၁၇-၈-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့၏ (၁၉)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲ အမေး၊ အဖြေများ-အပိုင်း(၄)
သြဂုတ် ၁၉ ရက်မှအဆက်
NP News သတင်းဌာနမှ ရုပ်သံတင် ဆက်သူ ဒေါ်သီရိက လူမှုကွန်ရက်၌ ကျယ်ပြန့်စွာအသုံးပြုလာသည့် ဆယ်စုနှစ် ကာလကျော်တွင် အထူးသဖြင့် Facebook ပေါ်မှအစပြုပြီး အမျိုးသားလုံခြုံရေးနှင့် ပတ်သက်သည့် လူဦးရေအချက်အလက်များ၊ လျှို့ဝှက်ချက်များ ပေါက်ကြားရုံတင်မက အမျိုးသားရေး စရိုက်လက္ခဏာများ၊ ယဉ်ကျေး မှုများ၊ ရိုးရာဘာသာ တရားများ တိမ်မြုပ်လာခြင်း စသည့်အမျိုးသား လုံခြုံရေးစည်း များ ကျိုးပေါက်မှုကို မည်ကဲ့သို့ကာကွယ်မည်ကို သိလိုပါကြောင်း၊ ဒုတိယမေးခွန်း အနေဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာနကို မေးလိုကြောင်း၊ လက်ရှိသံတမန် အခင်းအကျင်းတွင် မြန်မာအစိုးရအနေဖြင့် ဖိအားပေး၊ ထိုးနှက်ခံရခြင်းကို ကြိမ်ဖန်များစွာ ကြုံတွေ့နေရကြောင်း၊ ကြိမ်ဖန်များစွာဖြစ် လာသည့်အတွက် ဖိအားပေး ထိုးနှက်သည့် အဆင့်ထက် ပိုမို၍ တိုင်းပြည်ဂုဏ်သိက္ခာကိုပါ ထိခိုက်လာပါကြောင်း၊ ထို့ကြောင့် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ကန့်ကွက် ပယ်ချကြောင်းသာ ထုတ်ပြန်ချက်ထုတ်နေ ကြောင်း၊ သက်ဆိုင်ရာ သံတမန်အသိုင်း အဝိုင်းကို ထိုထက်မက ပိုမိုထိရောက် ပြင်းထန်သည့် လုပ်ဆောင်ချက်များ၊ သက်ဆိုင်ရာနိုင်ငံ၏ သံတမန်ကို ခေါ်ယူ ကန့်ကွက်ခြင်း လုပ်ဆောင်ခြင်း ရှိ/မရှိ၊ ထိရောက်သည့် ကန့်ကွက် လုပ်ဆောင်ချက် ဆောင်ရွက်မှုမျိုးများ၊ လုပ်ဆောင်နိုင်စွမ်း ရှိ/မရှိ သိလိုကြောင်း၊ တချို့သော နိုင်ငံများကို သံတမန်အဆင့် လျှော့ချထားသည်ကိုသာ သိရှိထားကြောင်း၊ နံပါတ်(၃) မေးခွန်း အနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနကို မေးမြန်းရခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အတွက် အဓိကစိန်ခေါ်မှုများသည် နိုင်ငံရေး မတည်ငြိမ်မှု ကသောင်းကနင်းဖြစ်နေသည့် အခြေအနေများ၊ စည်းမျဉ်းစည်းကမ်းများ၊ မကြာခဏ အပြောင်းအလဲဖြစ်ပေါ်နေခြင်း၊ ငွေဈေးမတည်ငြိမ်ခြင်းများ စသည့်များပြား သည့် စိန်ခေါ်မှုများ ရှိနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံလိုသူများကို မည်ကဲ့သို့သော အာမခံချက်များ လုပ်ပေးနိုင်ပါသလဲ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ရန် မည်သည့် အတိုင်းအတာအထိ စီမံထားသည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ပထမဦးဆုံး Facebook လူမှုကွန်ရက်နှင့် ဆိုင်သည့်ကိစ္စ၊ ဒုတိယက MOFA အနေဖြင့် လုပ်နေသည့် Diplomatic ဆိုင်ရာကိစ္စများ၊ ကန့်ကွက်လွှာများ၊ ထိုကိစ္စများကို MOFA က ပြန်လည်ပြီးဖြေဆိုမည်ဖြစ်ကြောင်း၊ နိုင်ငံခြားငွေလဲနှုန်းများ၊ FDI ကိစ္စများကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနက ဖြေကြားပေးမည် ဖြစ်ကြောင်း၊ လူမှုကွန်ရက် စာမျက်နှာနှင့် Facebook ၏ လွှမ်းမိုးလာမှုသည် သတင်းထောက်ကြီးတို့ မြင်သည့်အတိုင်း သုံးသပ် သည့်အတိုင်း ဖြစ်ကြောင်း၊ မိမိတို့၏ အမျိုးသားရေးစရိုက် လက္ခဏာ အသီးသီးအပေါ် (National Identity)၊ ယဉ်ကျေးမှုအပေါ်၊ နိုင်ငံရေးအပေါ် တော်တော်များများ လွှမ်းမိုး မှုရှိသည်ကို တွေ့ရကြောင်း၊ အများအားဖြင့် နိုင်ငံရေး မငြိမ်မသက်ဖြစ်အောင် လုပ်ခြင်းဖြစ် ကြောင်း၊ ယခုလောလောဆယ်ဖြစ်နေသည့် ဆူပူအကြမ်းဖက်မှုများကို အများဆုံး လှုံ့ဆော်နေသည်မှာ Facebook ပေါ်ကဖြစ်ကြောင်း၊ Facebook ကိုင်တွယ်နေသည့် သူများ၊ Facebook နှင့်ပတ်သက်ပြီး ကိုင်တွယ်နေသည့် အဖွဲ့အစည်းက ၎င်းတို့ အနေဖြင့် အမြဲတမ်းစောင့်ကြည့်နေသည်၊ ၎င်းတို့ပြောနေသည့် Social Standard နှင့် မကိုက်ညီသည်များကို ပယ်ဖျက်နေသည်ဟု အမျိုးမျိုးပြောနေကြောင်း၊ အမှန်တကယ် မြန်မာနိုင်ငံအနေဖြင့် Facebook ပေါ်တွင် အဖျက်ခံနေရခြင်းသည် အမျိုးသားရေး၊ နိုင်ငံတော်၏ အခြေခံယဉ်ကျေးမှု မူလဖြစ် သည့် အမျိုးဘာသာ သာသနာနှင့် ပတ်သက် လာပြီး တင်နေသည်များကို အမြဲတမ်း အဖျက်ခံနေရခြင်းကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဥပမာတစ်ခုအနေဖြင့် အစောပိုင်းက ပြသခဲ့သည့် Video ထဲ၌ တပ်မတော်က ရုရှားနိုင်ငံတွင် ပထမဆုံး သွားရောက်ပြီး ယှဉ်ပြိုင်သည့် ဗိုလ်လောင်းများသည် ရွှေတံဆိပ်ဆု ရခဲ့ကြောင်း၊ မြန်မာနိုင်ငံတော် အလံကို ရုရှားနိုင်ငံတွင် နိုင်ငံတော်သီချင်းနှင့်အတူ လွှင့်ထူခဲ့သည်ကို မြင်လိမ့်မည်ဖြစ်ကြောင်း၊ ထို Video ကို တပ်မိသားစုများ၊ အရပ်ဘက်ပြည်သူများက Facebook ပေါ်တွင် တင်ကြောင်း၊ Facebook ပေါ်တွင် တင်တိုင်း အမြဲတမ်းဖြုတ်ချ ခံရကြောင်း၊ ၎င်းတို့ သည် မည်သည့် Standard ဖြစ်သနည်း၊ ၎င်းတို့ပြောနေသည့် Social