လန်ဒန်၊ ဘောလုံး
COVID-19 ရောဂါကြောင့် ဘောလုံးလောက ဘဏ္ဍာရေးထိခိုက်မှုများစွာဖြင့် ရုန်းကန်နေရချိန်တွင် အမေရိကန်ဘီလျံနာသူဌေးများ ပိုင်ဆိုင်သည့် ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်းဖြစ်သော မန်ယူနှင့် လီဗာပူးအသင်းတို့က ဦးဆောင်ပြီး ပြိုင်ပွဲကို ပုံစံပြောင်းကျင်းပလိုသည့် စီမံကိန်းတစ်ခုအဖြစ် Project Big Picture ကို ပြီးခဲ့သည့် ရက်ပိုင်းက ထိပ်သီးခြောက်သင်းမှ ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ပြီးနောက် အောက်တိုဘာ ၁၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါစီမံကိန်းသစ်ကို အင်္ဂလန်ဘောလုံးလိဂ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ရစ်ပယ်ရီကိုယ်တိုင်က လက်ခံပြီး ဆွေးနွေးမှုပြုလုပ်ရာ ပရီးမီးယားလိဂ် ထိပ်သီးခြောက်သင်းသာ ပါဝင်သကဲ့သို့ ချမှတ်ထားသည့် အနာဂတ်စီမံကိန်းသည်လည်း ထိပ်သီးအသင်းများအတွက်သာ အာမခံပေးထားခြင်းဖြစ်၍ တခြား အသင်းများက လက်မခံနိုင်သည့် အနေအထားဖြစ်နေကြောင်း သိရသည်။
အဆိုပါ အနာဂတ်စီမံကိန်းတွင် စည်းမျဉ်းသစ်နှင့် စတင်မကျင်းပမီ ရာသီ၌ အသင်း ၂၀ ထဲမှ လေး သင်း တန်းဆင်းရမည်ဖြစ်ပြီး ချန်ပီယံရှစ်မှ နှစ်သင်းပြန်တန်းတက်စေရန် စီမံထားသည်။ ထို့ကြောင့် စည်းမျဉ်းစတင်အကျုံးဝင်သည့် ရာသီတွင် ပရီးမီးယားလိဂ်အသင်း ၁၈ သင်းဖြင့်သာ ယှဉ်ပြိုင် မည်ဖြစ်ပြီး ပရီးမီးယားလိဂ်မှ အဆင့်(၁၆) နှင့်အောက်ရသည့် အသင်းသုံးသင်းနှင့် အင်္ဂလန် ချန်ပီယံ ရှစ်မှာ အဆင့် (၃)၊ (၄)၊ (၅) ရသော အသင်းများကို တန်းဆင်း၊ တန်းတက် ပလေးအော့ဖ် ကစားစေမည်ဟု တင်ပြထားသည်။
ထို့ပြင် လိဂ်ဖလားနှင့် ကွန်မြူနတီဒိုင်းပွဲများကို ဖျက်သိမ်းမည်ဟုဆိုပြီး တန်းဆင်းအသင်းများကို ယခင်ပေးသော နစ်နာထောက်ပံ့ကြေးများကိုလည်း ဆက်မပေးတော့ဘဲ ပရီးမီးယားလိဂ်မှ ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းကို ၂၅ နှစ်ဆက်တိုက်ပေးမည်ဟု ဆိုသည်။ သို့သော် အင်္ဂလန်ထိပ်တန်း လိဂ်လေးခု၏ ရုပ်သံမူပိုင်ခွင့်ကို ပရီးမီးယားလိဂ်ကသာ ချုပ်ကိုင်ပြီး အောက်တန်းလိဂ်များအတွက် တစ်နှစ်ပေါင် သန်း ၂၅၀ ထောက်ပံ့ပေးမည်ဟု ဆိုသည်။
အသင်းငယ်များအတွက် စိတ်ဆိုးစရာဖြစ်သည့် စည်းမျဉ်းသည် မည်သည့်ပြင်ဆင်ဆုံးဖြတ်ချက်မဆို ယခင် ၁၄ မဲရလျှင် အကောင်အထည်ဖော်ခြင်းကို အသုံးမပြုတော့ဘဲ ထိပ်သီးခြောက်သင်း နှင့် အဆင့် (၇)၊ (၈)၊ (၉) သုံးသင်းပေါင်းပြီး ဆုံးဖြတ်ချက်သာ အတည်ဖြစ်မည်ဟုဆိုကာ ထိပ်သီး ခြောက်သင်းက မည်သည့်ဆုံးဖြတ်ချက်ကိုမဆို ပယ်ချနိုင်သည်ဟု အဆိုပြုထားခြင်း ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲပုံစံသစ်ကို ၂၀၂၂-၂၀၂၃ ရာသီတွင် စတင်ရန်တင်ပြထားသော်လည်း လက်ရှိတွင် မန်ယူနှင့်လီဗာပူးမှအပ ကျန်ထိပ်သီးအသင်းများ လက်ခံသဘောတူထားခြင်း မရှိသေးကြောင်း သိ ရသည်။
Ref:Dailymail