
သွေးလွန်တုပ်ကွေး ကာကွယ်ပါ
မြန်မာနိုင်ငံနှင့် သွေးလွန်တုပ်ကွေးရောဂါ
သွေးလွန်တုပ်ကွေးရောဂါကို မြန်မာနိုင်ငံ၌ ၁၉၆၄ ခုနှစ်မှာ Notifiable disease အဖြစ် သတ်မှတ်ပြီး စောင့်ကြပ်ကြည့်ရှု ခဲ့ပါတယ်။ ရန်ကုန်မြို့၌ ၁၉၆၈ ခုနှစ်မှစတင်၍ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး ၁၉၇၀ ပြည့်နှစ်မှာ သွေးလွန်တုပ်ကွေးကပ်ရောဂါဆိုး ပထမဆုံးဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါတယ်။ မြန်မာနိုင်ငံမှာ ၂ နှစ်-၃ နှစ်လျှင် တစ်ကြိမ်ကပ်ရောဂါအသွင် ဖြစ်လေ့ရှိကြောင်းတွေ့ရှိရပါတယ်။ ယေဘုယျအားဖြင့် မိုးရာသီတွင် အမြင့်ဆုံးဖြစ်ပွားလေ့ ရှိပါတယ်။ ယခင်က နွေရာသီကာလများတွင် ဖြစ်ပွားမှုမရှိခဲ့သော်လည်း ယခုအခါ အချို့ပြည်နယ်၊ တိုင်းဒေသကြီးများတွင် တစ်နှစ်ပတ်လုံးဖြစ်ပွားလာတာ
ကိုတွေ့ရှိရပါတယ်။ ယခင်က မြို့ကြီးများတွင်သာ ဖြစ်ပွားခဲ့သော်လည်း ယခုအခါကျေးလက်ဒေသများတွင်ပါ ကူးစက်ပျံ့နှံ့လာတာကို တွေ့ရှိရပါတယ်။
သွေးလွန်တုပ်ကွေးရောဂါကူးစက်ပြန့်ပွားပုံ
ရောဂါပိုးသယ်ဆောင်သောခြင်
Dengue Virus ပိုးကို ခြင်ကျား(Aedes )မျိုးစိတ်က သယ်ဆောင်ပေးပါတယ်။ ခြင်ကျား(Aedes aegypti )ဟာ အိမ်တွင်းမှာ နေထိုင်လေ့ရှိပြီး လူသွေးကို အထူးကြိုက်နှစ်သက်ပါတယ်။ ၎င်းကို Nervous Feeder ဟုလည်း ခေါ်ပါတယ်။ Nervous Feeder ၏ အဓိပ္ပာယ်မှာ ၎င်းဝမ်းတစ်ကြိမ်ပြည့်ရန် သွေးစုပ်လျှင် လူတစ်ဦးထက်ပို၍ စုပ်ယူရပါတယ်။ ထို့ပြင် ၎င်း၏မျိုးဥများ တစ်ကြိမ်အောင်မြင်စွာဥနိုင်ရန် လူသွေးကို တစ်ကြိမ်မက စုပ်ယူခြင်းတွေက ရပ်ကွက်များ၊ ကျောင်းများ၌ သွေးလွန်တုပ်ကွေးလူနာများ အစုလိုက်၊ အပြုံလိုက် ဖြစ်တတ်ခြင်း၏ အဖြေပင်ဖြစ်ပါတယ်။
Aedes ခြင်ပေါက်ပွားရာနေရာများ
ခြင်ကျားသည် ရေကြည်ရေသန့်တွင် ပေါက်လေ့ရှိပါတယ်။ ခြင်ဥမှ ခြင်ကောင်ဖြစ်သည်အထိ ခုနစ်ရက် မှ ၁၀ ရက်ခန့်ကြာသည်။
အိမ်တွင်း၌ ခြင်ကျားပေါက်လေ့ရှိသောနေရာများသုံးရေ/သောက်ရေထည့်သော မြေအိုး၊ စဉ့်အိုး၊ တိုင်ကီ၊ သစ်သားစည်၊ ပလတ်စတစ်ပုံး၊ ကြောင်အိမ်အောက်ခံခွက်၊ ရေခဲသေတ္တာနှင့် Air-conditioner အောက်တွင် ခံထားသောခွက်များ။
အိမ်သာ၊ ရေချိုးခန်း၊ အိမ်ခြံဝင်းအတွင်း စသည့်နေရာများရှိ အုတ်ကန်များ၊ အမြင့်တွင်တင်ထားသော အဖုံးမလုံသည့် ရေစည်ရေကန်များ၊ ဘုရားပန်းအိုး၊ အလှပန်းအိုး၊ နတ်ပန်းအိုးများ၊ အလှစိုက်ထားသော ပန်းအိုးကြီးများအောက်တွင်ထားသော ရေခံလင်ပန်းကြီးများ၊ ခုနစ်ရက်ထက်ပို၍ရေထည့်သိုလှောင်ထားသော အဖုံးမလုံသည့်အိုးခွက်များ။