Standard နှင့် မည်သည့်အရာများက ငြိနေသည်ကို မိမိမေးလိုကြောင်း၊ ထိုအကြောင်းအရာသည် အနီးဆုံး ရက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည်ကို ပြောခြင်းဖြစ်ကြောင်း၊ မိမိသတင်းစာ ရှင်းလင်းပွဲအစတွင် ပြောခဲ့ကြောင်း၊ စစ်ကိုင်း၌ဖြစ်ပျက်ခဲ့သည်များကို ကြည့်ခြင်းအားဖြင့် တော်တော်ကို ရက်စက်ကြောင်း၊ ခရီးသည်တင် ကားပေါ်တွင် လိုက်လာပြီးပစ်ခတ်ခဲ့ကြောင်း၊ ခရီးသည်များကို အကာအကွယ်ယူ ပြီးပစ်ခတ်ခဲ့ကြောင်း၊ အမျိုးသမီးတစ်ယောက်ကို ဖမ်းချုပ်ပြီး ၎င်းရှေ့တွင် အကာအကွယ်ယူပြီး ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းအမျိုးသမီးသည် ညာဘက်ခြေထောက်ကိုသာ သေနတ်ထိခဲ့ပြီး သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်း မဟုတ်ကြောင်း၊ ၎င်းသည် PDF အကြမ်းဖက်များ၏ ဓားစာခံ လုပ်ခံရခြင်းကြောင့် ထိတ်လန့်ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်ခဲ့ခြင်းများကို လူမှုကွန်ရက်ပေါ်တွင် Live လွှင့်ပြီးတင်နေသည်ကို အတင်မခံခဲ့ကြောင်း၊ မကြာခဏဖြုတ်ချခံခဲ့ရကြောင်း၊ ယခုအချိန်အတွင်း မည်မျှအဖြုတ်ချခံနေရသည်ကို ပြန်လေ့လာကြည့်လျှင် သိနိုင်မည်ဖြစ်ကြောင်း၊ မိမိပြောလိုသည်မှာ ထိုအကြောင်းအရာသည် အမှန်ဖြစ်ကြောင်း၊ တော်တော်ကို အန္တရာယ်များနေကြောင်း၊ မိမိတို့အနေဖြင့် ကန့်သတ်နိုင်ရေး လုပ်ဆောင်နေကြောင်း၊ ကန့်သတ်နေသည်မှာ နည်းနှစ်နည်းရှိကြောင်း၊ ပထမနည်းမှာ ကန့်သတ်နိုင်ရေး လုပ်ဆောင်ချိန် အားလုံးသိသည့် အတိုင်း ကျော်၍ခွ၍ ရသည့်နည်းများ ဖြစ်သည့် VPN ခံပြီး ကျော်နေရသည်များ ရှိကြောင်း၊ သို့သော် ဆက်လက်ပြီး မလုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆောင်ရွက်နေခြင်းများ ရှိကြောင်း၊ သို့သော် အပြည့်အဝ အောင်မြင်မှုများ မရရှိသေးကြောင်း၊ ယခုကဲ့သို့ ကန့်သတ်လိုက်ပြီ ဆိုလျှင် မိမိတို့နောက်ထပ် လုပ်ရန်တာဝန်ရှိလာသည့် တစ်ခုရှိပါကြောင်း၊ Social Media ကို သုံးစွဲပြီးသား လူတစ်ယောက်သည် မသုံးစွဲနေ၍ မရကြောင်း၊ ၎င်း၏စိတ်အလိုဆန္ဒ ပြည်သူလူထုအပေါ်တွင်လည်း ကြည့်ရမည်ဖြစ်ကြောင်း၊ ထိုနေရာကို အစားထိုးနိုင်ရန် အတွက်လည်း မိမိတို့ Social Media Platform တစ်ခုကို တီထွင်ဆောင်ရွက်လျက် ရှိကြောင်း၊ ဝန်ကြီးဌာနနှစ်ခု၊ သုံးခုပေါင်းပြီး ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းတို့ကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ နံပါတ်သုံး အချက်မှာ ကန့်သတ်မှုများ ဖြစ်ကြောင်း၊ Facebook Team အနေဖြင့် မြန်မာနိုင်ငံတွင် ယခုလောက်ပြ၍ ရအောင် မည်သည့်နေရာကနေပြီး မည်သည့်ဝင်ငွေများ ရရှိအောင် လုပ်နေသလဲဆိုလျှင် ကြော်ငြာများသာဖြစ်ကြောင်း၊ ကြော်ငြာနေသည့်သူများနှင့် ပတ်သက်ပြီး မြန်မာကုမ္ပဏီ၊ မြန်မာနိုင်ငံနှင့် သက်ဆိုင်နေသည့် ကုမ္ပဏီများကိုလည်း မိမိတို့အနေဖြင့် ကန့်သတ်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တကယ်ဖြစ်ပျက်နေသည့် အန္တရာယ်နှင့် ပတ်သက်ပြီး အသိပေးသည့်အတွက် သတင်းဌာနကိုလည်း ကျေးဇူးတင်ကြောင်း၊ နောက်တစ်ချက်က နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရပ်တည်ချက်၊ နိုင်ငံခြားရေး မူဝါဒ တကယ်ဖြစ်ပျက်နေသည့် မိမိတို့ကို မတရားစွပ်စွဲ နေသည်ကို မိမိပြောပြီးဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး၏ အသေးစိတ်လုပ်ဆောင်မှုများကို နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိပြောရေးဆိုခွင့် ရှိသူက ဆက်လက်ပြီး ပြောကြားသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်၊၊
နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မြန်မာအစိုးရ၏ နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်၍ ပြောရမည်ဆိုပါက အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်တည်တံ့ ခိုင်မြဲရေးကို လေးစားသည့် မူဝါဒကျင့်သုံးလျက် ရှိကြောင်း၊ ထို့ကြောင့် အခြားနိုင်ငံ များမှ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးရန် ကြိုးပမ်းရာတွင် လည်းကောင်း၊ အခြေအမြစ်မရှိသည့် စွပ်စွဲမှုများပြုလုပ်ရာတွင် လည်းကောင်း မိမိတို့နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ သက်ဆိုင်ရာ သံရုံးများ သို့မဟုတ် နိုင်ငံတကာ အဖွဲ့အစည်းများသို့ သံတမန်လမ်းကြောင်းမှ တစ်ဆင့် အကြောင်းကြားခြင်းတို့ကို လုပ်ဆောင်လျက် ရှိကြောင်း၊ ထို့ပြင် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ထိပ်တန်းတာဝန်ရှိသူများကလည်း သံရုံးများ သို့မဟုတ် နိုင်ငံတကာအဖွဲ့ အစည်းများမှ ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံကာ မြန်မာနိုင်ငံအပေါ် သက်ဆိုင်ရာ နိုင်ငံများမှ တာဝန်ရှိသူများ၊ လွှတ်တော်များ၏ မသင့်မလျော် ပြောဆိုဆက်ဆံမှုနှင့် ပတ်သက်၍ နိုင်ငံတကာ ဆက်ဆံရေးစံနှုန်းများနဲ့အညီ အပြင်းအထန်ကန့်ကွက် ပြောဆိုလျက်ရှိကြောင်း၊ အလားတူ ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများမှ အကြီးအကဲ များကလည်း သက်ဆိုင်ရာ နိုင်ငံများရှိ တာဝန်ရှိသူများကို တူညီသော သတင်းစကားများ အသိပေးပြောကြားကြောင်း၊ နောင်တစ်ချိန် အလားတူဖြစ်စဉ်မျိုး ပေါ်ပေါက်ခဲ့ပါကလည်း မိမိတို့အနေဖြင့် သံတမန်ရေး နည်းလမ်းများနှင့် ကောင်းစွာ ဖြစ်တည်ပြီးဖြစ်သော သံတမန်ရေး အလေ့အကျင့်ကောင်းများကို နိုင်ငံတကာ သံတမန် ဆက်ဆံရေး စံနှုန်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဖြေကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက တတိယအချက် ဖြစ်သော စီးပွားရေးဆိုင်ရာနှင့် FDI ဆိုင်ရာများ၊ Foreign Exchange Rate အပိုင်းများနှင့် ပတ်သက်ပြီး ဗဟိုဘဏ်နှင့် ရင်းနှီးစီးပွား သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ထိုအဖွဲ့များက သက်ဆိုင်သူများ ဖြေကြားနိုင်ရန် ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမျိုးသား စီမံကိန်းဥပဒေ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှု အနေနှင့် မြန်မာကျပ်ငွေ ၁၆၁၅ ဒသမ ၈၁၉ ဘီလီယံ ခန့်မှန်းထားပြီး အိမ်ရာအဆောက်အအုံ တည်ဆောက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ စက်မှုကဏ္ဍတို့ ကို အဓိကထားခွင့်ပြုနိုင်မည်ဟု ခန့်မှန်း ထားကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် အဓိကအဆိုပြုထားသည်မှာ စက်မှုလုပ်ငန်း အများဆုံးဖြစ်ပြီး လျှပ်စစ်ဓာတ်အား လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အိမ်ရာအဆောက်အအုံ လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံက အများဆုံး ဖြစ်ပြီး ဟောင်ကောင်၊ ဂျပန်နှင့် စင်ကာပူနိုင်ငံတို့ ပါဝင်ကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစား ၉ ခုကို အဆိုပြုထားပြီး အဆိုပြုလွှာ တင်လာခဲ့လျှင် ထိုလုပ်ငန်း ၉ ခုကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ကြေညာထားပြီး ဖြစ်ကြောင်း၊ ထိုလုပ်ငန်း ၉ ခုမှာ ဓာတ်မြေသြဇာထုတ်လုပ်ခြင်း လုပ်ငန်း၊ ဘိလပ်မြေထုတ်လုပ်ခြင်း လုပ်ငန်း၊ သံမဏိ ထုတ်လုပ်ခြင်းလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်းစသည့် လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ၊ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်ခြင်း လုပ်ငန်း၊ လျှပ်စစ်ယာဉ်များ ထုတ်လုပ်ခြင်း လုပ်ငန်း၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ဆီထွက်သီးနှံဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုပ်ငန်းများ ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများနှင့် ပတ်သက်ပြီး လာရောက်ရင်းနှီးမြှုပ်နှံပြီး ဆောင်ရွက်မည်ဆိုလျှင် ရင်းနှီးမြှုပ်နှံသူ ဦးတည်စနစ် (Investor targeting)နည်းလမ်းအား အသုံးပြု၍ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားအလာရှိသည့် ရင်းနှီး မြှုပ်နှံသူများ အနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ထားသည့် လုပ်ငန်းများတွင် လာရောက်ရင်းနှီး မြှုပ်နှံမှုပြုလုပ်ရန် အဆိုပြုလွှာ တင်လာမည်ဆိုလျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်များကို လိုအပ်သလိုလျင်မြန်စွာ ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကိစ္စနှင့် ပတ်သက်ပြီး စီးပွားကူးသန်း Website များတွင် ပြန်လည်ပြီး ထုတ်ပြန်လျက်ရှိကြောင်း၊ ဒေသဆိုင်ရာ အချက်အလက်များ တကယ်ဖြစ်ပျက်နေသည့် အချက်အလက်များကို ယခုအကြံပေးသွားသကဲ့သို့ မသိ သေးသည် များပြားနေသည်ကို တွေ့ရကြောင်း၊ ၎င်းတို့အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ စီးပွားကူးသန်း၊ ရင်းနှီး စီးပွားအဖွဲ့များနှင့် ကျန်ရှိနေသည့် အဖွဲ့များ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ မိမိတို့ လုပ်ဆောင်နေသည်များ၊ FDI ဝင်ရောက်လာမှုများ ထုတ်ပြန်နိုင်သည့် သတင်းများကို မြန်မာပိုင်းတွင်သာမက အင်္ဂလိပ်ပိုင်းကိုပါ တတ်နိုင်သမျှ ထုတ်ပြန်ပေးရန် ပြောလိုကြောင်း၊ မိမိတို့ ချိတ်ဆက်ထားသည့် Information Team ရှိကြောင်း၊ Information Team သို့ ထိုအချက်အလက်များကို ပေးရန်ပြောလိုကြောင်း၊ Media အများစုက Information Team တွင် လာကြည့်ကြကြောင်း၊ ဝန်ကြီးဌာနများမှ ထုတ်ပြန်စေလိုသည့် အချက်အလက်များ ရှိလျှင် English Section အနေနှင့်ရော Myanmar Section အနေဖြင့်ပါ Information Team ကိုပေးရန် မိမိပြောလိုကြောင်း၊ Information Team ကိုပေးပြီး မိမိတို့ ပြန်တင်ပေးသည့် အချိန်တွင် ပိုမိုပြီး သတင်းပျံ့နှံ့နိုင်သည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်၊၊
