
“တရုတ်ဆိုတာ တစ်နိုင်ငံတည်းပါ”
၂၀၂၂ ခုနှစ်တွင် ကမ္ဘာကြီးမှာ စစ်မီးသံများ ဆက်တိုက်ထွက်ပေါ်လာ၏။ ဖန်တီးသူ မီးပွားစပေးသူက တစ်ဦးတည်းသာဖြစ်၏။ စစ်ငွေ့သန်းသည့် နေရာကို လေ့လာကြည့်လျှင် ကမ္ဘာကြီး၏ အနောက်ခြမ်းမှသည် အရှေ့ခြမ်းဆီသို့ ရွေ့စပြုလာ၏။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို NATOအဖွဲ့ထဲသို့ ဝင်ရောက်နိုင်ရေး အတွက် ရုရှားဖြင့် စစ်မီးမွှေးခဲ့၏။ ယခုအထိ အဆုံးမသတ်နိုင်သေး။ ထို့အတူ ၂၀၂၂ ခုနှစ် သြဂုတ်လဆန်းက တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ထိုင်ဝမ်ကျွန်းသို့ အမေရိကန်အောက် လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုဆီရဲ့ ခရီးစဉ်ဖြစ်၏။ အနောက်ဘက်တွင် မီးစမွှေးခဲ့သဖြင့် စွမ်းအင်အစပြုသည့် ဂယက်တို့သည် အနောက်ကမ္ဘာတွင် အတော်လေး လှုပ်လှုပ်ခတ်ခတ် ခံစားနေရပြီဖြစ်၏။ ထိုင်ဝမ်အရေး၏ လှုပ်ခတ်မှုသည်ကား ကမ္ဘာတွင် စီးပွားရေးအရ လှုပ်ခတ်မှုဖြစ်ပေလိမ့်မည်။ ကမ္ဘာ့နိုင်ငံ အများစုနှင့်မြန်မာနိုင်ငံတို့ကပါ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ၏ ထိုင်ဝမ် ခရီးစဉ်အား သဘောမတွေ့လှ။ ကမ္ဘာကြီးကို ငြိမ်းချမ်း သာယာစေချင်၏။ ထို့ကြောင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို မြန်မာနိုင်ငံက အစဉ်တစိုက်လေးနက်စွာ ထောက်ခံခဲ့သည်။
မြန်မာနှင့်တရုတ်နိုင်ငံသည် နယ်နိမိတ်ချင်း ထိစပ်နေ၏။ ကီလိုမီတာပေါင်း ၂၂၀၀ ကျော်လောက် ထိစပ်နေသည့်နိုင်ငံဖြစ်၏။
၎င်းအပြင် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုရှိပြီး နယ်စပ်တွင်နေသည့် တိုင်းရင်းသားတို့မှာလည်း တူညီမှုရှိ၏။ နှစ်နိုင်ငံ နယ်စပ်ဒေသရှိ တိုင်းရင်းသားများမှာ တိုင်းရင်းသား မျိုးနွယ်တူသာမက လူနေမှု စနစ်ပါ တူညီမှုရှိကြ၏။ သမိုင်းကြောင်း အရ တရုတ်-မြန်မာ နှစ်နိုင်ငံတို့အကြား သံတမန်ခင်း ဆက်ဆံရေးသည် အေဒီ ၈၀၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ ပျူကိုယ်စားလှယ်အဖွဲ့က တရုတ်နိုင်ငံ ထန်မင်းဆက် လက်ထက် မြို့တော်ဖြစ်သည့် ချန်းအန်မြို့သို့ ချစ်ကြည်ရေးခရီး သွားရောက်သည့် အချိန်ကစသည်ဟု မှတ်တမ်းများအရသိရ၏။ ထိုအချိန်မှစ၍ နှစ်နိုင်ငံဘုရင်များ အဆက်ဆက် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးဖြင့် တရားဝင် ဆက်ဆံရေးကို ထူထောင်လာခဲ့၏။ မြန်မာသက္ကရာဇ် ၆၄၀ ပြည့်နှစ် ပုဂံမင်း နရသီဟပတေ့နှင့် တရုတ်မွန်ဂိုဘုရင် ကူဗလိုင်ခန်တို့ မပြေမလည် ဖြစ်ခဲ့ရာ ၎င်းကိစ္စအား ပြေလည်မှုရစေရန် အတွက် နရသီဟပတေ့မင်း၏ ဆရာတော် ရှင်ဒိသာပါမောက်သည် တရုတ်ပြည် ပီကင်းသို့ သွားရောက်၍ ကူဗလိုင်ခန်နှင့် တွေ့ဆုံပြီး သံတမန်ရေးရာ ကျွမ်းကျင်လိမ္မာစွာ ဆောင်ရွက်နိုင်ခဲ့သည့် အောင်မြင်မှုများကိုလည်း တွေ့ရ၏။
