၁၇-၈-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့၏ (၁၉)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲ အမေး၊ အဖြေများ အပိုင်း(၅)
Voice of Myanmar သတင်းထောက် ဦးမောင်မောင်ထွန်းက ဈေးကွက်စီးပွားရေး စနစ်ကိုအကြောင်းပြ၍ ကုန်သည်များသည် ဈေးတင်၍ရောင်းချနေကြကြောင်း၊ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်ခြင်း၊ စားအုန်းဆီများ ဈေးနှုန်းမြင့်တက်ခြင်း၊ ဆေးဝါးများ ဈေးနှုန်းမြင့်တက်ခြင်းတို့ အပေါ် မည်ကဲ့သို့စီစဉ် ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း၊ အခြားတစ်ခုမှာ ဂျပန်နိုင်ငံသား Toru Kubota ကို ယခင်အပတ်က ဆန္ဒပြသည့်နေရာ၌ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၅၀၅(က)၊ Visa စည်းကမ်းဖောက်ဖျက်မှုတို့ဖြင့် တရားစွဲဆိုထားသည် ဟုသိရကြောင်း၊ ၎င်းကိုပြန်လွှတ်မည်ဟု ဆိုသည့် သတင်းများလည်း ကြားနေရကြောင်း၊ ၎င်း၏အခြေအနေကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက အခြေခံ စားသောက်ကုန်ဈေးနှုန်းနှင့် ပတ်သက်၍ ပြောရမည်ဆိုပါက မိမိတို့အနေဖြင့် စားအုန်းဆီနှင့် ပတ်သက်၍လည်းကောင်း၊ စက်သုံးဆီနှင့် ပတ်သက်၍လည်းကောင်း ဈေးနှုန်းများ မြင့်တက်နေသည်ကို သိရကြောင်း၊ ဈေးကွက်စီးပွားရေး စနစ်ဖြစ်သောကြောင့် ပြောဆို၍မလွယ်ကြောင်း၊ သို့သော် အလွန်အကျွံဖြစ်လာလျှင် ထိန်းရမည်ဖြစ်ကြောင်း၊ တချို့သော အခြေခံ စားသောက်ကုန်များကို မိမိတို့နိုင်ငံတွင် ထုတ်လုပ်ကြကြောင်း၊ ပြည်ပတင်ပို့သည် မှာလည်း အကန့်အသတ်ဖြင့်သာ တင်ပို့ခိုင်းခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် တတ်နိုင်သည့် ကဏ္ဍများကို ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ အလွန်အကျွံပြုလုပ်ပါက ကုန်သွယ်မှုနှင့် ဈေးကွက်စီးပွား ရေးစနစ်အပေါ် ထိခိုက်မည်ကို စိုးရိမ်ကြောင်း၊ မိမိတို့အနေဖြင့် ထုတ်ကုန်များ မြှင့်တင်ရေးကို ဆောင်ရွက်လျက် ရှိသည်ဟု ပြောလိုကြောင်း၊ ဂျပန်နိုင်ငံသားနှင့် ပတ် သက်၍ပြောရလျှင် ၎င်းသည်မြန်မာနိုင်ငံသို့ ခရီးသွား Visa ဖြင့် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သတင်းထောက် Visa ဖြင့် လာရောက်ခြင်း မဟုတ်ကြောင်း၊ ၎င်းအနေ ဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ရန်ကုန်တွင် ဆန္ဒပြသူများနှင့် တောက်လျှောက်ချိတ်ဆက်၍ ဆန္ဒပြသည့် အထဲ၌ပါဝင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ကိစ္စနှင့်ပတ်သက်၍ ဂျပန်အောက်လွှတ်တော် အမတ်လာချိန်၌လည်း မိမိတို့ဘက်က ပွင့်ပွင့်လင်းလင်း ပြောခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ၎င်းကိုတရားစွဲတင်ထားကြောင်း၊ ယမန်နေ့ကဆိုလျှင် ဂျပန်မီဒီယာများက မိမိထံသို့ ဖုန်းများဆက်တိုက် ဆက်သွယ်ကြကြောင်း၊ ဂျပန်နိုင်ငံသားများက ဖိအားပေးနေသောကြောင့် ဖြစ်မည်ဟု ထင်မြင်မိကြောင်း၊ သတင်းအမှားများကို တောက်လျှောက် ထုတ်လွှင့်နေကြကြောင်း၊ ပျံ့နှံ့နေသည့် ကောလာဟလများတွင် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ဂျပန်အောက်လွှတ်တော် အမတ်ကို ကတိပေးခဲ့သောကြောင့် ၎င်းကိုအမြန်ဆုံးစစ်ဆေးမည်ဖြစ်ကြောင်း၊ ၎င်းကို လေယာဉ်ဖြင့်ပြန်ပို့မည်ဟု ဆိုသည့် ကောလာဟလများကြောင့် ဂျပန်မီဒီယာများအနေဖြင့် လေယာဉ်ကွင်းပဲ ပြေးရမလိုလို၊ ဟိုကိုပဲ ပြေးရမလိုလို ဖြစ်နေကြကြောင်း၊ မိမိတို့အနေဖြင့် ၎င်းကို အမှု ၃ မှု ဖြင့် တရားစွဲဆိုရန် စီစဉ်ထားကြောင်း၊ နံပါတ်တစ် Visa ဖောက်ဖျက်မှု၊ နံပါတ်နှစ်အမှုမှာ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည့်အတွက် ၅၀၅(က)၊ နံပါတ်သုံး အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဖြစ်ပြီး တရားမစွဲရသေးကြောင်း၊ ယင်းအချက်များထဲမှ Visa ဖောက်ဖျက်မှုကို ရုံးတင်တရားစွဲ ဆိုပြီးဖြစ်ကြောင်း၊ နံပါတ်နှစ်အမှုကိုလည်း တရားစွဲဆိုရန် လုပ်ဆောင်နေကြောင်း၊ နံပါတ်သုံးအမှုကို လေ့လာဆန်းစစ်နေပြီး လွှတ်ခြင်း၊ မလွှတ်ခြင်းသည် ယင်းအမှုပြီးပြတ်မှသာ ဖြစ်နိုင်ကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်က အောက်လွှတ်တော် အမတ်ကို ပြောလိုက်သည့်စကားမှာ ၎င်းတစ်ဦးတည်းနှင့် ပတ်သက်၍ ခွင့်မလွှတ်နိုင်စရာ မရှိကြောင်း၊ ဒုတိယကမ္ဘာစစ် အတွင်း၌ ဂျပန်များက မြန်မာတွေအပေါ်ကျူးလွန်သည့် ပြစ်မှုများကိုပင် သင်ပုန်းချေထားကြောင်း၊ သို့သော် ၎င်းအနေဖြင့် ဥပဒေအရ တရားစွဲဆို စီရင်ခံရမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယခင်က ဂျပန်သတင်းထောက်တစ်ယောက် ဆန္ဒပြပွဲ၌ ပါဝင်ခြင်းမရှိဘဲ ဓာတ်ပုံရိုက်နေကြောင်း၊ သတင်းထောက် Visa ဖြင့်လည်း လာရောက်ခြင်းဖြစ်ပြီး သတင်းထောက်အစစ်လည်း ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုမူ ၎င်းသည် မြန်မာနိုင်ငံသို့ Tourist Visa ဖြင့် ဝင်ရောက် လာခြင်းဖြစ်ကြောင်း၊ ပကတိ အမှန်ပြောရလျှင် လက်ရှိတရားစွဲဆိုခြင်း ခံထားရသည့် ဂျပန်လူမျိုးသည် မြန်မာနိုင်ငံသို့ ယခင်ကလည်း ယခုကဲ့သို့ပင် ခိုးဝင်ခဲ့ကြောင်း၊ ခိုးဝင်ပြီး ရခိုင်ဘက်သို့သွား၍ ဘင်္ဂါလီများ အကြောင်းကို Sympathy Trip ဟုခေါင်းစဉ်တပ် အကြောင်းပြ ဇာတ်လမ်းတိုရိုက်ပြီး မဟုတ်ကဟုတ်ကများကို ဂျပန်၌ပြသခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မည်သည့်ဖော်ထုတ်မှုမျှ မလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် တရားဥပဒေဖြင့် စီရင်ခံရမည်ဖြစ်ကြောင်း၊ လွှတ်ခြင်း/မလွှတ်ခြင်းမှာ အထက်က ပြောခဲ့သကဲ့သို့ဖြစ်ကြောင်း၊ စကားကုန် ပြောခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်ကြောင်း၊ အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခုတွင် ယခုကဲ့သို့ စည်းကမ်းမဲ့ လုပ်ရပ်မျိုးကို မည်သည့် နိုင်ငံမျှလက်ခံမည် မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
Myanmar National Post သတင်းဌာန မှ အယ်ဒီတာချုပ် နောင်တော်လေးက မိမိအနေဖြင့် ပထမဦးဆုံး မေးလိုသည့် မေးခွန်းမှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏အစီအစဉ်ဖြစ်သည့် ပြည်သူ လူထုပူးပေါင်းပါဝင်သည့် ပြည်သူ့ကာကွယ် ရေးစနစ်ကို အကြမ်းဖက် အန္တရာယ်အမှန်တကယ် ကျရောက်နေသည့် စစ်ကိုင်းတိုင်း ဒေသကြီးကဲ့သို့သော ဒေသများတွင် အမျိုးသမီးများပါမကျန် အားတက်သရော ပါဝင်ကြသည်ကို တွေ့ရပါကြောင်း၊ ယင်းသည် အောင်မြင်နိုင်ခြေရှိသော အခြေအနေ တစ်ရပ်ဖြစ်ပြီး ဝမ်းမြောက်ဖွယ်ရာဖြစ်ကြောင်း၊ တစ်ဖက်၌ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသည် လက်နက်မဲ့ဖြစ်နေသောကြောင့် အကြမ်းဖက်သမားများ၏ အဓိက ပစ်မှတ်များဖြစ်လာကြောင်း၊ ရန်ကုန်မြို့တွင်လည်း အုပ်ချုပ်ရေးမှူးများ အဓိက ပစ်မှတ်ထားခံရကြောင်း၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ကဲ့သို့သော နေရာ၌ပင် အုပ်ချုပ်ရေးမှူးအိမ် ဗုံးပစ်ခံရကြောင်း၊ ခေတ်အဆက်ဆက်ကို ပြန်ကြည့်လျှင် အင်္ဂလိပ်အစိုးရ လက်ထက်၌ အခြေအနေအရ ရပ်ရွာလူကြီးများကို လက်နက် တပ်ဆင်ပေးထားကြောင်း၊ လွတ်လပ်ရေး ရပြီးခေတ်တွင်လည်း ရှိခဲ့ကြောင်း၊ ယနေ့ကာလတွင် တည်ငြိမ်အေးချမ်းမှု မရှိဘဲ အုပ်ချုပ်ရေးမှူးများ၌ ခုခံကာကွယ်ရန် လက်နက်မရှိကြောင်း၊ အုပ်ချုပ်ရေးမှူး အိမ်ကို သွားမည်ဆိုလျှင် နှစ်လုံးပြူး သေနတ်ဖြင့် လိုက်ခံရနိုင်သည်ကို PDF များအား အသိပေးနိုင်ရုံမျှဖြင့် အုပ်ချုပ်ရေးမှူးများ အသတ်ခံရမှု ရာခိုင်နှုန်း အတော် များများ လျော့နည်းသွားနိုင်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီရုံးမှ အုပ်ချုပ်ရေးမှူးများကို လက်နက် ထုတ်ပေးလိုက်ပါဟူ သည့် ထုတ်ပြန်ချက်မျိုး ထုတ်ပြန်ရန် ရှိ/မရှိကို သိလိုကြောင်း၊ နောက်တစ်ချက်အနေဖြင့် သာစည်မြို့နယ်၊ ဟန်ဇားတိုက်နယ်ဆေးရုံသည် နီပိန်းများ၊ NLD အစွန်းရောက်များ လှုံ့ဆော်၍ CDM ပြုလုပ်သောကြောင့် ရွာသူ/သားများက CDM ပြုလုပ်သူများကို ဆန္ဒပြခဲ့ကြောင်း၊ တပ်မတော်မှ စေလွှတ်သည့် ဆရာဝန်များ/ သူနာပြုများ လာရောက်ချိန်တွင် ဒေသခံများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည့်နေရာဖြစ်ကြောင်း၊ ယခုအချိန်ထိ ယင်းတိုက်နယ်ဆေးရုံတွင် အစားထိုး ခန့်အပ်ပေးခြင်းများ မရှိသေးကြောင်း၊ တပ်မတော်မှ စေလွှတ်ထားသည့် ဆရာဝန်တစ်ယောက်၊ သူနာပြုနှစ်ယောက်သာ ရှိပြီး လိုအပ်ချက်များအား ရပ်ရွာမှတာဝန်ယူနေရကြောင်း၊ ဆရာဝန်/ဆရာမ တရားဝင်မရှိသည့်အတွက် ဆေးဝါးခွဲတမ်း ပြည့်ဝစွာ မရရှိသည့် အခြေအနေဖြစ်နေကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ဆရာဝန်၊ သူနာပြုများ အမြန်ဆုံးခန့်ထားစေလိုကြောင်း၊ ယခင်က ဆရာဝန်/သူနာပြု ဆယ်ယောက်ဖြင့် ကုသမှုပေးခဲ့သည်ဟု သိရကြောင်း၊ ထို့ကြောင့် ဆရာဝန်/သူနာပြု စေလွှတ်ခန့်ထားမည့် အစီအစဉ်ရှိ/မရှိကို သိလိုကြောင်း၊ နောက်ဆုံးတစ်ချက်အနေဖြင့် ယခုရက်ပိုင်းအတွင်း ဆင်ဖြူတော် မွေးဖွားသည့် အခြေအနေနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ထားကြောင်း၊ မြန်မာ ရာဇဝင်တွင်လည်း ဆင်ဖြူတော်ပေါ်ခဲ့သည့် အစဉ်အလာကောင်းများ ရှိခဲ့ကြောင်း၊ ယခု ဆင်ဖြူတော်လေးနှင့် ပတ်သက်၍ ဆင်ဖြူတော် သမိုင်းကြောင်းကို အနည်းငယ်ရှင်းပြပြီး ဆင်ဖြူတော်ကို မည်သို့ ပြုစုစောင့်ရှောက်ထားသည်ကိုလည်း ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီး မြောက်ဘက်ပိုင်းများတွင် အဓိက ဦးစားပေး အကောင်အထည်ဖော်လျက် ရှိကြောင်း၊ အုပ်ချုပ်ရေးမှူးများ လုံခြုံရေးနှင့် ပတ်သက်ပြီး တော်တော်များများ တိုက်တွန်းထားကြောင်း၊ အုပ်ချုပ်ရေးမှူးများ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ များပြားသည်ကိုလည်း တွေ့ရပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်သူပါဝင်သော ပြည်သူ့လုံခြုံရေးစနစ်ကို ဖော်ဆောင်ရာတွင် ဥပဒေအရ ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းခြင်းဖြင့် ဆောင်ရွက်ရကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့များ၏ လိုအပ်ချက်များအား မြို့နယ်များကို အဆင့်ဆင့် တင်ပြပေးရန် ပြောလိုကြောင်း၊ လက်နက်ထုတ်ပေးခွင့် ဆိုသည်ထက် ရပ်ကွက်/ကျေးရွာအုပ်စု အလိုက် ပြည်သူ့စစ်ဖွဲ့စည်းခွင့်များကို တိုင်းစစ်ဌာနချုပ်များ၌ ဆောင်ရွက်လျက်ရှိကြောင်း၊ နောက်ဆက်တွဲလိုအပ်သည့် နေရာများတွင် မိမိကိုယ်ကို ခုခံကာကွယ် ပိုင်ခွင့်ရှိသည့် လက်နက်များကို ဆောင်ရွက်ပေးလျက် ရှိပြီး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သာစည်မြို့နယ်၊ ဟန်ဇားတိုက်နယ်ဆေးရုံ ပြန်ဖွင့်သည့်အချိန်တွင် ကန့်ကွက်သူများ ရှိသကဲ့သို့ တပ်မတော်မှ ဆရာဝန်/ဆရာမများ လာရောက်ချိန်တွင် ဝမ်းမြောက်စွာ ကြိုဆိုကြကြောင်း၊ တော်တော်ထူးခြားသည့် ဆေးရုံဖြစ်ကြောင်း၊ တချို့သောနေရာများတွင် ဆရာဝန်/ဆရာမ အခက်အခဲများ ရှိနေသောကြောင့် တပ်မတော်မှ ဆရာဝန်/ဆရာမများဖြင့် ကုသပေးနေကြောင်း၊ ဆေးဝါးကိစ္စများ လိုအပ်ချက်များကို ယခုသတင်းစာ ရှင်းလင်းပွဲပြီးပါက ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ကိုယ်စားလှယ်အား အချက်အလက်များ အသေးစိတ် ပေးစေလိုကြောင်း၊ မိမိတို့အစိုးရ၊ ဝန်ကြီးဌာနအနေဖြင့် ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆင်ဖြူတော်နှင့် ပတ်သက်လျှင် သတင်းထုတ်ပြန်မှု နှစ်ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုပေါ်ထွန်းလာသည့် ဆင်ဖြူတော်မှာ ကြန်အင်လက္ခဏာ ၈ ချက်ရှိသည့်အနက် ၇ ချက်နှင့် ကိုက်ညီမှုရှိသည်ဟူ၍လည်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့နံနက် ၆ နာရီ ၃၀ မိနစ်တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းအဖွဲ့၏ ဆင်ဝိုင်းတွင်ရှိသည့် ဆင်တစ်ကောင်မှ မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုဆင်ဖြူတော်နှင့် ပတ်သက်ပြီး သြဂုတ်လ ၁၆ ရက်နေ့ကလည်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ အရပ်အမြင့် ၂ ပေ ၅ လက်မ၊ အလေးချိန် ၁၉၀ ပေါင်ခန့်ရှိကြောင်း၊ ယခုအချိန်တွင် အလေးချိန်ပေါင် ၂၀၀ ခန့် ရှိမည်ဟုခန့်မှန်းရကြောင်း၊ ဆင်ဖြူတော်ကို ပိုင်ဆိုင်ခွင့်ရရှိသူ အနေဖြင့် ဘုန်းတန်ခိုး ကြီးမားခြင်း၊ ထင်ပေါ်ကျော်စောခြင်း၊ ရန်သူခပ်သိမ်းကို အလွယ်တကူ အောင်မြင်တော်မူခြင်း၊ တိုင်းသူပြည်သားများ ချမ်းသာကြွယ်ဝ၍ ကောင်းကျိုးချမ်းသာ မင်္ဂလာ အပေါင်းနှင့်ပြည့်စုံခြင်း၊ စားရေရိက္ခာ ပေါများခြင်း စသည့် အကျိုးကျေးဇူးများ ဖြစ်ထွန်းသည်ဟုလည်း မြန်မာနိုင်ငံ၏ သမိုင်းအစဉ်အဆက်တွင် ယူဆထားကြောင်း၊ မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် ရတနာဆင်ဖြူတော်ကိုးစီး အထိရှိကြောင်း၊ ၎င်းတို့ကို နေပြည်တော်နှင့် ရန်ကုန်မြို့တွင် ရှိသည့် ရတနာဆင်ဖြူ ထိန်းသိမ်းစောင့်ရှောက်ရေး ဥယျာဉ်များတွင် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း၊ သတင်းစာ ရှင်းလင်းပွဲပြီးပါက ဆင်ဖြူတော်များနှင့် ပတ်သက်သည့် အချက်အလက်များ ပေးလိုက်မည်ဖြစ်ကြောင်း၊ ယခုတွေ့ရှိသည့် ဆင်ဖြူတော်မှာ ပို၍ထူးခြားကြောင်း၊ ယခင်ပေါ်ထွက်ခဲ့သည့် ဆင်ဖြူတော် ကိုးစီးအနက် ပထမဆုံးပေါ်ထွက်ခဲ့သည့် ဆင်ဖြူတော်တစ်စီးသာ ကြန်အင်လက္ခဏာ ၇ ချက်နှင့် ကိုက်ညီပြီး ကျန်သည့် ၈ စီးမှာ ကြန်အင် လက္ခဏာ ၆ ချက်နှင့်သာကိုက်ညီမှုရှိကြောင်း၊ ယခုပေါ်ထွက်ခဲ့သည့် ဆင်ဖြူတော်မှာ ကြန်အင်လက္ခဏာ ၇ ချက်နှင့်ကိုက်ညီမှု ရှိသည်ကို တွေ့ရကြောင်း၊ တိုင်းပြည်အတွက်၊ နိုင်ငံတော် အတွက် ဂုဏ်တစ်ခုဖြစ်သည်ဟု ပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။
People Media မှ သတင်းထောက်ချုပ် ဦးကျော်စိုးဦးက စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း KIA နှင့် PDF များ၏ အကြမ်းဖက် လှုပ်ရှားမှုများကြောင့် အချို့သော ရဲကင်းစခန်းများကို ရုပ်သိမ်းခဲ့ရကြောင်း၊ ပညာရေးနှင့် ပတ်သက်သည့် စာသင်ကျောင်း များလည်း ဖွင့်လှစ်နိုင်မှု မရှိသေးကြောင်း၊ ထို့ပြင် ကျေးလက်ကျန်းမာရေး ဆေးခန်းများလည်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း၊ အဆိုပါကိစ္စများ မည်မျှဖြစ်ပျက်နေသည်ကို သိလိုကြောင်း၊ မူလအတိုင်း ပြန်ဖြစ်ရန်အတွက် နိုင်ငံတော်အနေဖြင့် မည်မျှအထိ ဆောင်ရွက်နိုင်မည်ကို သိလိုကြောင်း၊ ယခုလက်ရှိ ၆ လ တာ ကာလအတွင်း ပြီးစီးနိုင်ခြင်း ရှိ၊ မရှိ သိလိုကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးကို ပထမဦးဆုံး မီးရှို့သူမှာ KIA ဖြစ်ကြောင်း၊ တပ်မတော်ကလည်း ယခုအချိန်အထိ သဘောထား ကြီးနေဆဲဖြစ်ကြောင်း၊ နေ့စဉ်အရပ်သား ပြည်သူများ သတ်ဖြတ်ခြင်း ခံနေရကြောင်း၊ KIA နှင့်ပတ်သက်သည့် နိုင်ငံတော်နှင့် တပ်မတော်၏ သဘောထားကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကိုင်းတိုင်းဒေသကြီး၏ လုံခြုံရေး အခြေအနေနှင့် ပတ်သက်၍ သတင်းထောက်ကြီးမေးမြန်းခဲ့သည့် ရဲကင်းစခန်းများ၏ အခြေအနေကို ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားပေးမည် ဖြစ်ကြောင်း၊ KIAနှင့် ပတ်သက်သည့် ကိစ္စများကိုမူ မိမိကဆက်လက်၍ ဖြေကြား ပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အချို့နေရာများတွင် PDF အမည်ခံ အကြမ်းဖက်သမားများက အင်အားနည်းပါးသည့် ရဲကင်းစခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြကြောင်း၊ ရဲစခန်းများနှင့် ရဲကင်းများ ရုပ်သိမ်းသည်ဆိုသည့် ကိစ္စမှာမဟုတ်ကြောင်း၊ အလှမ်းဝေးသည့် နေရာများတွင်ရှိပြီး အင်အားနည်းပါးသည့် ရဲကင်း စခန်းငယ်များကိုမူ ခေတ္တရုပ်သိမ်း ထားကြောင်း၊ ကျန်သည့်စခန်းများကိုမူ ရုပ်သိမ်းထားခြင်း မရှိကြောင်း ဖြည့်စွက် ဖြေကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အသတ်ခံခဲ့ရသူများ၏ စာရင်းကို သီးခြားပေးလိုက်မည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဖမ်းဆီးရမိခဲ့သည့် လက်နက်များနှင့် ဖမ်းဆီးရမိသူများကို စစ်ဆေးချက်များအရ KIA က လက်နက်များ ထောက်ပံ့၍ လုပ်ဆောင်ခြင်းဖြစ်သည်ကို တွေ့ရကြောင်း၊ ၎င်းတို့ ကချင်ပြည်နယ်အထဲတွင်သာမက စစ်ကိုင်းတိုင်း ဒေသကြီးအထိ စစ်မျက်နှာ တိုးချဲ့နိုင်ရန် အတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ တပ်မတော်၏ KIA အပေါ်ထားရှိသည့် သဘောထားမှာ ၂၀၂၂ ခုနှစ်အထိ ငြိမ်းချမ်းရေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လုပ်ဆောင်မည်ဟု ပြောထားပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အဖွဲ့အားလုံးအပေါ်တွင် ထားရှိသည့် သဘောထားဖြစ်ကြောင်း၊ သို့သော် အကြမ်းဖက် အဖွဲ့များကို ကူညီနေသည့် KIA အပေါ် တပ်မတော်က ထားရှိသည့် သဘောထားမှာ “သူပုန်ကို သူပုန်လို့ပဲ သဘောထားသည်”ဟုသာ ပြောလိုကြောင်း ဆက်လက် ဖြေကြားသည်။
တဲ့ပြောသတင်းဌာနမှ အယ်ဒီတာချုပ် ဇော်မင်းဦးက ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန် လက်ထက်တွင် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ၌ NLD ပါတီ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရလာပြီး တက်လာကြောင်း၊ လက်ပံတောင်းတောင် စာချုပ်နှင့်ပတ်သက်၍ ၎င်းကိုယ်တိုင်လည်း တောင်းခဲ့ဖူးကြောင်း၊ ယခုပြည်သူများ၏ ကိုယ်စား မိမိတို့သတင်းဌာနများမှ ပြန်တောင်းရမည့် အနေအထားရှိကြောင်း၊ NLD အစိုးရ အုပ်ချုပ်သည့် အချိန်တွင် နိုင်ငံ ၇ နိုင်ငံခန့်မှ ငွေများချေးငှားထားသည်ဟု ပြောပါကြောင်း၊ မြန်မာစကားပုံအတိုင်း ကြွေးတင်လျှင် ရှင်ဘုရင်ဆပ်ဆိုသည့် အတိုင်း ရှင်ဘုရင်ဆိုသည်မှာ ရာသက်ပန် အသက်ရှင်သွားမည် မဟုတ်ကြောင်း၊ ထို့ကြောင့် မိမိတို့က အသက်ကြီးသွားသည့်အချိန်တွင် နောင်လာနောက်သား သားစဉ်မြေးဆက်များက ယင်းအကြွေးကို ဆပ်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အထောက်အထားများကို သိရှိရန် လိုအပ်ကြောင်း၊ NLD အစိုးရလက်ထက်တွင် နိုင်ငံခြားမှ ချေးငှားထားသည့် ငွေကြေးများနှင့် ပတ်သက်၍ မည်သို့သော ကတိကဝတ်များရှိပြီး မည်သည့်အချိန်တွင် ပြန်ဆပ်ရမည် မည်မျှရှိသည်ကို သတင်းစာမှ တိတိကျကျ ထုတ်ပြန်ပေးရန် ရှိ၊ မရှိနှင့် ထုတ်ပြန်ပေးစေလိုကြောင်း၊ နိုင်ငံခြားသား ပညာရှင်အယောက် ၁၀၀ ကျော် ငှားရမ်းထားသည်ဟု ၎င်းတို့ပြောကြောင်း၊ မည်သည့်ငွေများဖြင့် ငှားရမ်းသည်ကို သိလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ဒေါ်လာအခက်အခဲ ဖြစ်လာပြီး ဆီဈေးများလည်း တက်နေကြောင်း၊ ဆီဈေးများတက်နေခြင်းကြောင့် ဆီရောင်းဝယ်ဖြန့်ဖြူးရေး ကော်မတီကိုလည်း ဖွဲ့စည်းလိုက်သည်ဟုသိရကြောင်း၊ ယနေ့ပေါက်နေသည့် ဆီပေါက်ဈေးထက် တစ်ထောင်ခန့် လျော့နည်းသော နှုန်းထားဖြင့် ရောင်းပေးနိုင်ရန်အတွက် ကုမ္ပဏီ တချို့က ကမ်းလှမ်းသည်ဟု မိမိတို့သတင်းဌာနများ အနေဖြင့် သတင်းရထားကြောင်း၊ မြန်မာငွေဖြင့် ရုရှားကို ရှင်းမည်ဖြစ်ကြောင်း၊ ဆီရောင်းဝယ်သည့် ကိုယ်စားလှယ်များကိုလည်း မြန်မာငွေဖြင့်သာ ယူမည်ဖြစ်ပြီး ကျန်သည်များကို ၎င်းတို့က ကုန်ကျခံမည်ဟု မိမိတို့ကြားသိထားကြောင်း၊ ယင်းကိစ္စနှင့် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးတကယ်ရှိလျှင် လက်ရှိအစိုးရအနေဖြင့် အမြန်ဆုံး ခွင့်ပြုပေးစေလိုကြောင်း၊ မိမိအနေဖြင့် တောင်းဆိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်း NLD လက်ထက်တွင် ဝန်ကြီးဌာနအလိုက် ပြည်ပ ချေးငွေစာချုပ် ချုပ်ဆိုခဲ့ပြီး ချုပ်ဆိုခဲ့သည်မှာ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၂၁ ခုနှစ် တစ်လပိုင်း အကုန်အထိ ချေးငွေစာချုပ် ၆၉ ယူနစ်ချေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၉ ဘီလီယံ ၉၀၁၉ ဒသမ ၅၃၁ သန်းဖြစ်ကြောင်း၊ အတိုးနှုန်းများမှာ ချေးငွေစာချုပ်အလိုက် အတိုးနှုန်းကွာခြားချက် ရှိကြောင်း၊ အနည်းဆုံး အတိုးမဲ့မှ အများဆုံး ၂ ရာခိုင်နှုန်းအထိ ဖြစ်ကြောင်း၊ ဆိုင်းငံ့ကာလမှာ သုံးနှစ်နှင့် သုံးလမှ ၁၅ နှစ်အထိ ရှိကြောင်း၊ ဆိုင်းငံ့ကာလက ကျော်လွန်မှ ကျော်လွန် ပေးဆပ်ရမှာဖြစ်ကြောင်း၊ မိမိအနေဖြင့်ပြောခဲ့ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ပြောခဲ့ကြောင်း၊ တစ်နှစ်တွင် ဒေါ်လာသန်း ၇၀၀ နီးပါး အကြွေးဆပ်နေရကြောင်း၊ ၎င်းတစ်ယောက်တည်းကို အပြစ်ပြောတာ မဟုတ်ကြောင်း၊ ၎င်းရှေ့မှလည်းပါကြောင်း၊ နိုင်ငံတော်ကြွေးမြီများနှင့် စပ်လျဉ်း၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အစိုးရ၏ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာများ၊ ပြည်ထောင်စု လွှတ်တော်၏ သတ္တမပုံမှန် အစည်းအဝေးနှင့် စတုတ္ထပုံမှန် အစည်းအဝေးများ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အစိုးရ၏ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာများ၊ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး၊ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ ဒုတိယအကြိမ်တွင် လေ့လာတွေ့ရှိနိုင်ကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ မိမိတို့မှာရှိသည့် အထောက်အထားများကို မီဒီယာများအား ပြောမည်ဖြစ်ကြောင်း၊ အနီးစပ်ဆုံး အထောက်အထားမှာ နိုင်ငံတော်ဝန်ကြီးချုပ် ပြောသည့်မိန့်ခွန်းများတွင် ပါပြီးဖြစ်ကြောင်း၊ တချို့မှာ အသေးစိတ်ပါပြီးသား ဖြစ်ကြောင်း၊ သမ္မတကြီး ဦးသိန်းစိန် လက်ထက်တွင် မည်မျှရှိခဲ့ပြီး NLD အစိုးရလက်ထက်တွင် မည်မျှအထိ တက်သွားကြောင်း၊ NLD အစိုးရလက်ထက်တွင် ပြည်တွင်း/ပြည်ပက မည်မျှရှိသည်ဟု အသေးစိတ်ပါပြီး ဖြစ်ကြောင်း၊ နိုင်ငံခြားသား ပညာရှင်များ၏ အကြံပေးဝန်ဆောင်မှု ရယူရာတွင် နှစ်ခုလုံးဖြစ်ကြောင်း၊ နိုင်ငံတော် ဘတ်ဂျက်နှင့် ပြည်ပချေးငွေ အကူအညီ ရငွေတို့မှ ကျခံသုံးစွဲခဲ့ရကြောင်း၊ ချေးငွေပေးအပ်သည့် အဖွဲ့အစည်းများနှင့် ချုပ်ဆိုသည့် ချေးငွေဆိုင်ရာ စည်းမျဉ်းမှ ဆောင်ရွက်သည်များလည်း ရှိကြောင်း၊ နိုင်ငံခြားပညာရှင်များ၏ အကြံပေးမှု ဝန်ဆောင်မှုဆိုင်ရာ အသုံးစရိတ်များကို ချေးငွေစာချုပ်ပါ သတ်မှတ်ချက်များနှင့်အညီ လုပ်ခဲ့ခြင်း ရှိကြောင်း၊ ငှားရမ်းသုံးစွဲမှုရရှိသည့် အကျိုးရလဒ်က စီမံကိန်း အကောင်အထည် ဖော်ဆောင်ရာတွင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အပေါ်မှာ မူတည်ကြောင်း၊ တချို့အကြံပေး အမည်ခံများကို ပေးရခြင်းမရှိကြောင်း၊ ပိုက်ဆံပေးရသည်ထက် ပိုမိုတန်ဖိုးကြီးသည့် အရာများပေးရကြောင်း၊ ငွေရေးကြေးရေးအရ ပေးရခြင်းမဟုတ်ကြောင်း၊ သို့သော် နိုင်ငံတော်၏ လျှို့ဝှက်ချက်၊ နိုင်ငံတော်၏ စီမံကိန်းတချို့သည် အရေးကြီးပြီး ပိုက်ဆံက အရေးမကြီးကြောင်း၊ ပိုက်ဆံထက် ပိုတန်ဖိုးကြီးသည့်အရာများက ပို၍အရေးကြီးသည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
Trend Journal မှ အယ်ဒီတာချုပ် ဦးဝဏ္ဏက တရုတ်နိုင်ငံတွင် တာဝန် ထမ်းဆောင်စဉ် ကွယ်လွန်သွားသည့် မြန်မာသံအမတ်နေရာတွင် အစားထိုးခန့်အပ်မည့် အစီအစဉ်ကို သိလိုကြောင်း၊ ရုရှားမှ စက်သုံးဆီများ ဝယ်ယူမည့်သတင်း၊ ယမန်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေးတွင် ဝန်ကြီးချုပ် ပြောသွားခြင်းလည်း ရှိကြောင်း၊ အွန်လိုင်းမီဒီယာများတွင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ ဦးပါသည့် ရုရှားမှ ဆီဝယ်ယူရေး ကော်မတီအဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု သတင်းထုတ်ပြန်ထားသည့် သတင်းများ တက်နေကြောင်း၊ ဆီကိစ္စနှင့် ပတ်သက်ပြီး ယမန်နေ့က ၇/၂၀၂၂ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က ဆီကိစ္စကိုမပူရန် ဆီသင်္ဘောများလည်း လာနေပြီဟု ပြောကြောင်း၊ ရုရှားကဆီများ တကယ်ရောက် လာပြီဆိုပါက ဆီလိုအပ်ချက်ရှိနေသည့် မြန်မာပြည်သူများအတွက် ဝမ်းသာစရာဖြစ်ကြောင်း၊ ယင်းကိစ္စကို အသေးစိတ်ရှင်းလင်းပေးစေလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံမှ သံအမတ်ကြီးသည် ကူမင်းမြို့ကို အစည်းအဝေး သွားရောက်စဉ် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းနှင့်ပတ်သက်၍ မိမိတို့ နိုင်ငံတော် အစိုးရအနေဖြင့် မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း၊ သံအမတ်အမြန်ဆုံး ခန့်အပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီ ခန့်အပ်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ရုရှားနိုင်ငံမှ ဆီဝယ်ယူပြီး ဖြန့်ဖြူးရောင်းချနိုင်ရေး ကိစ္စမတိုင်မီ ရုရှားနိုင်ငံ ခရီးစဉ်ကို နိုင်ငံတော် ဝန်ကြီးချုပ် သွားခဲ့သည်ကို မှတ်မိမည်ဖြစ်ကြောင်း၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစော လိုက်ပါသွားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုအချိန်ကတည်းက ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး ယခင်ကတည်းက ဆွေးနွေးမှုများ ရှိခဲ့ကြောင်း၊ ထိုခရီးစဉ်တွင် အပြီးသတ် သဘောတူညီချက် ရယူဆောင်ရွက်ခဲ့ကြောင်း၊ ယခုလောလောဆယ်တွင် စင်ကာပူနိုင်ငံမှ ဆီဝယ်ယူလျက်ရှိကြောင်း၊ စင်ကာပူနိုင်ငံသည် ရေနံထွက်သည့် နိုင်ငံမဟုတ်ကြောင်း၊ စင်ကာပူနိုင်ငံသည် တခြားနိုင်ငံများမှ ရေနံနှင့် ရေနံချက်ပစ္စည်းများ သွင်းပြီးမှ ရေနံချက်သည့် လုပ်ငန်းများလည်း ရှိကြောင်း၊ ထို့ပြင် တစ်ဆင့်ခံ ရောင်းချနေခြင်းဖြစ်ကြောင်း၊ ရုရှားနိုင်ငံသည် ရေနံမူရင်း ထွက်သည့်နိုင်ငံဖြစ်ကြောင်း၊ မူရင်းထွက်သည့် နိုင်ငံဖြစ်သောကြောင့် မိမိတို့အနေဖြင့် လုပ်ဆောင်သည့်နေရာမှာ နှစ်ချက်ရှိကြောင်း၊ နံပါတ်(၁)ဈေးနှုန်း သက်သာရမည်၊ နံပါတ်(၂)အရည်အသွေး ပြည့်မီပြီး လျင်လျင်မြန်မြန် ရနိုင်ရမည် ဖြစ်ကြောင်း၊ ယင်းနှစ်ချက်အပေါ် မူတည်ပြီး ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ ရုရှားနှင့် မြန်မာသည် ဆက်သွယ် ဆက်ဆံမှုမြင့်မားနေသည့် အချိန်ဖြစ်ကြောင်း၊ နောင်တွင်လည်း ဆက်သွယ်ဆက်ဆံမှု ပိုမိုမြင့်မား လာမည်ဖြစ်သောကြောင့် စက်သုံးဆီနှင့် ပတ်သက်ပြီး အာမခံချက် တစ်ခုရရှိပြီး ဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် မိမိတို့ လိုသမျှ ရရှိနိုင်မည်ဖြစ်၍ ဈေးနှုန်းအနေဖြင့် ထိန်းနိုင်မည်ဟု ပြောနိုင်ကြောင်း၊ မိမိတို့ လက်ရှိလုပ်နေသည့် ပြည်ပမူရင်း နိုင်ငံများမှ ဝယ်နိုင်သည့် အခွင့်အရေးကို မိမိတို့ရရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပိုမိုပြီး အဆင်ပြေချောမွေ့လာမည် ဖြစ်ကြောင်းကို သတင်းကောင်းပါးလိုကြောင်း ၊ ထို့ပြင် လက်ရှိ မြန်မာနိုင်ငံအတွင်းတွင် မိမိတို့ လုပ်နေသည်မှာ နံပါတ်(၁) ရုရှားနိုင်ငံနှင့် ပူးပေါင်းပြီး ရေနံတူးဖော်ရေး လုပ်ငန်းများ၊ ရေနံရှာဖွေရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံသာမက တရုတ်နိုင်ငံ အပါအဝင် တခြားနိုင်ငံများဖြင့်လည်း ပူးပေါင်းပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခုလောလောဆယ်တွင် အနီးစပ်ဆုံး လုပ်ဆောင်နေခြင်းသည် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ကုန်းတွင်းပိုင်း ရေနံလုပ်ကွက်များတွင် ရေနံအထွက်နှုန်း၊ သဘာဝဓာတ်ငွေ့ အထွက်နှုန်းတိုးတက်အောင် ပုဂ္ဂလိက ကုမ္ပဏီများကို တင်ဒါခေါ်ပြီးဖြစ်ကြောင်း၊ မကြာမီတွင် လုပ်ငန်းများ စတင်မည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် လုပ်ဆောင်သွားမည့် အကြမ်းဖျင်း အစီအစဉ်များသည် ယင်းတို့ကို တူးဖော် လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ထို့နောက် အထွက်တိုးလာလျှင် ထွက်ရှိလာသည့် အပေါ်တွင် ကုမ္ပဏီနှင့် မြန်မာရေနံတို့က ခံစားမည်ဖြစ်ကြောင်း၊ ယင်းတို့သည် ပြည်သူလူထု လက်ထဲသို့ရောက်မည်ဖြစ်ကြောင်း၊ ထို့ပြင် ရေနံထွက်နှုန်း အသင့်အတင့်ရှိသည့် တွင်းတိမ်ရေနံ တူးဖော်ရေး လုပ်ငန်းများကိုလည်း စနစ်တကျ လုပ်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်က မှာကြားပြီးဖြစ်ကြောင်း၊ အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများ အပါအဝင် အစိုးရဝန်ကြီးဌာနများ အားလုံးပါဝင်ပြီး အစည်းအဝေးတွင် ယင်းကိစ္စများနှင့် ပတ်သက်၍ မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ကျန်သည့် ရေနံစွမ်းအင် လုပ်ငန်းအတွက်လည်း စွမ်းအင်နှင့် ပတ်သက်ပြီး တိုးတက်ရေးအတွက်လည်း ဦးစီးကော်မတီ ဖွဲ့စည်းပြီး ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိအနေဖြင့် ပြောလိုသည်မှာ နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးနှင့် ပတ်သက်ပြီး Sector တိုင်း Sector တိုင်းမှာ တိုးတက်မှုရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ခုဝန်ခံလိုသည်မှာ အနှောင့်အယှက် အဖျက်အဆီးများ ရှိနေကြောင်း၊ ဥပမာ MOGE ၏လုပ်ငန်းများ တွင်ကျယ်လာပြီး စွမ်းအင်ဝန်ကြီးဌာန တွင်ကျယ်လာသည်နှင့် အမျှ ဆန့်ကျင်ဘက် အဖွဲ့အစည်းများက အမျိုးမျိုးပြောဆိုနေကြခြင်းကို မီဒီယာကြီးများ အနေဖြင့် ကြားသိမည်ဖြစ်ကြောင်း၊ ယင်းကို Sanction လုပ်ရန် အော်နေသည့် အသံမျိုးများ ကြားရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင် စားသောက်ကုန်များ အလုပ်ဖြစ်လာလျှင်လည်း အမျိုးမျိုးပြောကြမည်ဖြစ်ကြောင်း၊ ယင်းအဖျက်အဆီးများကို ကြုံတွေ့နေရမည် ဖြစ်ကြောင်း၊ ယင်းကိစ္စများကို ယခင်အချိန်ကတည်းက ကြံ့ကြံ့ခိုင်ပြီး ကျော်လွှားခဲ့ကြောင်း၊ ယခုအချိန်အခါတွင်လည်း မိမိတို့ကျော်လွှား နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြန်လည်ဖြေကြားသည်။