Myanmar Hard Talk သတင်းဌာနမှ အယ်ဒီတာချုပ် ဦးအောင်မင်းက လက်ရှိအချိန်တွင် တချို့လူငယ်များသည် ၎င်းတို့ကို နိုင်ငံတော်အစိုးရက ပစ်ပယ်ထားသည်ဟု ခံစားနေသည့် လူငယ်များရှိကြောင်း၊ တချို့ လူငယ်များက နိုင်ငံခြားကို ထွက်သွားသည့် လူငယ်များရှိကြောင်း၊ တချို့လူငယ်များက ပြည်တွင်းတွင် ကိုယ်ပိုင်စီးပွားရေး တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေကြကြောင်း၊ တချို့လူငယ်များက အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ပညာသင်ကြားနေသည့် လူငယ်များလည်း ရှိကြောင်း၊ မြန်မာပြည် ထဲတွင်ရှိနေသည့် ကိုယ်ပိုင်စီးပွားရေး လုပ်နေသည့် လူငယ်များက အကယ်၍ နိုင်ငံတော်အစိုးရ အနေဖြင့် ၎င်းတို့ကို စီးပွားရေးလုပ်ရန် အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးငှားခြင်း အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း၊ ပညာသင်ယူနေသည့် လူငယ်များအတွက် အချိန်ပိုင်းအလုပ် ဖန်တီးပေးရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက လူငယ်များအတွက် အကြံပေးသည့် အတွက် ကျေးဇူးတင်ကြောင်း၊ လူငယ်များနှင့် ပတ်သက်ပြီး သီးခြား ဆောင်ရွက်ထားခြင်း မရှိသေးကြောင်း၊ အကြံပြုချက်များကို သက်ဆိုင်ရာများသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွား ရင်းနှီးမြှုပ်နှံမှု တိုးတက်ရန် ကျပ်ဘီလီယံ ၄၀၀ ကို ခွင့်ပြုထားသည့်အထဲတွင် ကျပ် ဘီလီယံ ၃၃၀ ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ ကျန်သည့်ငွေထဲမှ ၎င်းအကြံပြုချက်များကို သုံး၍ရ/မရ ဆက်လက်ဆွေးနွေး သွားရမည့် အစီအစဉ်များ ရှိကြောင်း၊ အစိုးရအနေဖြင့် လူငယ်များနှင့်ပတ်သက်ပြီး ပစ်ပယ်ထားခြင်းမျိုး မရှိကြောင်း၊ ပစ်ပယ်ထားခြင်း မရှိသည့်အတွက်လည်း တောထဲနှင့် တချို့နေရာများတွင် ရောက်ရှိနေသည့်လူငယ်များကိုလည်း ပြန်လာရန်အမြဲ ဖိတ်ခေါ်ခြင်းများ ရှိကြောင်း၊ ဖိတ်ခေါ်နေသည့်အပြင် လူငယ်များနှင့် ပတ်သက်ပြီး လူငယ်များကို ပညာရေးတွင် ဆုံးခန်းတိုင်အောင် ပညာသင်ယူကြရန် တိုက်တွန်းလိုကြောင်း၊ လုပ်ငန်းခွင်ရောက်နေသည့် လူငယ်များအတွက်လည်း အခွင့်အရေးများ ဖန်တီးပေးရမည် ဖြစ်ကြောင်း၊ အခွင့်အရေးများ ဖန်တီးပေးနိုင်ရန်လည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
သူရိယနေဝန်းသတင်းဌာနမှ သတင်းထောက် ဒေါ်သဇင်ဦးက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး နှစ်ဖက်စလုံးကို မေးခွန်းထုတ်လိုပါကြောင်း၊ နှစ်ဖက်စလုံး ဆိုသည့်နေရာတွင် ပထမဦးဆုံး အနေဖြင့် NLD ပါတီက တာဝန်ရှိ ပုဂ္ဂိုလ်များကို သတင်းစာ ရှင်းလင်းပွဲမှ မေးခွန်းထုတ်လိုကြောင်း၊ ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင် တပ်မတော်ဘက်မှ မဲစာရင်းမှားယွင်းမှုများ ရှိနေကြောင်း၊ မဲမသမာမှုများ ဖြစ်နေကြောင်းကို ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ ထို့နောက် သတင်းစာရှင်းလင်း ပွဲများ ပြုလုပ်ပြီးသတိပေးခဲ့ကြောင်း၊ ယင်းမဲမသမာမှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ်များကို ဖြေရှင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြောင်း၊ အကယ်၍ ယင်း မဲမသမာမှုများ မဖြေရှင်းဘဲ အစိုးရဖွဲ့ပြီး နိုင်ငံတော်အာဏာကို အတင်းအဓမ္မ ရယူခဲ့မည်ဆိုလျှင် တပ်မတော်အနေဖြင့် မဖြစ်မနေ မလွှဲသာမရှောင်သာ အာဏာထိန်းခြင်း သို့မဟုတ် အာဏာသိမ်းခြင်းများ တစ်ခုခု လုပ်နိုင်သည်ဟု သိပါလျက်နှင့် ယင်းမဲမသမာမှုများကို မည်သည့်အတွက်ကြောင့် ပြန်လည်မဖြေရှင်း ပေးခဲ့ပါသနည်း၊ နောက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအစိုးရကို မေးခွန်းထုတ်လိုသည်မှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မဲစာရင်းမသမာမှုများ၊ မဲစာရင်း မှားယွင်းမှု အားလုံးကို ယနေ့အချိန်ထိ တာဝန်ရှိပုဂ္ဂိုလ်များက ဖြေရှင်းပေးခြင်း မရှိသေးကြောင်း၊ လက်ရှိရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးသည့်အခါ မဲစာရင်း မှားယွင်းမှုများသည် သာမန်သဘောရိုး မှားယွင်းခြင်းမျိုး မဟုတ်ဘဲ စနစ်တကျ အကွက်ကျကျကြိုတင် စီစဉ်ထားသည့် မဲလိမ်မဲခိုးမဲညစ်မှုများ ဖြစ်သည်ကို စိစစ် ဖော်ထုတ်ပြီး ဖြစ်ကြောင်း၊ ထိုလုပ်ရပ်သည် မိမိတို့မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ သမိုင်းတစ်လျှောက်လုံးတွင် အဆိုးရွားဆုံး၊ အညစ်ပတ်ဆုံး မဲခိုးမှုဟုပြော၍ ရကြောင်း၊ ယင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ အနေဖြင့် ယနေ့အချိန်ထိ မူလအတိုင်း မပြောင်းလဲဘဲ မဲမသမာမှုဟု သုံးနှုန်းနေသည်ကို တွေ့ရကြောင်း၊ မဲခိုးမဲလိမ်သည်ကို မဲခိုးမဲလိမ်ခြင်းဟု