၁၉ ရာစုအစပိုင်းတွင် အနောက်နိုင်ငံမှ နယ်ချဲ့များ တရုတ်နိုင်ငံသို့ စတင်ရောက်ရှိလာခဲ့ပြီး ထိုအထဲမှ ဗြိတိသျှတို့သည် တရုတ်နိုင်ငံသို့ ဘိန်းများ တင်သွင်းစေ၍ နိုင်ငံအား အင်အားချည့်နဲ့စေရန် ဆောင်ရွက်ခဲ့သည်။ ဘိန်းတင်သွင်းမှုကြောင့်လည်း ၁၈၄၁ ခုနှစ်မှ ၁၈၄၂ ခုနှစ်အထိ ပထမဘိန်းစစ်ပွဲ၊ ၁၈၅၆ ခုနှစ်မှ ၁၈၆၀ ပြည့်နှစ်အထိ ဒုတိယဘိန်းစစ်ပွဲတို့ကို ဆင်နွှဲခဲ့ရပြီး ၎င်းစစ်ပွဲများတွင် အရေးနိမ့်မှုမှသည် တရုတ်ဘုရင်တို့၏ သြဇာကျဆင်းခဲ့ရသည်။ ထို့အတူ မြန်မာနိုင်ငံတွင်လည်း အင်္ဂလိပ်-မြန်မာစစ်ပွဲကြီးများ ဖြစ်ပွားနေသည့်ကာလဖြစ်သဖြင့် အိမ်နီးချင်းနှစ်နိုင်ငံ၏ သမိုင်းကြောင်းများလည်း နီးစပ်မှုရှိကြ၏။ မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်ပြုသည့် ကြေညာချက်တစ်ရပ်အား ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့၏။ ထိုကဲ့သို့ မြန်မာနိုင်ငံ၏ တရုတ်နိုင်ငံအပေါ် ကြိုဆိုထောက်ခံခြင်းသည် အာရှတိုက်တွင် ပထမဆုံး အသိအမှတ်ပြုသည့် နိုင်ငံဖြစ်၏။
၁၉၄၅-၁၉၅၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်တို့သည် မြန်မာနယ်စပ်နှင့် မြန်မာနိုင်ငံအတွင်းသို့ ရိုက်ခတ်မှုရှိ၏။ ထို့အတူပင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်ဖြစ်ပေါ် ပြောင်းလဲမှုတို့သည်လည်း တရုတ်နိုင်ငံ နယ်စပ်နှင့်တရုတ်နိုင်ငံ အထိလည်း ရိုက်ခတ်မှုရှိခြင်းသည် ထူးခြားချက်များပင်ဖြစ်၏။ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ထောက်ခံမှုဖြင့် ကူမင်တန်အစိုးရသည် ၁၉၇၁ ခုနှစ်မတိုင်ခင် အထိတရုတ်နိုင်ငံ၏ တရားဝင် အစိုးရအဖြစ် ကမ္ဘာ့ကုလသမဂ္ဂတွင် နေရာရခဲ့သည်။
တရုတ်ပြည်မက ၁၉၇၁ ခုနှစ်တွင် ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်လာသော အခါမှ ကူမင်တန်(ထိုင်ဝမ်) အစိုးရသည် ကုလသမဂ္ဂ အဖွဲ့ဝင်အဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားခဲ့သည်။ ၁၉၅၀ ပြည့်နှစ် ကာလအတွင်း တရုတ်ဖြူ ကူမင်တန်များသည် အမေရိကန်၏ အကြံပေးမှုဖြင့် မြန်မာနိုင်ငံ နယ်စပ်တွင် ခြေကုပ်ယူ၍ တရုတ်နိုင်ငံ ယူနန်နယ်အတွင်း ဝင်ရောက်တိုက်ခိုက်ပြီး လွတ်မြောက်နယ်မြေ ဖန်တီးရန်၊ ၎င်းမှတစ်ဆင့် တရုတ်ပြည်မကြီးအတွင်းအထိ တစ်စတစ်စ တိုက်ခိုက်သိမ်းပိုက်ရန် စီစဉ်ခဲ့ကြသည်။ ထို့ကြောင့်လည်း ယူနန်ပြည်ဘက်မှ တရုတ်ဖြူတပ်များသည် မြန်မာနိုင်ငံအတွင်း ကျူးကျော် ဝင်ရောက်လာခဲ့သည်။ တရုတ်ဖြူများ၏ ကျူးကျော်မှုသည် နယ်ချဲ့စီမံကိန်းအထိပါဝင်နေပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကိုပါ ကျူးကျော်ခဲ့သဖြင့် တရုတ်ဖြူကျူးကျော်ရေး သမားများကို မြန်မာ့တပ်မတော်က တွန်းလှန်တိုက်ထုတ်ခဲ့ရသည်။ တရုတ်ဖြူတို့က အစပြုခဲ့သော မူးယစ်ဆေးပြဿနာမှာ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသ၌ ယခုထက်တိုင် နှိမ်နင်းနေရဆဲဖြစ်သည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ကောင်းမွန်သော ဆက်ဆံရေးကိုလည်း ပျက်ပြားစေရန် ကြံစည်ခဲ့ခြင်းဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ ဘက်မလိုက်နိုင်ငံခြားရေး မူဝါဒကိုလည်း ချိုးဖျက်ရန် ကြံစည်ခဲ့ခြင်းလည်း ဖြစ်သည်။