Weekly Eleven ဂျာနယ်မှ သတင်းထောက် ဦးအောင်မင်းသိန်းက ပြီးခဲ့သည့်ရက်ပိုင်းတွင် အစိုးရနှင့် ပုဂ္ဂလိကဘဏ်များတွင် အပ်ထားသည့်နိုင်ငံခြားငွေ အကောင့်ထဲမှ ဒေါ်လာများကို တစ်ဒေါ်လာကို ၁၈၅၀ နှုန်းဖြင့် လဲလှယ်ရမည်ဟု ပြီးခဲ့သည့်ဧပြီလ ၃ ရက်နေ့တွင် ဗဟိုဘဏ်က အမိန့်ကြေညာချက်အမှတ် ၄/၂၀၂၂ ဖြင့်ထုတ်ပြန် လိုက်ကြောင်း၊ ဧပြီလ ၅ ရက်နေ့တွင် အရောင်းအဝယ် အကောင့်ထဲက ဝင်လာသည့်ဒေါ်လာများကို အလုပ်ရက်တစ်ရက် အတွင်းမှာ လဲလှယ်ရမည်ဟုလည်း ထပ်မံထုတ်ပြန်ခဲ့ကြောင်း၊ သြဂုတ်လ ၅ ရက်နေ့တွင် အမိန့်ကြေညာချက် အမှတ် ၃၆/၂၀၂၂ ဖြင့် တစ်ဒေါ်လာကို ကျပ်ငွေ ၂၁၀၀ နှုန်းဖြင့် လဲလှယ်ရမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်လိုက်ကြောင်း၊ ယင်းသို့ ဒေါ်လာအပေါ်မှာ ထုတ်ပြန်လိုက်သည့် သတ်မှတ်ထုတ်ပြန်ချက်များ နောက်ပိုင်းတွင် ဒေါ်လာဈေးကွက် ကမောက်ကမဖြစ်ပြီး စီးပွားရေး ကဏ္ဍတွင် အနည်းငယ် ဂယက်ရိုက်ခဲ့ကြောင်း၊ တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နှုန်းဖြင့် ဗဟိုဘဏ်က သတ်မှတ်သည့်အချိန်တွင် ပြင်ပတွင် တစ်ဒေါ်လာကို ၂၄၀၀ ကျပ်၊ ၂၅၀၀ ကျပ်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း၊ ယခုနောက်ဆုံး ထုတ်ပြန်ခဲ့သည့် တစ်ဒေါ်လာကို ၂၁၀၀ ကျပ်နှုန်းထား အခြေအနေတွင် ပြင်ပ၌ ၂၉၀၀ ကျပ်၊ ၃၀၀၀ ကျပ် ဈေးနှုန်းများအထိ မြင့်တက်သွားကြောင်း၊ ယင်းဒေါ်လာများကို ကုမ္ပဏီ အကောင့်များနှင့် တစ်ဦးချင်း Personal အကောင့်မှ ဒေါ်လာများကို ဗဟိုဘဏ်က သတ်မှတ်သည့်ဈေးဖြင့် လဲလှယ်ရမည်ဟု ကြေညာသည့်အခါတွင် အကောင့်ပိုင်ရှင် အများစုသည် ပမာဏအတော်များများကို လဲလှယ်လိုက်ရသည့် အနေအထားဖြစ် သွားကြောင်း၊ ဗဟိုဘဏ်မှ ကင်းလွတ်ခွင့်ပေးထားသည့် လုပ်ငန်းတချို့၌ မိမိတို့တွေ့ရသည့် လုပ်ငန်းခြောက်ခုခန့်ရှိကြောင်း၊ ယင်းလုပ်ငန်းအပေါ် ဝင်လာသည့် ဒေါ်လာပမာဏက အနည်းငယ်သာရှိသည်ဟု သိရကြောင်း၊ စက်ရုံများ၊ ကုမ္ပဏီများ လည်ပတ်ရန်အတွက် Import လုပ်ရသည့်အခါတွင် OTD ကတစ်ဆင့် ဗဟိုဘဏ်က သတ်မှတ်ထားသည့် သတ်မှတ်နှုန်းထားဖြင့် တစ်ဒေါ်လာကို ၈၀၀ ကျပ်၊ ၉၀၀ ကျပ်၊ ၁၀၀၀ ကျပ် ယင်းကဲ့သို့ ကွာဟချက်များဖြင့် ဝယ်ပြီး လုပ်ရသလိုများဖြစ်လာကြောင်း၊ ထို့ပြင် ကုန်ကြမ်း Import လုပ်ရန်အတွက် ဒေါ်လာဝယ်ယူရန် အတွက်ကလည်း ပြင်ပတွင်မဖြစ်နိုင်လောက်သည့် အနေအထား အထိကိုဖြစ်လာကြောင်း၊ ဒေါ်လာအကောင့်များက နေပြီး ဗဟိုဘဏ်က သတ်မှတ်ထားသည့် နှုန်းထားဖြင့် ငွေလဲလှယ် ခံလိုက်ရသကဲ့သို့ ယင်းငွေများမှတစ်ဆင့် ပြည်တွင်းတွင် နိုင်ငံခြားငွေများ၊ အိမ်ခြံမြေများ၊ ကားများ ယင်းတို့ကိုဝယ်သည့် အနေအထား ဖြစ်လာကြောင်း၊ ဈေးကစားသည့်သူများကြောင့်လည်း ပုံမှန်မဟုတ်ဘဲ နှုန်းထားများ ထိုးတက်လာသည့် အနေအထားအထိ ဖြစ်လာကြောင်း၊ ဈေးကွက်ကလည်း ကမောက်ကမဖြစ်ပြီး တိုင်းပြည်စီးပွားရေးသည် ယင်းအခြေအနေအတွင်းတွင် ထိခိုက်ရသည့် အနေအထားဖြစ်လာကြောင်း၊ သာမန်ပြည်သူများ အနေဖြင့်လည်း ငွေကြေးဖောင်းပွမှုဒဏ်၊ ကုန်ဈေးနှုန်းကြီးမြင့်သည့် ဒဏ်များကို ခံစားလိုက်ရကြောင်း၊ ယင်းသည် ဗဟိုဘဏ်၏ နိုင်ငံခြားငွေနှင့် ပတ်သက်၍ ပေါ်လစီအပြောင်းအလဲနှင့် ပတ်သက်ပြီး ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်သုံးခုကြောင့် ဖြစ်လာသည့် နောက်ဆက်တွဲ အနေအထားများဟု ပြောရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ သိလိုသည်မှာ တစ်ဒေါ်လာကို ဗဟိုဘဏ်က သတ်မှတ်သည့် ၁၈၅၀ ကျပ်နှုန်းထားဖြင့် အကောင့်မည်မျှက ဒေါ်လာပမာဏမည်မျှထိ လဲလှယ်ပြီးစီးခဲ့ကြောင်း၊ ထိုမှရရှိလာသည့် ဒေါ်လာများကို လိုအပ်သူများ၊ အပြင်တွင် အမှန်တကယ် အလုပ်လုပ်နေသူများ ရရှိအောင် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း၊ အစိုးရအနေဖြင့် ဈေးသတ်မှတ်ပြီး လဲလှယ် သိမ်းဆည်းခဲ့သည့် ဒေါ်လာများကို အမှန်တကယ် လိုအပ်၍ လာဝယ်မည်ဆိုပါက မည်သို့ဆောင်ရွက်ရမည် ဆိုသည့် ညွှန်ကြားချက်များ သတ်မှတ်ထုတ်ပြန်ပေးရန်ရှိ၊ မရှိ သိလိုကြောင်း၊ ထို့ပြင် လက်ရှိနောက်ဆုံး ထုတ်ပြန်ခဲ့သည့် တစ်ဒေါ်လာကို ၂၁၀၀ နှုန်းထားကို ပြင်ပမှာဆိုလျှင် ယင်းနှုန်းထားထက် ပမာဏမြင့်မားပြီး ဈေးကစားနေသည်များ ရှိကြောင်း၊ ပေါက်ဈေးရှိသည့်အတွက် ပြင်ပဈေးကွက်တွင် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် နှုန်းထားနှင့် များစွာကွာဟချက် မဖြစ်အောင် ငွေလဲနှုန်းကိုလည်း တည်ငြိမ်မှုရှိအောင် အစိုးရအနေဖြင့် မည်သို့စီစဉ် ဆောင်ရွက် သွားမည်ကိုသိလိုကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့်လည်း လက်ရှိဖြစ်ပေါ်နေသည့် အကျပ်အတည်းများမှ ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများကို မည်သို့ဖြေလျှော့မှုများ လုပ်ပေးရန်ရှိကြောင်း၊ နောက်ဆုံး ဗဟိုဘဏ်နှင့် ပူးပေါင်းပြီး မည်သည့်နည်းလမ်းများဖြင့် စီးပွားရေး လုပ်ငန်းများနှင့် ပြည်သူများအတွက် အဆင်ပြေအောင် မည်သို့ဖြေရှင်း ဆောင်ရွက်သွားမည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်ကြီးသည် Weekly Eleven လား Audit ဂျာနယ်လားတော့ မသိကြောင်း၊ မေးသည့်မေးခွန်းများက Audit ဂျာနယ် ဆန်ဆန်ဖြစ်ကြောင်း၊ မေးခွန်းများကလည်း ကောင်းပါကြောင်း၊ မိမိအနေဖြင့် ကိန်းဂဏန်းများကိုတော့ မပြောနိုင်ကြောင်း၊ ကိန်းဂဏန်းများနှင့် ပတ်သက်၍ ဖြေနိုင်သမျှကို ဗဟိုဘဏ်ကို ဖြေခိုင်းပေးမည်ဖြစ်ကြောင်း၊ မိမိပြောနိုင်သည်မှာ မူဝါဒပိုင်းဆိုင်ရာကိုသာ ပြောမည်ဖြစ်ကြောင်း၊ နံပါတ် ၁ ယင်းမူဝါဒများ ချမှတ်ရသည့်အကြောင်းရင်းမှာ မချမှတ်၍ မဖြစ်သောကြောင့် ချမှတ်ရခြင်းဖြစ်ကြောင်း၊ တချို့သည်လည်း နာကျင်ရကြောင်း၊ နာကျင်အောင်လည်း