နေပြည်တော်၊ အောက်တိုဘာ - ၁၃
တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာများကို လက်ခံကုသပေးနိုင်ရန်အတွက် ကုသရေး နေရာများ ပြင်ဆင်ဆောင်ရွက်ထားရှိလျက်ရှိပြီး စက်တင်ဘာ ၂၅ ရက်မှစတင်၍ အတည်ပြုလူနာများကို လူမျိုး၊ ဘာသာမရွေးလက်ခံကာ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ယနေ့အထိ မှော်ဘီမြို့နယ်၊ တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သံဃာတော် ၅၅ ပါး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာသာသနာ နွယ်ဝင်သီလရှင် ၄၀ ပါး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်တွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာသံဃာတော် ၅၇ ပါး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခို ရေးစခန်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအရပ်သား ၇၁၀ ဦးနှင့် ရဲမွန်မြို့၊ နယ်မြေခံ သင်တန်းကျောင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာအရပ်သား ၂၇၄ ဦးတို့ကို အသီးသီး ဆက်လက် လက်ခံကုသပေးလျက်ရှိပြီး အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများ၏ နေထိုင် စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့လက်ခံကုသမှုများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသည့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ အတည်ပြုလူနာ ၃၁ ဦးတို့ကို ယနေ့တွင် သက်ဆိုင်ရာရပ်ကွက်များသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့်မော်တော် ယာဉ်များဖြင့် လိုက်လံ ပို့ဆောင်ပေးကြသည်။
ထို့ပြင် သီးသန့်စောင့်ကြည့်ရမည့် သူများကိုလည်း လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ ၅၈၃ ဦး၊ ရွှေညောင်မြို့ တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည်သူ ၅၀ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၉၈ ဦးတို့ကို အသီးသီးလက်ခံထား ရှိကြောင်းနှင့် စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ သီးသန့်စောင့်ကြည့်ရမည့် သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်သူများ၏ နေထိုင ်စားသောက်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို တပ်မတော်မှ ဆောင်ရွက်ပေးနေမှုများအပေါ် ယခုလိုပြောကြားခဲ့ပါတယ်---
“ကျွန်တော်တို့ကဘာသာခြား ဖြစ်တဲ့အပေါ်မှာ ကျွန်တော်တို့ကို ကြက်သားမစားဘူးဆိုတော့ ဘဲဥတွေ၊ ကြက်ဥတွေကြော်ပြီးတော့ ကျွန်တော်တို့ဆီ လာပို့ပါတယ်။ ရဲဘော်တွေက အရမ်းစေတနာထားပါတယ်။ လာပို့တဲ့နေရာမှာ ကျွန်တော်တို့ နေ့တိုင်းရှိပါတယ်။ နေ့တိုင်းဝိုင်းလုပ်ပေးတယ်။ ဝိုင်းကူပေးတယ်။ နေ့တိုင်းတွေ့တယ်။ ကျွန်တော်တို့ အမြင်ကတော့ ကျွန်တော်တို့ အရင်တုန်းကတော့ ကျွန်တော်တို့မသိဘူး။ သူများပြောတဲ့စကားတွေ နားယောင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်လာကြည့်တော့မှ ဘယ်လောက်ကောင်းတယ် ဆိုတာကို ကျွန်တော်တို့သိရတယ်။ တပ်မတော်က ဘယ်လောက်အပင်ပန်းခံတယ်။ သူတို့ကိုယ်တိုင် မနက်မိုးလင်း ဒီဝတ်စုံတွေဝတ်ပြီးတော့ သူတို့မှာ ချွေးသံတရွှဲရွှဲနဲ့ ကားတွေနဲ့ ပစ္စည်းတွေ၊ မုန့်တွေနဲ့ ထမင်းတွေ လိုက်ပို့လိုက်ချ တစ်နေကုန်တစ်နေခန်း လိုက်လုပ်နေတာ။ သူတို့အပေါ်မှာ ကျွန်တော်အရမ်းဘယ်လိုပြောပြရမလဲ အတိုင်းမသိ အရမ်းလည်း ဝမ်းသာတယ်။ ဒီလောက်လုပ်ပေးတယ်ဆိုတာ ကျွန်တော်ထင်တောင်မထင်ဘူး” ဟု သီးသန့်စောင့်ကြည့်ထားသူ တစ်ဦးက ပြောသည်။