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀-၅-၂၀၂၁ ရက်နေ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Phoenix ရုပ်သံမီဒီယာနှင့် တွေ့ဆုံမေးမြန်းစဉ် “ကျွန်တော်တို့ နှစ်နိုင်ငံ ပူးပေါင်းဆက်ဆံရေးကို ယုံကြည်မှုနဲ့ ချစ်ချစ်ခင်ခင်နေတာက အကောင်းဆုံးလို့ ကျွန်တော်က ခံယူထားတယ်။ အိမ်နီးချင်းထက် စိတ်ချရတဲ့ မိတ်ဆွေနိုင်ငံဆိုတာ မရှိဘူး။ အိမ်နီးချင်းဆိုတာ အရင်းနှီးဆုံး နိုင်ငံဖြစ်ရမယ်။ အိမ်နီးချင်းကောင်းပဲ ဖြစ်ရမယ်။ နိုင်ငံအားလုံးနဲ့ အိမ်နီးချင်း ငါးနိုင်ငံနဲ့ ချစ်ကြည်အောင် ဆောင်ရွက်ပါတယ်။ တရုတ်နဲ့မြန်မာကလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူ ၅ ချက်ကို ကမ္ဘာမှာစပြီး လက်မှတ်ထိုးခဲ့တဲ့ နိုင်ငံတွေဖြစ်တယ်”ဟု ဖြေကြားခဲ့ဖူး၏။ အိမ်နီးချင်း နှစ်နိုင်ငံ၏ နီးကပ်နွေးထွေးသော ဆက်ဆံမှု ဝိသေသသာဖြစ်၏။ အိမ်နီးချင်း နိုင်ငံပီပီ တရုတ်တစ်နိုင်ငံတည်း မူဝါဒ (One China Policy) ကို ခိုင်ခိုင်မာမာ ရပ်တည်ထောက်ခံခြင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်း တစ်ခုသာဖြစ်ကြောင်း ထပ်လောင်း အတည်ပြုခြင်းဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ ကာကွယ်ရေးစွမ်းအား အဘက်ဘက်မှ လျော့ပါးလာချိန်တွင် နယ်ချဲ့ လက်အောက်သို့ ကျရောက်ခဲ့ရ၏။ တရုတ်နိုင်ငံသည်ပင် တရုတ်-အင်္ဂလိပ် စစ်ပွဲဖြစ်သည့် ပထမဘိန်းစစ်ပွဲအပြီး ၁၈၄၁ ခုနှစ်တွင် ဟောင်ကောင်ကျွန်းကို ဗြိတိသျှလက်သို့ အငှားစာချုပ်ဖြင့် ထိုးအပ်လိုက်ရ၏။ ၁၈၆၀ ပြည့်နှစ် ဒုတိယစစ်ပွဲတွင် ဗြိတိသျှတို့က ကိုလိုနီပြုမှုကို ကိုးလွန်းကျွန်းဆွယ် အထိ နယ်ချဲ့လာပြီး ၁၈၉၈ ခုနှစ်တွင် ဟောင်ကောင်ဒေသ ၈၆ ရာခိုင်နှုန်းကျော် ပါဝင်သည့် နယ်မြေအသစ်များကို ၉၉ နှစ်ကြာ အငှားစာချုပ်ဖြင့် သိမ်းပိုက်နိုင်ခဲ့၏။ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားသည့် ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ဗြိတိသျှလက်အောက်ရှိ ဟောင်ကောင်အား ဂျပန်တို့က သိမ်းပိုက်ခဲ့၏။ ဒုတိယကမ္ဘာစစ် အပြီးတွင်မူ ဗြိတိသျှတို့က ဟောင်ကောင်ကို ဆက်လက်အုပ်ချုပ်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့၏။ လက်ရှိအချိန်တွင် ဟောင်ကောင်ဒေသသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ တစ်နိုင်ငံ အုပ်ချုပ်မှုစနစ် နှစ်မျိုး အခြေခံသဘော တရား၏ အုပ်ချုပ်မှု အောက်တွင်တည်ရှိသည်။ ဟောင်ကောင်သည် ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံး ဒေသတစ်ခုဖြစ်သည်။ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှု အရှိဆုံးဒေသနှင့် ကမ္ဘာ့ဘဏ္ဍာရေး ဗဟိုဌာနတို့လည်းဖြစ်၏။ ဗြိတိသျှလက်အောက်တွင် ရှိနေစဉ်အခါက ငွေရေးကြေးရေး ပဏာမ တွက်ချက်မှုအရ ဟောင်ကောင်၏ GDP မှာ ၁၉၉၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄၄ ဒသမ ၇ ဘီလီယံ၊ ၁၉၉၆ ခုနှစ်တွင် ၁၅၉ ဒသမ ၇ ဘီလီယံနှင့် ၁၉၉၇ ခုနှစ်တွင် ၁၇၇ ဒသမ ၄ ဘီလီယံရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၃၄၃ ဘီလီယံနှင့် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၆၇ ဒသမ ၉ ဘီလီယံအထိ ရှိခဲ့၏။ အိမ်ရှင်နှင့်ဧည့်သည်၊ သွေးချင်းနှင့် သွေးခြားတို့ လက်ဝယ်နှစ်ခုအတွင်း ကွာဟချက်ကို သိနိုင်၏။
ထို့အတူ မကာအိုဆိုသည်မှာလည်း လက်ရှိ တရုတ်နိုင်ငံ၏ အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်ပြီး ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံးဒေသ တစ်ခုလည်းဖြစ်၏။ ၁၅၅၇ ခုနှစ် မင်မင်းဆက် လက်ထက်တွင် ပေါ်တူဂီသို့ ကုန်သွယ်ရေးစခန်းအဖြစ် တရုတ်နိုင်ငံက ငှားရမ်းခဲ့၏။ ပေါ်တူဂီတို့က မကာအိုအား ငှားရမ်းထားသည့်အတွက် ငှားရမ်းခကို နှစ်စဉ်ပေးအပ်ခဲ့၏။ ထိုငှားရမ်းမှုဖြင့် ၁၈၈၇ ခုနှစ်အထိ တရုတ် အချုပ်အခြာ အာဏာအောက်ရှိ ထိုဒေသကို ပေါ်တူဂီတို့က အုပ်ချုပ်ခဲ့၏။ ထို့နောက် တရုတ်-ပေါ်တူဂီ ပီကင်းသဘောတူ စာချုပ်ကြောင့် ပေါ်တူဂီတို့က မကာအို ဒေသကို ရာသက်ပန် ကိုလိုနီအုပ်ချုပ်ခွင့် ရရှိခဲ့ရာ ၁၉၉၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ လက်အတွင်းသို့ ပြန်လည်အပ်နှံလိုက်ရသည့် အချိန်ထိဖြစ်၏။ လက်ရှိတွင် တရုတ်နိုင်ငံက မကာအိုဒေသအား တစ်နိုင်ငံ အုပ်ချုပ်မှုစနစ် နှစ်မျိုးဟူသော အခြေခံသဘောတရားဖြင့် လွတ်လပ်စွာ အုပ်ချုပ်ခွင့်ပေးထား၏။ မကာအို ဒေသသည်လည်း ပေါ်တူဂီ လက်အောက်တွင် ရှိစဉ်အခါ ငွေရေးကြေးရေး တွက်ချက်မှုအရ ၁၉၉၈ ခုနှစ်တွင် GDP အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၉၈ ဘီလီယံနှင့် ၁၉၉၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၄၈ ဘီလီယံရှိခဲ့ပြီး တရုတ်နိုင်ငံမှ တစ်နိုင်ငံ အုပ်ချုပ်မှုစနစ် နှစ်မျိုးဖြင့် လွတ်လပ်စွာ အုပ်ချုပ်ခွင့်ရထားသော အခြေအနေတွင် GDP တိုးတက်မှုရှိလာခဲ့၏။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ရောဂါမဖြစ်ခင် ၂၀၁၉ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅၅ ဒသမ ၂၁ ဘီလီယံအထိ ရှိခဲ့ပြီး ကပ်ရောဂါဖြစ်ပွားဆဲဖြစ်သည့် ၂၀၂၁ ခုနှစ်တွင်ပင် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၉၁ ဘီလီယံထိ ရှိသည်ကိုတွေ့ရှိရ၏။ မည်သည့်နေရာ မည်သည့်အချိန်တွင်ဖြစ်စေ သွေးသားရင်းချာလောက် မနွေးထွေးမစောင့်ရှောက်နိုင်၊ မကောင်းနိုင်သည်မှာ သိသာလှ၏။
တရုတ်နိုင်ငံသည် ၁၈၉၄-၁၈၉၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၃၇-၁၉၄၅ ခုနှစ်တွင် တစ်ကြိမ် ဂျပန်နှင့်စစ်ဖြစ်ခဲ့၏။ ပထမအကြိမ်တွင် ထိုင်ဝမ်ကျွန်းအား လက်လွှတ်ခဲ့ရ၏။ ဒုတိယအကြိမ်တွင် မဟာမိတ်များ၏ ပူးပေါင်း တိုက်ပွဲဝင်မှုဖြင့် လက်လွှတ်ခဲ့ရသည့် နေရာအား ပြန်လည်ရရှိခဲ့၏။ ၁၉၄၀ပြည့်နှစ် အလွန်ကာလ တရုတ်ပြည်တွင်းစစ် ဖြစ်ပွားမှုအပြီးတွင် စစ်ရှုံးနိမ့်ခဲ့သည့် ကူမင်တန် တပ်မတော်၏ အကြွင်းအကျန်အစုတို့သည် တရုတ်ကမ်းလွန် ထိုင်ဝမ်ကျွန်းသို့ ကူးပြောင်းခိုလှုံခဲ့ပြီး နိုင်ငံတစ်နိုင်ငံ ထူထောင်ခဲ့၏။
