နေပြည်တော်၊ အောက်တိုဘာ - ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး ကုန်းတော် ပေါ်တွင် နောက်ဆုံးအကြိမ် ပိဋကတ်သုံးပုံ ကျောက်စာတိုင်စိုက်ထူပူဇော်ပွဲကို အောက်တိုဘာ ၁၂ ရက်နံနက်ပိုင်းတွင် ပြုလုပ်ရာ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဓမ္မာသီရိ အမှူးပြုသော သံဃာတော်များ ဦးဆောင်၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့်အဖွဲ့ဝင်များ၊ ဘုရားဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များနှင့်ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်စိုက်ထူပူဇော်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် အား သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ကြွရောက်တော်မူကြ သောသံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်၍ ပိဋကတ်သုံးပုံကျောက်စာ တိုင် ၂၇ တိုင်ကို စိုက်ထူပူဇော်ကြသည်။
အဆိုပါ ပိဋကတ်သုံးပုံကျောက်စာတိုင်များအား နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်အမှူးပြု၍ ရဟန်းရှင်လူ၊ ပြည်သူများကောင်းမှုဖြင့် သုံးလောကထွတ်ထား မြတ်စွာ ဘုရားရှင်ဟောကြားတော်မူခဲ့သော ပိဋကတ်သုံးပုံပါဠိတော်အား ဂုံရှမ်းတိုင်းရင်းသားဘာသာသို့ ပြန်ဆိုပြီး ကျောက်စာချပ်များ ပေါ်တွင် ရေးထွင်းကာ ၂၀၁၂ ခုနှစ်မေလမှစတင်၍ ရွှေတိဂုံ စေတီတော်မြတ်ကြီး ကုန်းတော်ပေါ်တွင် စိုက်ထူပူဇော်ခဲ့ရာ ယနေ့အထိ ကျောက်စာတိုင်ပေါင်း ၂၅၀၀ ခန့်ကို နောက်ဆုံးအကြိမ် အပြီးသတ် စိုက်ထူပူဇော်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။