မပြောရလောက်အောင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် မည်သည့် အခက်အခဲများ ရှိနေသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး တွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲတွင် ဝင်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ကိုယ်တိုင်က ၎င်းမဲဆန္ဒနယ်တွင် ဖြစ်ခဲ့သည့် မဲဆန္ဒစာရင်းများကို လာပြကြောင်း၊ ယင်းကဲ့သို့ဖြစ်စဉ်များကို တပ်မတော်သို့ အကြောင်းကြားလာကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် ၎င်းတို့ကို မဲစာရင်းများ စစ်ဆေးပေးနိုင်ရန် တောင်းခဲ့ကြောင်း၊ မီဒီယာများ မြင်သည့်အတိုင်း မိမိတို့သာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရကြောင်း၊ မဲစာရင်းများပေးရန် ထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့ကြောင်း၊ မဲစာရင်းများကို တောင်းသော်လည်း မဲစာရင်းများကို မပေးနိုင်ဘူးဟု ငြင်းကြောင်း၊ ဥပဒေထဲတွင် မပါဘူးဟု ငြင်းသည့်အတွက် ဥပဒေထဲတွင်ပါပြီးသား ဖြစ်ကြောင်း၊ မဲဆန္ဒရှင်မည်သူမဆို တောင်းလျှင် ၂၅ ကျပ်ပေးပြီး တောင်း၍ရကြောင်း၊ မပေးသည့် အတွက်ကြောင့် နောက်တစ်ခါ မိမိတို့က စာရင်းများအရ ပြန်လည်၍ တိုက်ဆိုင်စစ်ဆေးကြောင်း၊ မိမိတို့အားလုံး သတိပြုရမည်မှာ အချက်နှစ်ချက်ကို ထောက်ပြလိုကြောင်း၊ နံပါတ်တစ်အချက်က ဇန်နဝါရီလကုန်ခါနီး မီဒီယာများပေါ်တွင်လည်း လက်ရေးမူဖြင့် စာတစ်စောင်တွေ့မည်ဖြစ်ကြောင်း၊ အကြီးအကဲများ ကိုယ်တိုင် လက်ရေးဖြင့်ရေးပြီး လက်မှတ်ထိုးပြီး ပို့လိုက်ခြင်းဖြစ်ကြောင်း၊ ယင်းအချိန်တွင် နိုင်ငံတော် သမ္မတဖြစ်သူထံနှင့် ကျန်သည့် အကြီးကဲများထံသို့ ထိုစာရောက်ရှိကြောင်း၊ ထိုစာထဲတွင် အချက်သုံးချက်ကို ရှင်းရှင်းလင်းလင်း ပြောထားကြောင်း၊ နံပါတ်တစ် အချက်က မဲမသမာမှုများ၊ မဲစာရင်းလွဲမှားမှုများဖြစ်နေကြောင်း၊ ယင်းမဲစာရင်းများကို တပ်မတော်၊ အစိုးရ၊ ကြားနေအဖွဲ့အစည်းပါသည့် အဖွဲ့ဖွဲ့ပြီး စစ်ပေးရန်၊ နံပါတ် နှစ်အချက်က မဲစာရင်းစစ်နေသည့်အချိန်တွင် လွှတ်တော်ကိုမခေါ်ဘဲ ခေတ္တဆိုင်းငံ့ ထားရန်၊ နံပါတ်သုံးအချက်က စစ်ဆေးပြီးလျှင် ဥပဒေအတိုင်း ဆက်လုပ်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ ဝင်ရောက်ပတ်သက်မည့် ကဏ္ဍမပါဝင်ကြောင်း၊ ထိုအချိန်တွင် မီဒီယာ များအားလုံးလည်း သတိပြုမိမည်ဖြစ်ကြောင်း၊ တချို့နေရာများတွင် မဲစာရင်းများ စစ်ဆေးရန် ကွန်ပျူတာများ ယူလာခြင်းများ တွေ့ရကြောင်း၊ ကျောင်းများတွင် ကွန်ပျူတာများ စုပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်ခင် သုံးလေးရက်အလိုတွင် မဲစာရင်းများ စစ်ဆေးရန် အသံများ ထွက်လာကြောင်း၊ ထို့နောက် တစ်ရက်၊ နှစ်ရက်အလိုတွင် ပြန်ပျောက်သွားကြောင်း၊ ၎င်းတို့ အသိုင်းအဝိုင်းတွင် လွှတ်တော်ကို ခေတ္တခေါ်ပြီး လွှတ်တော်ဖွင့်ခြင်း ပြုလုပ်ပြီး မဲစာရင်းစစ်ဆေးရန် နှစ်ပတ်ခန့်ဆိုင်းငံ့ပြီး မဲစာရင်း စစ်မည်ဟုပြောပြီး ပျောက်သွားကြောင်း၊ လွှတ်တော်ကျင်းပပြီး နိုင်ငံတော်၏ အာဏာ၊ မဲလိမ်၊ မဲခိုးခြင်းကို ၎င်းတို့ပဲ ယူမည်ဟု လုပ်သည့်အချိန်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ကိစ္စဖြစ်လာကြောင်း၊ ၎င်းတို့အနေဖြင့် မဲစာရင်းစစ်ဆေးရန် အုပ်စုနှစ်စု ကွဲနေကြောင်း၊ အချိန်တန်လျှင် မည်သူကမည်သို့ ဖြစ်သည်ကို ထုတ်ပြောမည်ဖြစ်ကြောင်း၊ မည်သူက မည်သည့်နေရာတွင် မဲစာရင်း စစ်ဆေးလိုကြောင်း၊ မည်သူက မဲစာရင်း မစစ်ဆေးလိုကြောင်း၊ တိတိကျကျ ပြောရလျှင် ၎င်းတို့ပါတီထဲတွင် ရှိနေသည့်သူများ အနေဖြင့် ၎င်းတို့ပါတီ၏သိက္ခာအရ စစ်ဆေး လိုကြောင်း၊ သို့သော် အစိုးရအဖွဲ့ထဲတွင် ရောက်နေသည့်သူများက မဲစာရင်းများကို စစ်ဆေးမခံလိုကြောင်း၊ အဘယ်ကြောင့် ဆိုသော် ထိုမဲမသမာမှုများကို ၎င်းတို့ညွှန်ကြားချက်ဖြင့် ၎င်းတို့ကိုယ်တိုင်လုပ်ခဲ့သည့် အတွက် မဲစာရင်းစစ်လိုက်လျှင် မဲမသမာမှုများ တွေ့ရမည်ဖြစ်ကြောင်း၊ စစ်လိုက်၍ တွေ့လျှင် ထိုပါတီသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ လုံးဝလုပ်စား၍ ရမည်မဟုတ်ကြောင်း၊ မဲလိမ်မဲခိုးသည့် ပါတီဆိုပြီး သမိုင်းတွင် သွားမည်ဖြစ်ကြောင်း၊ အကြောင်းအချင်းအရာ အရပြောရလျှင် ယင်းအချိန်တွင် တပ်မတော်ကို ပြောနေသည့်စကားများသည် တပ်မတော်ကို အာဏာမသိမ်း သိမ်းအောင်၊ ဇာတ်နာအောင် လုပ်သည်ဟု ယူဆကြောင်း၊ အာဏာမသိမ်း သိမ်းအောင် ဆွနေသည်ဟု ယူဆရကြောင်း၊ “သိမ်းရဲသိမ်းကြည့်ပါလား၊ သိမ်းရင်အားလုံးနှင့် တွေ့မယ်” စသဖြင့်ပြောကြကြောင်း၊ မဲလိမ် မဲခိုးမှုကြောင့် ဖြစ်သွားလျှင် နိုင်ငံရေး ပါတီတစ်ရပ်အနေဖြင့် ရပ်တည်ခွင့်၊ သိက္ခာပိုင်းဆိုင်ရာ အဖတ်ဆယ်၍ မရနိုင်သည့် အကြောင်းအရာများကို တပ်မတော် ဆိုသည့် ဟင်းခပ်ဇွန်းကို မဖြစ်မနေ ခပ်မိအောင် လုပ်ပြီး