၁၉၇၁ ခုနှစ်တွင် ကျင်းပသည့် ၂၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အစိုးရကိုသာ ကုလသမဂ္ဂတွင် ကိုယ်စားလှယ် ထားခွင့်ပေးထားပြီး ချန်ကေရှိတ်ဦးစီး ကိုယ်စားလှယ် အဖွဲ့အား ကုလသမဂ္ဂမှ ဖယ်ထုတ်ထားကြောင်း ဖော်ပြထား၏။ ၎င်းအပြင် ထိုင်ဝမ်ကျွန်းပါဝင်သည့် တရုတ်နိုင်ငံသည် တစ်နိုင်ငံတည်းသာရှိပြီး တရုတ်နိုင်ငံ နှစ်နိုင်ငံမရှိကြောင်း၊ တရုတ်တစ်နိုင်ငံ၊ ထိုင်ဝမ်တစ်နိုင်ငံဟူ၍ မရှိကြောင်းကိုလည်း အတိအလင်း ထုတ်ပြန်ကြေညာခဲ့၏။ ၎င်းအပြင် ကုလသမဂ္ဂက ထိုင်ဝမ်အား တရုတ်နိုင်ငံ၏ ပြည်နယ် တစ်ခုအနေဖြင့်သာ သတ်မှတ်ရည်ညွှန်းခဲ့၏။ ထို့ကြောင့်လည်း အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၈၁ နိုင်ငံက တရုတ်နိုင်ငံဖြင့် တရားဝင်သံတမန် ဆက်ဆံရေးအား ထူထောင်လျက် ရှိခြင်းပင်ဖြစ်၏။ မြန်မာနိုင်ငံအနေဖြင့်လည်း ထိုင်ဝမ်စီးပွားရေး ကုမ္ပဏီအချို့ မြန်မာနိုင်ငံ၌ လာရောက် အလုပ်လုပ်ကိုင်နေသည်မှအပ တရားဝင် သံတမန် အဆက်အသွယ် မည်သည့်အခါမျှ မရှိခဲ့ချေ။
၎င်းင်းအပြင် ၁၉၇၈ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်သည့် တရုတ်-အမေရိကန် တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်မှု ပူးတွဲ သဘောတူကြေညာချက်တွင် “တရုတ်နိုင်ငံဆိုတာ နိုင်ငံတစ်ခုဖြစ်ပြီး ထိုင်ဝမ်ဆိုတာ တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်တယ် ဆိုတဲ့ အချက်ကို အမေရိကန် ပြည်ထောင်စုက အသိအမှတ်ပြုကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစိုးရကိုသာ တရုတ်နိုင်ငံ၏ တစ်ခုတည်းသော တရားဝင် အစိုးရအဖြစ် သတ်မှတ်ကြောင်း” ဖော်ပြထား၏ ထို့ကြောင့် တရုတ်နိုင်ငံသည် ထိုင်ဝမ်ဒေသကို ၎င်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အမျိုးသား လုံခြုံရေးဥပဒေ၊ သမိုင်းကြောင်း အစဉ်အလာတို့အရ တရုတ်နိုင်ငံ၏ နယ်မြေဒေသ အစိတ်အပိုင်းအဖြစ် အမြဲပြောကြားနေလျက် ရှိသကဲ့သို့ တစ်နိုင်ငံတည်း မူဝါဒ (One China Policy)အား အစဉ်အဖြင့် လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့၏။ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင်လည်း ထိုင်ဝမ်နှင့်ဆက်ဆံရေး ထူထောင်နေမှုများကိုလည်း ကန့်သတ်ထားရှိမှုနှင့်အတူ နိုင်ငံတကာသို့လည်း သတိပေးမှုပြုလုပ်လေ့ရှိ၏။
