းကြောင်းအရနဲ့ ဥပဒေ ကြောင်းများအရ ဘယ်လိုမှငြင်းပယ်လို့ မရတဲ့အမှန်တရားဖြစ်ပြီး တရုတ်အစိုးရက လုပ်ဆောင်နေတဲ့ နိုင်ငံတော်ပြန် လည် ပေါင်းစည်းရေးဆိုတာကလည်း တစ်ကယ်လက်တွေ့ အလုပ်ဖြစ်စေတဲ့ လုပ်ငန်းစဉ်ဖြစ်တာကြောင့် အောင်မြင်ပါစေကြောင်း ဆုတောင်းကာ အင်အားကြီး နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ဝိုင်းဝန်းထောက်ပံ့ ပေးသင့် ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။
ထက်မြတ်