အဖတ်ဆယ်သည်ဟု မိမိမြင်ကြောင်း၊ နံပါတ်နှစ်အချက် မဲမသမာမှုဟု သုံးစွဲခဲ့ကြောင်း၊ ယခုအချိန်ထိလည်း နိုင်ငံ တော်အကြီးအကဲ အနေဖြင့်လည်း မဲမသမာမှုဟု သုံးစွဲကြောင်း၊ သို့သော် တပ်မတော်သည် Institution တစ်ခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လွတ်လပ်ရေး စတင်ကြိုးပမ်းစဉ် ကာလကတည်းက ပေါ်ပေါက်လာသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ယင်းအဖွဲ့အစည်း တစ်ခုအနေဖြင့် ပြည်သူလူထုက ပေါက်ဖွားလာသည့် အဖွဲ့အစည်းတစ် ရပ်ဖြစ်ကြောင်း၊ နိုင်ငံရေး ယဉ်ကျေးမှုအရ မိမိတို့အစိုးရသည် မဲမသမာမှုဟု သုံးခြင်း ဖြစ်ကြောင်း၊ သို့သော် မဲမသမာမှုများသည် မည်သည့်အဓိပ္ပာယ်လဲ ဆိုသည်ကို အားလုံးသိပြီးဖြစ်ကြောင်း၊ ယဉ်ကျေးမှုအရ မိမိတို့ သုံးနှုန်းနေခြင်း ဖြစ်သည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ သူရိယနေဝန်း သတင်းဌာနမှ သတင်းထောက် ဒေါ်သဇင်ဦးက ပြည်သူများ လက်ရှိရင်ဆိုင်တွေ့ကြုံနေရသည့် အကြမ်းဖက်မှု ကိစ္စရပ်များ ချုပ်ငြိမ်းရန် အကြံပြုလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြီးခဲ့သည့် တရားခွင်တွင် NUG /CRPH ကို မသိဘူးဟု ထွက်ဆိုခဲ့သည့် သတင်းများ ထွက်ပေါ်နေကြောင်း၊ သို့သော် တပ်မတော်က အာဏာထိန်းစကာလတွင် NLD ပါတီနာယက ဦးဝင်းထိန်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ ပန်ကြားချက်ဆိုသည့် စာသည် ဒေါ်အောင် ဆန်းစုကြည်၏ အာဘော်စစ်စစ်ဖြစ်ကြောင်း၊ ၎င်းအသက်ဖြင့်ရင်းပြီး အာမခံသည်ဟု မီဒီယာများကို ထုတ်ပြန်ခဲ့ခြင်း ရှိကြောင်း၊ ယင်းစာတွင် ပါသည့်စာအရ တပ်မတော် အာဏာထိန်းခြင်းကို ပြည်သူလူထု တစ်ရပ်လုံး အနေဖြင့် လက်မခံဘဲ တစ်ခဲနက်ဆန့်ကျင်ကြရန် ၎င်း၏တိုက်တွန်းချက်အရ NLD မှ NUG/ CRPH/PDF ဆိုသည့် အဖွဲ့အစည်း အသီးသီး ဆင့်ကဲဆင့်ကဲ ပေါက်ဖွား မွေးဖွားလာခြင်းရှိကြောင်း၊ သို့သော် တရားခွင်တွင် ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့် NUG/ CRPH/PDF ကို မသိဘူးဆိုသည့် စကားလုံး တစ်လုံးနှင့် မိမိတို့နိုင်ငံတွင် လက်ရှိရင်ဆိုင်နေရသည့် နိုင်ငံရေး အကျပ်အတည်းများ၊ အခက်အခဲများ၊ အကြမ်းဖက် ကိစ္စရပ်များသည် လုံလောက်မှု မရှိသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားမှတ်ချက် NUG / CRPH / PDF များ၏အပေါ်တွင် ၎င်းအနေဖြင့် ထောက်ခံလျှင် ထောက်ခံကြောင်း၊ ကန့်ကွက်လျှင်လည်း ကန့်ကွက်ကြောင်း၊ အသိအမှတ်ပြုလျှင်လည်း အသိအမှတ်ပြုကြောင်း စသည့်၎င်း၏ သဘောထားမှတ်ချက် ရုပ်သံကို မိမိတို့ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံများကပါ ရုပ်သံမှတ်တမ်း အနေဖြင့်ချပြရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စများသည် ကြိုတင်ပြောနိုင်သည့် အကြောင်း အရာများ မဟုတ်ကြောင်း၊ သို့သော် နိုင်ငံရေးတွင် မဖြစ်နိုင်ဘူးဟူ၍ မရှိသကဲ့သို့ ဖြစ်လာချိန်တန်လျှင် ဖြစ်လာလိမ့်မည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
NP News သတင်းဌာနမှ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် EAO အဖွဲ့ (၁၀)ဖွဲ့နှင့်တွေ့ဆုံခဲ့ပြီး ရလဒ်ကောင်းများ ရရှိခဲ့သည်ဟု သတင်းစကားများ ကြားရကြောင်း၊ ယမန်နေ့ညက ပြောကြားခဲ့သည့် မိန့်ခွန်း တွင်လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ နားလည်သူများက လာရောက်ပြီး နားမလည်သည့်သူများ အနေဖြင့် ဘေးမှ ကန့်လန့်ပြောဆိုမှုများ ရှိသည်ဟုပြောသည်ကို တွေ့ရကြောင်း၊ မကြာမီကာလအတွင်း လာရောက်ဆွေးနွေးခဲ့သော EAO အဖွဲ့ (၁၀)ဖွဲ့နှင့် တွေ့ဆုံသွားမည်ဆိုသည့် သတင်းစကားကိုလည်း ကြားသိရကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးမည့်အဖွဲ့မှာ(၁၀)ဖွဲ့ရှိပြီး ဆွေးနွေးခြင်းမပြု၊ တပ်မတော်ကို မယုံကြည်ဘဲ အပြုတ်တိုက်မည်ဟု ကြွေးကြော်နေသည့်အဖွဲ့က တစ်ဖက်ရှိပါကြောင်း၊ အပြုတ်တိုက်မည်ဆိုသည့် အဖွဲ့များကို မည်သည့် သတင်းစကားများ ပြောကြား လိုသည်ကို သိလိုကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည့်အဖွဲ့(၁၀)ဖွဲ့ကို မည်သည့် သတင်းစကားများ ပြောကြားလိုသည်ကို သိလိုကြောင်း၊ ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် EAO အဖွဲ့များနှင့် တွေ့ဆုံသကဲ့သို့ နိုင်ငံရေး ပါတီများနှင့်လည်း တွေ့ဆုံမည်ဟုဆိုသည့် သတင်းများကိုလည်း ကြားသိနေရသောကြောင့် ထိုသတင်းမှာ အမှန်တကယ် ဟုတ်၊ မဟုတ်နှင့် အမှန်တကယ်ဖြစ်ပါက မည်သည့်အချိန်ခန့်တွင် တွေ့ဆုံမည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက EAO (၁၀)ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ထိုအဖွဲ့များနှင့် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း၊ တွေ့ဆုံခဲ့ပြီးဖြစ်သည့် EAO (၁၀)ဖွဲ့က