ဖော်မိုဆာ(ထိုင်ဝမ်)ကျွန်းသို့ ထွက်ပြေးခဲ့သော တရုတ်ဖြူ အစိုးရမှာ တရုတ်ပြည်မကြီးအား ၎င်းလက်သို့ ပြန်လည်ရရှိရေး အတွက် အစဉ်တစိုက်ကြိုးစားခဲ့၏။ ကြိုးစားတိုင်းလည်း ရှုံးနိမ့်ခဲ့၏။ ၎င်းတို့အနေဖြင့် တရုတ်ပြည်မကြီးက ထွက်ပြေးလာရသည့်တိုင် ပြည်မကြီးအား ၎င်းတို့သာပိုင်သည်ဟု မှတ်ယူထားပြီး တစ်နေ့နေ့တွင် ပြန်လည်သိမ်းယူနိုင်မည်ဟု မှတ်ထင်ထားကြ၏။ သို့သော် ပြည်မကြီးက ထွက်ပြေးလာကြပြီး နှစ်ပေါင်း ၅၀ ကျော်မျှကျော်လွန်လာချိန်တွင် ထိုင်ဝမ်ရှိ ခေါင်းဆောင်များ၏ အမြင်သည် ပြောင်းလဲလာဟန်ရှိ၏။ မူလက တရုတ်ပြည်မကြီးအား ပြန်လည်ရရှိရေး ရည်မှန်းချက် ထားခဲ့ကြသော်လည်း တစ်ဖြည်းဖြည်းချင်း ထိုင်ဝမ်အား သီးခြားလွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် ဖြစ်တည်လိုလာကြ၏။ ငွေကြေး ချမ်းသာသည့်တိုင် ကမ္ဘာတွင် နေရာမရသည့်အခါ ထိုင်ဝမ်အစိုးရအနေဖြင့် အခြားသော နည်းလမ်းများကို အသုံးပြု၍ ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရေး ရရှိအောင် ကြိုးပမ်းလာခဲ့၏။ အမေရိကန်အနေဖြင့် ထိုအခွင့်အရေးအား လက်လွှတ်မခံဘဲ ထိုင်ဝမ်၏ ကယ်တင်ရှင်သဖွယ်ဖြစ်အောင် ဝင်ရောက်နေရာယူလာခဲ့၏။ ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်က ပြုလုပ်ခဲ့သည့် အမေရိကန်လွှတ်တော် အမတ်များ ဦးဆောင်သည့် ထိုင်ဝမ်လုံခြုံရေး ဖော်ဆောင်မှု ဥပဒေကို အောက်လွှတ်တော်တွင် အတည်ပြုပြဌာန်းခဲ့၏။ထိုဥပဒေအတည်ပြုမှုကြောင့် အမေရိကန်နှင့် ထိုင်ဝမ်တို့အကြား စစ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဘက်ပေါင်းစုံ တွင်ကျယ်စွာ ပေါင်းစည်းခွင့်ရသွားခဲ့၏။ အမေရိကန်အနေဖြင့် ထိုသို့လုပ်ဆောင်ခြင်းသည်ပင် ၁၉၇၈ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်မှု ပူးတွဲ သဘောတူညီချက်ကို ပြောင်ကျကျ ချိုးဖောက်ခဲ့ခြင်းသာဖြစ်၏။ လက်ရှိ ထိုင်ဝမ်ကျွန်းတွင် ဆိုင်ယင်းဝမ် အာဏာရရှိလာသည့် ၂၀၁၆ ခုနှစ်မှစ၍ တရုတ်နိုင်ငံမှခွဲထွက်ရေး ကြိုးပမ်းချက်ကို အမေရိကန်အစိုးရ အဆက်ဆက်၏ အားပေးထောက်ခံမှုဖြင့် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့၏။ ထိုသို့ကြိုးပမ်းရာတွင် နိုင်ငံရေးနည်းဖြင့်သာမက စစ်ရေးနည်းဖြင့်ပါ ကြိုးပမ်း လုပ်ဆောင်ခဲ့မှုများရှိလာခဲ့၏။ ထိုင်ဝမ်၏ ခွဲထွက်ရေး ကြိုးပမ်းမှုတွင် အမေရိကန်နိုင်ငံသည် အဓိကအခန်းမှ အားပေးအားမြှောက် ပြုလာခဲ့၏။ အမေရိကန်အောက် လွှတ်တော် ဥက္ကဋ္ဌ ထိုင်ဝမ်သို့ ရုတ်တရက် ဝင်ရောက်ခဲ့သည့် ခရီးစဉ်သည် တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ် အတိအလင်း ချိုးဖောက်မှုအဖြစ် တရုတ်နိုင်ငံမှ ရှုမြင်ထားပြီး နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် ရလဒ်ပေါင်းစုံကို တွေ့မြင်လာရ၏။ ထို့ကြောင့်လည်း ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၀ ရက်တွင် ထိုင်ဝမ်နှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ တတိယအကြိမ်မြောက် စက္ကူဖြူစာတမ်းက သက်သေခံနေ၏။