အိမ်ပြင်ပတွင် ခြင်ကျားပေါက်လေ့ရှိသောနေရာများ
ရေထည့်သော မြေအိုး၊ စဉ့်အိုးကြီးများ၊ သံရေတိုင်ကီများ၊ ကွန်ကရစ်စည်များ၊ စွန့်ပစ်ထားသော ပုလင်းခွံ၊ ဘူးခွံများ၊ တာယာအဟောင်းများ၊ အုန်းမှုတ်ခွက်၊ ရော်ဘာခြံသုံး ရော်ဘာအစေးခံသောခွက်များ၊ အမှိုက်များဖြင့် ပိတ်နေသော ရေတံလျှောက်များ၊ ရေထည့်နိုင်၊ ရေတင်ကျန်နိုင်၍ ခြင်ပေါက်နိုင်သည့် လူတို့ပြုလုပ်ထားသော အရာအားလုံး။ သစ်ပင်အခေါင်းပေါက်၊ ဝါးဆစ်၊ ဝါးပင်အငုတ်၊ အုန်းပင်၊ ငှက်ပျောပင်အလက်များကြား။
ခြင်ကျားကိုက်လေ့ရှိသောအချိန်
ခြင်ကျားသည် အများအားဖြင့် နေ့အချိန်တွင် ကိုက်လေ့ရှိသည်။ အများဆုံးကိုက်လေ့ရှိသည့် အချိန်များမှာ နံနက်အရုဏ်တက်စမှ နေထွက်ချိန်ထိ တစ်ချိန်နှင့် ညနေနေမဝင်မီအချိန်တို့ဖြစ်သည်။
ခြင်ကျားပျံသန်းနိုင်သည့် အကွာအဝေးခြင်ကျားသည် အနောဖိလိစ်ခြင်များကဲ့သို့ ဝေးဝေးပျံလေ့မရှိပါ။ ၎င်းင်းတို့ပေါက်ပွားရာနေရာမှ (မီတာ ၅၀ မှ မီတာ ၃၀၀) အတွင်းသာပျံလေ့ရှိတယ်။ ခြင်ကျားများသည် အနက်ရောင်နှင့်အနီရောင်ကို အခြားအရောင်ဖျော့များထက် ပို၍ကြိုက်နှစ်သက်လေ့ရှိပါတယ်။ ဤအချက် များသည် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ၌ ထည့်သွင်း အသုံးချရမည့် အချက်များ ဖြစ်တယ်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ခြေရှိသောသူ သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေး၊ ကျား/မ မရွေးဖြစ်နိုင်သည့် ရောဂါတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခင်ကအသက် ၁၅ နှစ်အောက် ကလေးများတွင်သာ ဖြစ်ပွားလေ့ရှိသော်လည်း ယခုအခါ လူကြီးများတွင်ပါဖြစ်ပွားကြောင်း တွေ့ရပါတယ်။ အသက် ငါးနှစ်မှ ကိုးနှစ်အရွယ်ကလေးများတွင် အများဆုံးဖြစ်ပွားသည်ကို တွေ့ရှိရပါတယ်။
သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်း များဆောင်ရွက်ခြင်း
(၁) ကျန်းမာရေးပညာပေးခြင်း
ရပ်ကွက်နှင့် လူစည်ကားရာနေရာများ၊ ကျောင်းများ အတွင်း၌ အဓိကဆောင်ရွက်ရပါတယ်။ အဓိကဦးတည်အုပ်စုအနေဖြင့် မိခင်များ၊ အိမ်ရှင်မများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများဖြစ်သည်။
(၂) ပိုးလောက်လမ်းပျံ့နှံ့မှု အခြေအနေကို စစ်ဆေးခြင်း
ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ပိုးလောက်လမ်းနှိမ်နင်းရေးကိုဆောင်ရွက်နိုင်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ခြေရှိသော ဧရိယာ(ရပ်ကွက်/ကျေးရွာ)များကို ဖော်ထုတ်သတ်မှတ်နိုင်ပြီး ပိုးလောက်လမ်းတွေ့ ရှိမှုနှုန်းနှင့် ယခင်နှစ်များက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ရပ်ကွက်/ကျေးရွာမြေပုံပေါ်တွင် အမှတ်အသားပြုကာ (Spot map of DHF Cases & Larval density)သွေးလွန်တုပ်ကွေး နှိမ်နင်းရေး လုပ်ငန်းများကို ယင်းနေရာများတွင် ဦးစားပေး၍ဆောင်ရွက်နိုင်ခြင်း၊ အချို့နေရာဒေသများတွင် လူအုပ်စုလိုက်ပြောင်းရွှေ့ နေထိုင်မှုများ ရှိသဖြင့် (Larval Survey)လုပ်ငန်း ဆောင်ရွက်စဉ်ကပင် ယင်းနေရာများကို ဖော်ထုတ်သိရှိကာ နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ (ဥပမာ- ရွှေတူးဖော်သည့် နေရာများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ) ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းယင်းလုပ်ငန်းများကို နွေရာသီကပင် စတင်ဆောင်ရွက်ရပါမည်။ ရပ်ရွာအုပ်ချုပ်ရေး အာဏာပိုင်များက ဦးဆောင်၍ ပြည်သူလူထုက မိမိအိမ်ပတ်ဝန်းကျင်ရှိ မိုးရွာလျှင်ရေ တင်ကျန် နိုင်သည့် ပစ္စည်းအားလုံးကို သုတ်သင်ရှင်းလင်းရမည်။ အရေးအကြီးဆုံးအချက်ကတော့ ကျန်းမာရေး ဝန်ထမ်းများ တစ်အုပ်စုတည်းက ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ အိမ်ရှင်များ ကိုယ်တိုင်ဆောင်ရွက်ရမည်။
သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး၊ နှိမ်နင်းရေး လုပ်ငန်းများတွင် ပိုးလောက်လမ်းနှိမ်နင်းရေး(Larval Control)လုပ်ငန်းသည် အဓိကအထိရောက်ဆုံးသော လုပ်ငန်းဖြစ်ပါတယ်။ ရောဂါကူးစက်မှု ကွင်းဆက်ကို ဖြစ်တောက်ရာ၌ ရောဂါပိုးသည် ဗိုင်းရပ်ပိုးဖြစ်သောကြောင့် ယင်းပိုးကိုသေစေနိုင်သောဆေးမရှိပါ။ ရောဂါကူးစက်ခံရမည့် သူများကို ရာနှုန်းပြည့်(၁၀၀%) ကာကွယ်မှုပေးနိုင်သည့် ကာကွယ်ဆေးလည်းမရှိသေးပါ။ သို့ဖြစ်၍ ခြင်လောက်လမ်းနှိမ်နင်းရေးကို အဓိကထားဆောင်ရွက်ခြင်းဖြစ်တယ်။
ပိုးလောက်လမ်းနှိမ်နင်းရာ၌ ဖုံး၊ သွန်၊ လဲ၊ စစ် အပြင် အခြားနည်းလမ်းများလည်းရှိတယ်။
(က) 1 % Temephos (Abate) ခေါ် ပိုးလောက်လမ်းသေစေသည့် ဆေးခတ်ပေးခြင်း။
(ခ) ပိုးလောက်လမ်းစားငါးလေးများ (ယေဘုယျအားဖြင့် ဒေါင်းငါး၊ ငါးထိပ်ကွက်)ကို မလှယ်မသွန်နိုင်သည့် အုတ်ကန်ကြီးများ၊ ကျောက်စည်များတွင် ထည့်ပေးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
ဒေသခံအဖွဲ့အစည်းများ၊ နှီးနွှယ်နေသောဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ပိုးလောက်လမ်း စစ်ဆေးခြင်းနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ငန်းများကို ဒေသဆိုင်ရာ အာဏာပိုင်များ၊ လူမှုရေး၊ ဘာသာရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။ အထူးသဖြင့် ကျေးရွာ/ရပ်ကွက်များတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ခြင်ကျား ကင်းစင်သည့် ကျောင်းများထူထောင်ခြင်း ကျောင်းသားလူငယ်များနှင့် သက်ဆိုင်သည့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကအားဖြင့်
ပညာရေးဌာနနှင့်ပူးပေါင်းဆောင်ရွက်ရမည်။ ယင်းကဲ့သို့ ဆောင်ရွက်ရာ၌ ကျောင်းများတွင် ကျန်းမာရေးဌာန၏ လမ်းညွှန်မှုအတိုင်းဆောင်ရွက်ရန် အရေးကြီးပါတယ်။ ကျောင်းသားလေးများကို ကျန်းမာရေးပညာပေးခြင်းဖြင့် ကလေးသူငယ်များ၏ဗဟုသုတ(Knowledge on DHP)ကို မြှင့်တင်ပေးနိုင်ပါတယ်။ ကျောင်းတွင် တစ်ပတ်အတွင်း နောက်ဆုံးကျောင်းတက်ရသည့်နေ့မျိုးတွင် နာရီဝက်ခန့် အချိန်ပေး၍ ပိုးလောက်လမ်း ရှာဖွေစေခြင်း၊ ရေလှယ်ခြင်း၊ သွန်ခြင်း၊ အိမ်သာများအတွင်းသုံးလေ့ရှိသော ရေအိုးများ၊ ရေကန်ငယ်များ၌ ပိုးလောက်လမ်းရှိ/မရှိ စစ်ဆေးခြင်းရှိပါက ရေလှယ်၊ ရေသွန်ပြုလုပ်ပေးခြင်း၊ သောက်ရေအိုးများနှင့် အခြားအိုးများကိုပွတ်တိုက်ဆေးကြော၍ကျောင်းပိတ်ရက်များတွင် မှောက်ထားခဲ့ခြင်းကို ဆောင်ရွက်စေခြင်းဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဟူသော လုပ်ငန်းစဉ်တစ်ရပ်ကို လက်တွေ့ဆောင်ရွက်တတ်သည့် (Skill on Larval Cleaning) ပါရရှိနိုင်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားမီ ပြည်သူလူထုသိသင့်သည့် သတင်းအချက်အလက်များ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားကူးစက်ပုံမှာ ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားသည်။ ခြင်ကျားကိုက်၍ ကူးစက်သည်။
သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် တစ်ကိုယ်ရေ ကာကွယ်ရေးနည်းလမ်းများ၊ ပိုးလောက်လမ်းနှိမ်နင်းရေး နည်းလမ်းများနှင့် ၎င်းတို့၏အရေးကြီးပုံမှာ-
ကလေးများအား အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ထဘီ စသည်တို့ကိုဝတ်ပေးရန်၊ ကလေး/လူကြီးအားလုံး နေ့ခင်းဖြစ်စေ၊ ညဖြစ်စေအိပ်သည့်အချိန်တွင် ခြင်ထောင် ဖြင့်အိပ်ရန်၊ ဖြစ်နိုင်ပါက ဆေးစိမ်ခြင်ထောင်ဖြင့် အိပ်ရန်၊ အထူးသဖြင့် ဆေးရုံများတွင်လူနာများအား ခြင်ထောင်ဖြင့်အိပ်စေရန်၊ ဖြစ်နိုင်ပါက ဆေးစိမ်ခြင်ထောင်ဖြင့် အိပ်ရန်၊ မူကြိုကျောင်းများ၌ ကလေးများအိပ်ရန် ခြင်ထောင်များကို ဆေးစိမ်ပေးရန်၊ ကျောင်းများတွင် လိုက်ကာ၊ ခန်းဆီးများကိုခြင်ထောင်စိမ်သည့် ဆေးပြားအသုံးပြု၍ ဆေးစိမ်ရန်၊ ဖြစ်နိုင်ပါက မူကြိုနှင့်နေ့ကလေးထိန်းကျောင်းများ မူလယ်ထက်စာသင်ကျောင်းများ (အစိုးရ+ပုဂ္ဂလိက)တွင် ခြင်လုံဆန်ခါများ တပ်ပေးခြင်း၊ ခြင်ဆေးခွေထွန်းခြင်း၊ မီးခိုးမှိုင်းတိုက်ခြင်းစသည်တို့မှာ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်သဖြင့် မပြုလုပ်သင့်ပါ၊ အနံ့ကြောင့် ခြင်ပြေးသောဆေးများ(Repellent)၊ ခြင်ပြေးသည့် Sticker၊ မီးအိမ် စသည်များ သုံးသင့်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလာချိန်
ဒင်ဂီးရိုးရိုးအဖျား၏လက္ခဏာများမှာ ခေါင်းကိုက်ခြင်း၊ မျက်လုံးအိမ်အတွင်းမှ နာကျင်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း၊ အနီရောင်အစက်များ ထွက်လာခြင်း၊ သွေးယိုစီးမှုများ ဖြစ်လာခြင်း သွေးစစ်ကြည့်ပါက သွေးဖြူဥများ နည်းနေခြင်း၊ သွေးစေးပြစ်မှုမြင့်တက်လာခြင်း။
သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ
လတ်တလောဖျားနာခြင်း (နှစ်ရက် မှ ခုနစ်ရက်အောက်ပါသွေးယိုစီးမှုလက္ခဏာများ တစ်ခုခုတွေ့ရခြင်း၊ အနီစက်များပေါ်လာခြင်း၊ အရေပြားပေါ်တွင် အညိုအမည်းအကွက်များ ပေါ်လာခြင်း၊ သွားဖုံးများနှင့် အသားနုများမှ သွေးယိုစီးခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းမှ သွေးယိုခြင်း၊ ဆေးထိုးသည့်အပ်ရာများ၌ အကွက်များပေါ်ခြင်း၊ သွေးယိုခြင်း၊ သွေးမွှားဥအရေအတွက် ပုံမှန်အောက်ကျဆင်းလာခြင်း၊ သွေးကြောတွင်းမှ ပလာစမာခေါ်သွေးရည်ကြည်များ ခန္ဓာကိုယ်တွင်းသို့ စိမ့်ထွက်မှုရှိခြင်း။
ဖျားနာသောလူနာအား အိမ်တွင်ပြုစုနည်းများ
ကလေးကို ရေများများတိုက်ပါ၊ အထူးသဖြင့် ဓာတ်ဆားရည်တိုက်ပါ။ စွပ်ပြုတ်၊ ဆန်ပြုတ်ကျဲကျဲတိုက်ပါ။ နို့စို့နေသည့်အရွယ် ဖြစ်ပါက နို့မဖြတ်ပါနှင့်၊ ဆက်တိုက်ပါ။ အဖျားတက်လျှင် ရေဖတ်တိုက်ပေးပါ။ ပါရာစီတမော အရည်တိုက်ပေးပါ၊ အခြားဆေးမြီးတိုများ မတိုက်ပါနှင့်။ဆရာဝန်နှင့်ပြသပြီး ညွှန်ကြားသည့်အတိုင်း လိုက်နာပါ။
အောက်ပါလက္ခဏာတစ်ခုခုတွေ့ပါက ဆေးရုံသို့ ချက်ချင်းသွားပါ
ကလေးဖျားပြီး အန်ခြင်း၊ အန်ဖတ်တွင်အညိုရောင် အဖတ်များပါခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ အနီစက်များထွက်ခြင်း၊ သွေးယိုစီးမှုရှိခြင်း၊ မှိန်းနေခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ဂျီကျခြင်း၊ ခြေဖျားလက်ဖျားအေးစက်ခြင်း။သွေးပေါင်ချိန်ကြည့်ပါက အောက်သွေးတက်နေပြီး အောက်သွေးနှင့် အပေါ်သွေးတို့ခြားနားချက်မှာ < 20 mmHg ဖြစ်နေသည်ကို တွေ့ရခြင်း။
သွေးလွန်တုပ်ကွေးရောဂါ ကပ်ရောဂါအသွင်ဖြစ်ပွား လာချိန်သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ သိရှိလိုက်နာရန်မှာ သွေးလွန်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားပါကမိမိတို့၏ကလေးများ၊ လူကြီးများအားလုံး ဖျားနာပါက နီးစပ်ရာ ဆေးခန်း၊ ဆေးရုံသို့ လာရောက်ပြသပါ၊ ဆေးမြီးတိုဖြင့် ကုသခြင်းကိုရှောင်ကြဉ်ပါ၊
ကလေးများဖျားပြီး အန်လျှင်၊ အန်ဖတ်တွင် အညိုရောင်အဖတ်များပါလျှင်၊ ဝမ်းမည်းမည်းသွားလျှင်၊ အနီစက်များထွက်လျှင်၊ သွေးယိုစီးမှုရှိလျှင်၊ မှိန်းနေလျှင်၊ ဂနာမငြိမ်ဖြစ်လျှင်၊ ဂျီကျလျှင်၊ ခြေဖျားလက်ဖျားအေးစက်လျှင် ဆေးရုံသို့ချက်ချင်းသွားပါ။
သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုနှင့် ပတ်သက်၍ သိရှိလိုက်နာရန်
သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကျားကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ပါသည်။ မိမိတို့အိမ်တွင် ရေတင်ကျန်နိုင်သည့် စွန့်ပစ်ပစ္စည်းအားလုံးကို အမှိုက်စွန့်ပစ်သည့်နေရာတွင် စနစ်တကျစွန့်ပစ်ပါ၊
ရေစည်၊ ရေအိုးများကို လုံခြုံစွာဖုံးအုပ်ထားပါ၊
ပိုးလောက်လမ်းစစ်ဆေးရန် လာရောက်သည့်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပါ၊ မိမိရပ်ကွက်/ကျေးရွာအတွင်း သွေးလွန်တုပ်ကွေးရောဂါ နှိမ်နင်းရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ကူညီဆောင်ရွက်ကြပါ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မြန်မာနိုင်ငံတစ်ဝန်းလွှမ်းခြုံနိုင်ရန် အရပ်ဘက်၊ စစ်ဘက်ကျန်းမာရေး ဝန်ထမ်းများက ကြိုးပမ်းဆောင်ရွက်လျက်
ရှိပါတယ်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ၏ ဝန်ထမ်းအိမ်ရာ ၂၁၇၅ လုံးတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများ ကူးစက်ပြန့်ပွားမှုကိုကာကွယ်နိုင်ရေး၊ သွေးလွန်တုပ်ကွေးရောဂါကြောင့် နာမကျန်းဖြစ်ပွားမှုနှင့် သေဆုံးမှုမရှိစေရေးနှင့် ခြင်ကျားနှင့်ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ငန်းများကို ပြည်သူလူထုကိုယ်တိုင် ပူးပေါင်းပါဝင်၍ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်များဖြင့် ပြုလုပ်တဲ့ ခြင်ကျားနှင့်ပိုးလောက်လမ်းနှိမ်နင်းရေး စီမံချက်မှာလည်း တပ်မတော်(ကျန်းမာရေးနှင့်ရောဂါနှိမ်နင်းရေးတပ်)ဟာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှာ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ။
မိခိုင်ဇင်ခင်လေး