ပြောကြားခဲ့သည့် အကြံ ပြုချက်များ၊ လိုလားချက်များ၊ တိုက်တွန်းချက်များ ရှိကြောင်း၊ ထိုအကြောင်းအရာ များနှင့်ပတ်သက်၍ မိမိတို့အစိုးရအနေဖြင့် အလေးအနက်ထား မှတ်သား၍ ဆောင် ရွက်လျက်ရှိကြောင်း၊ ဒုတိယအကျော့တွင်လည်း ဗိုလ်ချုပ်မှူးကြီး ပြောခဲ့သကဲ့သို့ EAO အဖွဲ့များအနေဖြင့် လုပ်ချင်သည့် ကိစ္စများရှိကြောင်း၊ မိမိတို့အနေဖြင့် လုပ်နိုင်သည့် ကိစ္စများရှိကြောင်း၊ လုပ်ချင်သည့် ကိစ္စနှင့် လုပ်နိုင်သည့်ကိစ္စကြားထဲ၌ လုပ်သင့် သည့်ကိစ္စများ ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် EAO အဖွဲ့များနှင့် အစွမ်းကုန်ပွင့်လင်းစွာ ဆွေးနွေးပြီးဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံ သည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးအတွက် လိုအပ်သည်များနှင့် ၎င်းတို့၏ လိုလားချက်များကို ဆွေးနွေးကြကြောင်း၊ ယခုလက်ရှိ အခြေအနေအရ အဆိုပါစနစ်ကို ကျင့်သုံးနိုင်သည့် အရာများတွင် အခြေခံ ဥပဒေကိုပြင်ပြီးမှသာလျှင် ကျင့်သုံးနိုင်မည့် အရာများရှိသကဲ့သို့ အခြေခံဥပဒေကို မပြင်မီ ကျင့်သုံးနိုင်မည့် အရာများလည်းရှိကြောင်း၊ ကျင့်သုံးနိုင်သည်များကို လက်တွေ့စတင်ကျင့်သုံးမည်ဟု ပြောပြီးဖြစ်ကြောင်း၊ အခြေခံဥပဒေနှင့်ပတ်သက်၍ လွှတ်တော်ထဲတွင် ပြင်ရမည့်အချက်များကို တပ်မတော် အနေဖြင့် ကတိပေးပြီးဖြစ်ကြောင်း၊ နောင်ဖြစ်ပေါ်လာမည့် လွှတ်တော်တွင် အထက်ပါအချက်များနှင့် ပတ်သက်၍ အဆိုပြုချက်များ တင်သွင်းရာ၌ တပ်မတော်ကအပြည့်အဝ ထောက်ခံမည်ဟုပြောပြီးဖြစ်ကြောင်း၊ အထက်ပါ လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တတိယအချက် အနေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် မိမိတို့လုပ်ဆောင်ပေးရမည့် ကိစ္စများရှိကြောင်း၊ လုပ်ဆောင်ပေးရမည့် ကိစ္စများကို အတတ်နိုင်ဆုံး ကြိုးစား၍ ပြည့်ပြည့်၀၀ ဆောင်ရွက်ပေးမည်ဟု ပြောချင်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ မတက်ရောက်သော EAO အဖွဲ့များကို ပြောလိုသည်မှာ ယခုအချိန်သည် ငြိမ်းချမ်းရေး အတွက် အကောင်းဆုံး အချိန်ဖြစ်သည်ဟု ပြောလိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် အုပ်ချုပ်မှု အာဏာနှင့် ပတ်သက်၍ တပ်မတော်က အစိုးရဖြစ်ပြီး အခြေခံဥပဒေကို ကျော်လွန်၍ တရားဥပဒေကိုပြဋ္ဌာန်း၍ မရကြောင်း၊ သို့သော် အချို့သော တရားဥပဒေပြဋ္ဌာန်းချက်များ ဆောင်ရွက်ချိန်တွင် ပုဒ်မ-၄၂၉ အရ ဆောင်ရွက်ခွင့်ရှိသည်မှာ တပ်မတော်သာ ဖြစ်ကြောင်း၊ တရားစီရင်ရေးတွင်လည်း ကိုယ်တိုင်သော် လည်းကောင်း၊ အပ်နှင်းထားသူကသော် လည်းကောင်း ဆောင်ရွက်ပေးနိုင်သည့် အခြေအနေများရှိကြောင်း၊ ထို့ကြောင့် ယခုအချိန်သည် ငြိမ်းချမ်းရေး ဆွေးနွေးရန် အကောင်းဆုံးအချိန်ဖြစ်ပြီး တစ်ဖွဲ့တည်းဖြင့် အပြီးအပြတ် ဆွေးနွေးနိုင်သည့်အချိန်၊ အာမခံချက်ပေးနိုင်သည့် အချိန်ဖြစ်ကြောင်း၊ ရန်စမှုများနှင့်ကြွေးကြော်မှုများကိုလည်း တွေ့ရကြောင်း၊ ထိုအချက်များမှာ ၎င်းတို့အယူအဆနှင့် ၎င်းတို့ ဖြစ်နိုင်ကြောင်း၊ မိမိတို့အနေဖြင့် လက်နှစ်ဖက်ကို ကိုင်ဆွဲထားကြောင်း၊ တစ်ဖက်မှာ ၂၀၂၂ ခုနှစ်အတွင်း ငြိမ်းချမ်းရေးကို အဆင့်တစ်ခုအထိ ရအောင်လုပ်မည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် အမြဲတမ်းတံခါး ဖွင့်ထားကြောင်း၊ ထိုအချက်နှင့်အညီ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထု၏အသက် အိုးအိမ်စည်းစိမ်များကို ထိခိုက်လာသည့် လုပ်ငန်းမှန်သမျှကို မိမိတို့အနေဖြင့် တုံ့ပြန်ဆောင်ရွက် သွားရန်ရှိသည်ဟု ပြောလိုကြောင်း၊ ယခုလတ်တလောတွင် နိုင်ငံရေး ပါတီများနှင့်တွေ့ဆုံရန် အစီအစဉ် မရှိသေးကြောင်း၊ နိုင်ငံရေးပါတီများနှင့် ပထမဦးဆုံး တွေ့ဆုံမည့် အဖွဲ့အစည်းမှာ UEC ဖြစ်ကြောင်း၊ UEC အနေဖြင့် နိုင်ငံရေး ပါတီများနှင့်တွေ့ဆုံရန် ရေးဆွဲထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ရှိကြောင်း၊ နောင်လာမည့် ရွေးကောက်ပွဲကို PR စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သော်လည်း PR စနစ်ကို အလုံးစုံပြုလုပ်မည် မဟုတ်ဘဲ ပြုလုပ်နိုင် မည့် လွှတ်တော်တစ်ရပ် သို့မဟုတ် နှစ်ရပ်ကိုသာ PR စနစ် ပြုလုပ်မည်ဖြစ်ကြောင်း၊ ရည်မှန်းထားသည်ကို ပြောခြင်းဖြစ်ကြောင်း၊ အားလုံးကို PR စနစ်လုပ်မည် မဟုတ်ကြောင်း၊ UEC နှင့်ဆွေးနွေးပြီး ယခုကိစ္စများပြီးစီးပါက နိုင်ငံရေး ပါတီများနှင့်တွေ့ဆုံဆွေးနွေးခြင်းသည် မဖြစ်မနေပြုလုပ်ရမည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်များ ပြီးဆုံးသည့်အချိန်တွင်ဖြစ်စေ၊ လုပ်ငန်းစဉ် များ စတင်ဆောင်ရွက်သည့် အချိန်တွင် ဖြစ်စေတွေ့ဆုံနိုင်လိမ့်မည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ NP News