အမေရိကန်နိုင်ငံသည် ၎င်း၏ပြိုင်ဘက် ဖြစ်လာသည့် ကမ္ဘာ့စီးပွားရေးနှင့် စစ်ရေး အင်အားကြီးဖြစ်သည့် တရုတ်နိုင်ငံအား အင်အားချည့်နဲ့နိုင်ရေး ကြိုးပမ်းမှုဖြင့် ဒီမိုကရေစီ စံသတ်မှတ်ချက်များကို အကြောင်းပြုပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းရေး ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်လျက်ရှိ၏။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံသည် ဟောင်ကောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင်း အခြေအနေများ၊ ရှင်ကျန်းဝီဂါဒေသရှိ အခြေအနေများကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အကြောင်းပြကာ အမျိုးမျိုး ပုံဖော်ပြီး တရုတ်နိုင်ငံအား တိုက်ခိုက်လျက်ရှိပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အမေရိကန်နိုင်ငံသည် တစ်နေ့တစ်ခြား အင်အားကြီးထွားလာသည့် တရုတ်နိုင်ငံအား မဟာဗျူဟာမြောက် ပြိုင်ဘက်အဖြစ် သတ်မှတ်ချဉ်းကပ်ပြီး အင်ဒို-ပစိဖိတ်ဒေသ အတွင်း သြဇာလွှမ်းမိုးမှု ရရှိစေရေးအတွက်ဖြစ်သည်။ အထူးသဖြင့် အမေရိကန်သည် တရုတ်နိုင်ငံကို ထိန်းချုပ်ရေး မူဝါဒချမှတ်ကာ ထိုမူဝါဒ အကောင်အထည် ဖော်ရေးအတွက် တရုတ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးကိစ္စများမှသည် ပြည်တွင်း ရေးအထိ ဝင်ရောက်စွက်ဖက်မှုများ လုပ် ဆောင်လာခဲ့၏။
ပထမဦးစွာ အင်ဒို-ပစိဖိတ်ဒေသအတွင်း သြဇာလွှမ်းမိုးကာ တရုတ်နိုင်ငံကို ထိန်းချုပ် နိုင်ရေးအတွက် တရုတ်နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများအား ၎င်းတို့ ဖက်သို့ပါလာစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆွဲဆောင်စည်းရုံးခဲ့၏။ အဓိကအားဖြင့် ခေတ်မှီ စစ်လက်နက်ပစ္စည်းများ အသုံးပြု ဆွဲဆောင်စည်းရုံးခြင်းဖြစ်ကာ ထိုသို့ဆွဲ ဆောင်စည်းရုံး၍မရပါက အင်အားပြခြိမ်းခြောက် အကျပ်ကိုင်သည့် နည်းလမ်းကို အသုံးပြု၏။ အမေရိကန်အနေဖြင့် တရုတ်နိုင်ငံအား ထိန်းချုပ်နိုင်ရေးအတွက် လုပ် ဆောင်ခဲ့သည့် နည်းလမ်းများအနက် အများစုမှာ ဒေသတွင်းနိုင်ငံများ ဒေသများကို ကြားခံစစ်တလင်းဖြင့် ဖန်တီးသည့်နည်းဗျူဟာအား အသုံးပြုပုံဖော်လျက် ရှိပါသည်။ တရုတ်နိုင်ငံနှင့် အိမ်နီးချင်းဖြစ်သည့် ဒေသများ၊ နိုင်ငံများတွင်လည်း စစ်စခန်းများတည် ဆောက်နိုင်ရေး သို့မဟုတ် ၎င်းတို့စိတ်တိုင်းကျ ကပြအသုံးတော်ခံမည့် ရုပ်သေးအစိုးရ များကို တင်နိုင်ရေးအတွက်လည်း လွန်ခဲ့ သော ဆယ်စုနှစ်ပေါင်း များစွာကတည်းက ပြင်ဆင်လာခဲ့သည်ကို တွေ့မြင်ရပါသည်။
အလားတူ တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကောင်း တည် ဆောက်ထားနိုင်သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို အကြိမ်ကြိမ်ဝင်ရောက် စွက်ဖက်ကာ သနားညှာတာမှုရှိပြီး အယုံ လွယ်သည့် မြန်မာနိုင်ငံသားများကို အသုံးချပြီး ရုပ်သေးအစိုးရ တင်နိုင်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်မှုများလည်း ရှိခဲ့၏။ သို့သော် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နေသည့် မြန်မာ့ တပ်မတော်ကြောင့် ၎င်းတို့ဖြစ်မလာသည့်အခါ လူမဆန်သည့် အရေးယူ ပိတ်ဆို့မှုများချမှတ်၍ နိုင်ငံတော်ကြီးအလုံးစုံပျက်စီးအောင် ကြိုးပမ်းဆောင်ရွက်နေလျက်ရှိပါသည်။ အကယ်၍ မြန်မာနိုင်ငံသာ ၎င်းတို့စိတ်တိုင်းကျ အစိုးရသာဖြစ်လာခဲ့ပါက ပထဝီ နိုင်ငံရေးတွင် အချက်အခြာကျသည့် ကျွနု်ပ် တို့နိုင်ငံ၏ အနာဂတ်မှာ မတွေးဝံ့စရာပင် ဖြစ်လာမည်။
