နေပြည်တော်၊ အောက်တိုဘာ - ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးအတွက့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် COVID-19 ရောဂါကာကွယ် ရေးအထောက်အကူပြုပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့်အဖွဲ့ဝင်များက ပဲခူးတပ်နယ်ရှိ ရန်ငြိမ်းအေးခန်းမ၌ သွားရောက်ပေးအပ် လှူဒါန်းသည်။
ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးက COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Oxygen Concentrator ၁ လုံး၊ Face Mask ၂၀၀၀ ခု၊ Hand Gel ၁ ဖာ၊ Hand Sanitizer ၁ ဖာ၊ ကြက်ဥအလုံး ၅၀၀ ၊ စည်သွပ်ဘူး ၁ ဖာ၊ ဂျုံခေါက်ဆွဲ ၄ ဖာနှင့် စားသောက်ဖွယ်များကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာ ရန်နိုင်မောင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ထို့နောက် ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီး၌ သွေးလိုအပ်ချက်အား အထောက်အကူဖြစ်စေရန် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၄၀ ဦးတို့က သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ယင်းသို့သွေးလှူဒါန်းနေမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး သွေးလှူရှင်များအတွက် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။