သတင်းဌာနမှ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတက်ဘူးဆိုသည့် EAO များ၏ မီဒီယာများ၌ ဖော်ပြထားသည့် စကားများကိုကြည့်လျှင် ၎င်းတို့သုံးနှုန်းထားသည့် စကားလုံး အသုံးအနှုန်းများသည် အလွန်အကျွံဖြစ်နေသည်ကို တွေ့ရကြောင်း၊ ယင်းအတွက်ကြောင့် မလာနိုင်ဘူးဟု ဆိုသည့် ထင်မြင်မှုရှိ၊ မရှိနှင့် ယင်းအသုံးအနှုန်းများအပေါ် တပ်မတော် အနေဖြင့် အဘယ်ကြောင့် သည်းခံ၍ နေနိုင် သည်ကို သိလိုကြောင်းမေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက တစ်ခါတစ်ရံ၌ တချို့သော လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ၎င်းတို့သုံးနှုန်းထားသည့် စကားလုံး အသုံးအနှုန်းများ၏ အဓိပ္ပာယ်ကို ၎င်းတို့ ကိုယ်တိုင်မသိသည့် အချိန်များရှိကြောင်း၊ ဥပမာအနေဖြင့် ဗကပအဖွဲ့က သုံးနှုန်း သွားသည်ကို ကြည့်လျှင်သိနိုင်ကြောင်း၊ မိမိခန့်မှန်းပြောရလျှင် ၁၉၇၀၊ ၁၉၇၁ ခုနှစ်ခန့်တွင် ၇၆ လမ်းစဉ်ကို ချမှတ်ခါနီးအချိန်တွင် ပြောခဲ့ခြင်းဖြစ်ကြောင်း၊ အရှေ့မြောက်ဒေသတွင် ၎င်းတို့ရှုံးနိမ့်မည့် အရိပ်အယောင် စတင်၍မြင်တွေ့ရသည့်အချိန်၌ ဗဟိုကော်မတီဝင်များကို ဗကပ၏စစ်ရေး၊ နိုင်ငံရေးနှင့် ပတ်သက်၍ မည်သည့်အခြေအနေ အတိုင်းအတာအထိ ရောက်နေသည်ကို တိတိကျကျပြောပေးရန် လက်အောက်ကလူများက မေးကြကြောင်း၊ ဗကပခေါင်းဆောင်ကလည်း လုံးဝတိတိကျကျ ပြောခဲ့ကြောင်း၊ ၁၉၄၈ ခုနှစ် မတ်လ နောက်ပိုင်းကာလသည် ၎င်းတို့၏ ပထမ ဒီရေမြင့်တက်လာသည့် ကာလဖြစ်ကြောင်း၊ “နောင်ဖြစ်ပေါ်လာမည့် ဒုတိယဒီရေမြင့်တက်ကာလ၏ ကြားထဲတွင် ရှိသောအချိန်လို့ သတ်မှတ်တယ်” ဟု ပြောကြောင်း၊ ယင်းစကားလုံး အသုံးအနှုန်းမှာ မည်သည် ကိုဆိုလိုသည်ကို မသိကြောင်း၊ ယင်းအဓိပ္ပာယ်နှင့် ပတ်သက်သည့်စကားမျိုး ပြောဆိုသည့်အဖွဲ့ တချို့ရှိကြောင်း၊ ၎င်းအဖွဲ့ များ၏ စကားလုံး အသုံးအနှုန်းများကို ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုလျှင် အထက်မှာပြောခဲ့သည့် စကားလုံးများကဲ့သို့ ပြောနေသူများ ရှိကြောင်း၊ အခြားတစ်ခုမှာ ဘက်စုံမျှော်ကိုးမှုဖြစ်ကြောင်း၊ ယခင်က တချို့ EAO အဖွဲ့များသည် နောက်ကွယ်မှ အားပေးထောက်ခံမှုဖြစ်သည့် ပြည်ပ၏အားပေး ထောက်ခံမှုမရှိသည့် အချိန်များတွင် လေသံများ ပြောင်းလဲသွားကြသည်ကို တွေ့ရကြောင်း၊ ယခုအချိန်ကဲ့သို့ ဝိုင်းဝန်းထောက်ပံ့သည့် အချိန်များတွင် လေသံများ တစ်မျိုးဖြစ်လာကြကြောင်း၊ KNU အဖွဲ့အတွင်း၌ပင် KNU ကိုစိတ်မချလို့ဟု ဆို၍ ကော်သူလေး Army ဆိုသည့်အဖွဲ့ကို ဖွဲ့စည်း တည်ထောင်လိုက်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ၎င်းတို့ပြောနေသည့် စကားများကို သတင်းထောက်ကြီးတို့လည်း အမြင်ပင်ဖြစ်ကြောင်း၊ တိုက်ပွဲများတွင်လည်း ထိုကဲ့သို့ပင်ဖြစ်ကြောင်း၊ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက နောက်ဆုံးလာခဲ့သည့် SSPP အဖွဲ့က မိမိတို့နှင့်လာရောက်ဆွေးနွေး နေသည့်အချိန်၌ SSPP အဖွဲ့မှ အလယ် အလတ်အရာရှိ အဆင့်ရှိသူတစ်ဦးက နိုင်ငံခြား သတင်းဌာနများကို ဆက်သွယ်၍ ၎င်း၏အင်တာဗျူးကို ထည့်ပေးရန် ကမ်းလှမ်းခဲ့ကြောင်း၊ ၎င်း၏အင်တာဗျူးသည် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲသို့ သွားရောက်နေသည့် အဖွဲ့သည် SSPP ကို ကိုယ်စားမပြုကြောင်းနှင့် ၎င်းအနေဖြင့် သဘောမတူကြောင်းကို ပြောမည်ဖြစ်ကြောင်း၊ Ethic စောင့်စည်းသော သတင်းဌာနများအနေဖြင့် ၎င်းတစ်ဦးတည်း၏ ထင်မြင်ချက်ဖြစ်သောကြောင့် ထည့်မပေးကြကြောင်း၊ ဝေေ၀ဆာဆာ ထည့်သွင်းဖော်ပြနေသည့် သတင်းဌာန များလည်း ရှိကြောင်း၊ ထို့ကြောင့်တချို့ သော မီဒီယာများတွင် မြင်တွေ့နေရသည့် သတင်းများအနက် တချို့သည် ၎င်းတစ်ယောက်တည်း၏ ထင်မြင်ချက်ဖြစ်ကြောင်း၊ တချို့ကလည်း အဖွဲ့အစည်းကို ကိုယ်စားပြုသည်ဟု ဆိုကြကြောင်း၊ သို့သော်အဖွဲ့အစည်းကို ကိုယ်စားပြုသည်ဟု ဆိုသည်မှာလည်း လက်ခံရန် ခက်ခဲကြောင်း၊ မည်သို့ပင်ဖြစ်စေကာမူ မိမိတို့အနေဖြင့် လက်နှစ်ဖက်ဖြင့် ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်
ထားကြောင်း၊ မီဒီယာများ၏ ဖော်ပြချက်များနှင့် ပြောဆိုသည်များအတိုင်း လိုက်၍ လုပ်ဆောင်ကြမည်ဆိုပါက မြန်မာနိုင်ငံ၌ မည်သည့်အချိန်တွင်မျှ ငြိမ်းချမ်းရေး မရနိုင်ကြောင်း၊ ယခုအချိန်ထိ “ငြိမ်းချမ်းစွာ နေထိုင်လိုသည့် ဦးနုကို ကြံတောပို့ခြင်းသည်သာ ကောင်းသည်ဟုဆိုပြီး ငြိမ်းချမ်းစွာနေထိုင်လိုသည့် ဆိုရှယ်လစ်အရိုးများ ဗားကရာချောက်ထဲတွင် ပြည့်သွားမည်” ဟုဆိုသော စကားလုံးများကို အထအန ကောက်နေမည်ဆိုလျှင် မြန်မာ့ ငြိမ်းချမ်းရေးသည် တစ်သက်လုံး မဖြစ်နိုင်ကြောင်း၊ မိမိတို့အနေဖြင့် ယင်းစကားလုံးများအပေါ်တွင် နာကျင်နေမည့်အစား လက်တွေ့ဆန်းစစ်၍ လုပ်ဆောင်ခြင်းသည်သာ ကောင်းသည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။