ထို့ပြင် အမေရိကန်တို့သည် တရုတ်နိုင်ငံ၏ အင်အားနည်းပါးသွားစေရေး အကြံဖြင့် တရုတ်နိုင်ငံ လက်အောက်ရှိ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော နိုင်ငံများကို ဖဲ့ထုတ်နိုင်ရေး အစဉ်တစိုက် ကြိုးပမ်းလျက်ရှိသည်ကို မှတ်တမ်းများအရ တွေ့ရှိနိုင်ပါသည်။ လက်ရှိ နန်စီပလိုစီ၏ ခရီးစဉ်မှအစပြုပြီး ထိုင်ဝမ် ရေလက်ကြား၌ စစ်ရေးပြင်ဆင်မှုများနှင့် စစ်အင်အား အပြိုင်အဆိုင် တိုးချဲ့မှုများက မြင့်တက်လာနေ၏။ အမေရိကန်အနေဖြင့် ထိုင်ဝမ်အပေါ် စစ်ရေးအရ ကူညီထောက်ပံ့ မှုများသာမက နိုင်ငံရေးအရ ထောက်ပံ့မှုများကို ပြောင်ပြောင်တင်းတင်း ပေးအပ်လာပါက တရုတ်နိုင်ငံကို လုပ်ရကိုင်ရခက်အောင် သို့မဟုတ် စီးပွားရေး ကျဆင်းအောင်အထိ လုပ်ဆောင်လာသည်ကို တွေ့ရှိရ၏။ ၎င်း အပြင် ဒေသတွင်း ဒီမိုကရေစီအင်အားစုများက ထိုင်ဝမ်ကို ဘက်ပေါင်းစုံကထောက်ပံ့ ကူညီနိုင်ရေး ကြိုးပမ်းလာနိုင်ဖွယ်လည်း ရှိ၏။ ထိုင်ဝမ်အနေဖြင့် တရုတ်နိုင်ငံအား ရင်ဆိုင်နိုင်ရန် အတွက် ၎င်းအားထောက်ခံ လိုလားသည့် အင်အားကြီးနိုင်ငံများနှင့် နိုင်ငံတကာမှ အကူညီများရရှိရေးအတွက် နည်းလမ်းမျိုးစုံ ပိုမိုပြုလုပ်လာနိုင်ဖွယ်ရှိပြီး လိုအပ်ပါလျှင် စစ်ရေးအရလည်း လက်တုံ့ပြန်နိုင်ရေးအတွက် ပြင်ဆင်နိုင်ဖွယ်ရှိ၏။ ထိုသို့ အပြိုင်အဆိုင် ဆောင်ရွက်မှုများသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုများကို ထိခိုက်လာနိုင်ပြီး ဒေသတွင်းကုန်သွယ်ရေး၊ စီးပွား ရေးနှင့် ခရီးသွားလာရေး လုပ်ငန်းများအပါအဝင် ကဏ္ဍရပ်များစွာ အပေါ်သက်ရောက် မှုများ ပိုမိုဖြစ်ပေါ်လာနိုင်၏။
အချုပ်အားဖြင့်ဆိုသော် ကမ္ဘာ့သမိုင်းစဉ်တွင် ခွဲထွက်မှုများကြောင့် ပြိုကွဲခဲ့ရသော ပြည်ထောင်စုကြီးများ၏ ကန့်လန့်ကာ နောက်ကွယ်တွင် အမေရိကန်တည်းဟူသော လက်သည်ကြီး တည်ရှိနေသည်ကို အားလုံးသတိမူ တတ်ကြမည်ဆိုပါလျှင် ယနေ့ တင်းမာနေသည့် ရုရှား-ယူကရိန်းအရေး၊ အစ္စရေး - ပါလက်စတိုင်းအရေး၊ ထိုင်ဝမ် ကျွန်းအရေး ကိစ္စများသည် ဖြစ်လာစရာ အကြောင်းအရင်း မရှိနိုင်ပါပေ။ ကျွန်တော်တို့ နိုင်ငံသားများအနေဖြင့်လည်း အဖျက် အမှောင့်အစုအဖွဲ့များ၏ နောက်ကွယ်မှ ဇာတ်လမ်းစုံအား အမှန်တရားအတိုင်း သိရှိအောင်ကြိုးစားကြမည်ဆိုပါလျှင် ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လေပိုင်နက်များ၏ တန်ဖိုးကို ပိုမိုသိရှိနားလည် ခံစားလာလိမ့်မည် ဖြစ်၏။ ထိုသို့နားလည် ခံစားသိရှိလာသည်နှင့်အမျှ ယနေ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) အပေါ် ပိုမိုရှုမြင် နားလည် လာနိုင်ကြမည်ဟု ယူဆမိပါ၏။
မောင်မျိုးအောင်(ပန်းဧရာ)