လုပ်ရကြောင်း၊ ယင်းသည် ပေါ်လစီဖြစ်ကြောင်း၊ နံပါတ် ၂ ပြောလိုသည်မှာ မိမိတို့အနေဖြင့် လုပ်ဆောင်ရသည့် အကြောင်းအရာသည် ဗဟိုဘဏ်က အတိုးနှုန်းက ၁၈၅၀ အမျိုးမျိုးဖြစ်သည့်အတွက် ထိုသုံးခု၏ နောက်ပိုင်းမှာဖြစ်လာကြောင်း၊ ထိုသုံးခု၏ ရှေ့ပိုင်းတွင်လည်း ဖြစ်ခဲ့ကြောင်း၊ မည်သည့်အတွက်ကြောင့် ဖြစ်ခဲ့သည် ဆိုသည့် အကြောင်းရင်းများ ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံအတွင်းက အကြောင်းရင်းများ ရှိကြောင်း၊ မြန်မာနိုင်ငံ၏ပြင်ပက အကြောင်းရင်းများလည်း ရှိပါကြောင်း၊ မိမိတို့အစိုးရနှင့် ဗဟိုဘဏ်သည် “ခြောက်ပြစ်ကင်း သဲလဲစင်”ဟု မိမိတို့မပြောပါကြောင်း၊ မည်သူမှလည်း “ခြောက်ပြစ်ကင်း သဲလဲစင်” မရှိပါကြောင်း၊ ချို့ယွင်းချက်များ ရှိပါကြောင်း၊ ချို့ယွင်းချက်များ ပြင်နိုင်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပနှင့် ပြည်တွင်း၏ ကိစ္စများလည်း ရှိပါကြောင်း၊ အဓိကအစဉ်အဆက် လုပ်ခဲ့သည်များကို မည်သည်ကို ထိသလဲဆိုလျှင် ယခင်ကတည်းကအတိုင်း ပြည်တွင်း၏ ထုတ်ကုန်များကို အားမပေးဘဲ ပြည်ပမှ တင်သွင်းကုန်များ Import ကုန်များကို အားပေးခဲ့ခြင်းကြောင့် မိမိတို့၏ နိုင်ငံခြားငွေ လိုအပ်ချက်များလည်း ကြီးမားလာကြောင်း၊ ကုန်သွယ်ရေးတွင် လိုငွေများ ကြီးမားလာပြီး အကြွေးများထပ်မံတင်လာသည့် ကိစ္စများဖြစ်လာကြောင်း၊ မိမိတို့ နိုင်ငံတော်အစိုးရ အနေဖြင့် ယင်းကိစ္စကို အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့သော် ကမ္ဘာမှာဖြစ်နေသည့် ပဋိပက္ခများကြောင့် ရေနံဈေး၊ ဓာတ်မြေသြဇာဈေး၊ စားသောက်ကုန်ဈေးများ ကြီးပြီး ငွေကြေးဖောင်းပွမှု မြင့်မားနေသည်များ ရှိကြောင်း၊ တစ်ဖက်က (FRB) Federal Reserve Bankက အတိုးနှုန်းမြှင့်တင်လိုက်သည်များ ရှိကြောင်း၊ ဗဟိုဘဏ်အနေဖြင့် စီးပွားရေး တိုးတက်မှုနှုန်း အထောက်အကူဖြစ်မည့် ငွေကြေးမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ထိန်းညှိဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိန်းညှိဆောင်ရွက်သည့် အချိန်တွင် တချို့နေရာနှင့် တချို့ Sector တွင် ထိခိုက်မှုများ ရှိမည်ဖြစ်ကြောင်း၊ သို့သော် ယခုအချိန်တွင် ဖြေလျှော့၍မရကြောင်း၊ အချိန်အတိုင်းအတာ တစ်ခုရောက်လျှင် ပေါ်လစီအရ ဖြေလျှော့၍ ရလျှင် လျှော့ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
One News Channalမှ ထုတ်လုပ်သူ ဦးသွင်ထူးအောင်က ယခုရက်ပိုင်းအတွင်း ပြည်တွင်း၌ နိုင်ငံခြားငွေ လဲလှယ်နှုန်း ဆက်တိုက်မြင့်တက်နေသကဲ့သို့ ရွှေ၊ စားအုန်းဆီ၊ စက်သုံးဆီနှင့် ကုန်ဈေးနှုန်းများလည်း ဆက်တိုက်မြင့်တက်နေကြောင်း၊ ယင်းသို့မြင့်တက်လာခြင်းကြောင့် အခြေခံ လူတန်းစားများ၊ ဝန်ထမ်းများအတွက် အတော်ကို အခက်အခဲဖြစ်နေကြောင်း၊ ထိုသို့ တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ကြည့်လျှင် ငွေကြေးဖောင်းပွမှုများကို ရင်ဆိုင်နေရကြောင်း၊ ယင်းနိုင်ငံအသီးသီးတွင် ငွေကြေးဖောင်းပွမှုများကို ထိန်းချုပ်နိုင်ရန် လျှော့ချနိုင်ရန် ရုန်းကန်ကြိုးပမ်းနေသည် ကိုတွေ့ရကြောင်း၊ မြန်မာကျပ်ငွေဖောင်းပွမှုနှုန်း ပြန်လျော့သွားအောင် မည်ကဲ့သို့ ဆက်လုပ်မည့် အစီအစဉ်ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာကျပ်ငွေ ဖောင်းပွမှုနှုန်းကို လျော့ကျသွားအောင် လုပ်နိုင်သည့်နည်းက မိမိတို့၏ ထုတ်ကုန်များတိုးမြှင့် ထုတ်လုပ်ရန်နှင့် ဈေးကွက်ရှာရန် နည်းလမ်းပဲရှိကြောင်း၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရန်နှင့် ဈေးကွက်ရှာရန် နည်းလမ်းမှာ မိမိတို့ လုပ်ဆောင်နေခြင်းသည် နှစ်မျိုးရှိကြောင်း၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရန်အတွက် ပြည်တွင်းမှ လုပ်ဆောင်ရသည်များကို အစိုးရနှင့် ပြည်သူများပါ လုပ်ဆောင်နိုင်ကြောင်း၊ သို့သော်ရောင်းချရန်အတွက် တချို့သော အခက်အခဲများရှိကြောင်း၊ ပိတ်ဆို့မှုများ ရှိကြောင်း၊ ဈေးကွက်ချဲ့ထွင်ရန် အတွက် ရုရှားနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ တစ်ဖက်တွင် တရုတ်နှင့်ဈေးကွက် ချဲ့ထွင်နိုင်ရန် အတွက် မိမိတို့ဆောင်ရွက်လျက် ရှိကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar Public Pressမှ အယ်ဒီတာချုပ် ဦးဇော်မင်းနိုင်က တောင်သူ လယ်သမားများ စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံများ ထွက်ပေါ်သည့်အချိန်တွင် ပြည်ထောင်စုအစိုးရ အနေဖြင့် သင့်တင့်သည့် ဈေးနှုန်းသတ်မှတ်၍ ဝယ်ယူရန် ရှိ/မရှိနွေစပါးစိုက်ပျိုးသည့် တောင်သူလယ်သမားများတွင် စက်သုံးဆီများ လိုအပ်သောကြောင့် အစိုးရအနေဖြင့် ထောက်ပံ့ပေးမှု ရှိ၊ မရှိ သိရှိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက နွေစပါးနှင့် ပဲတီစိမ်းကို အထူးဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်လည်း ပြောပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ လယ်/ဆည်ဝန်ကြီးဌာနတွင်လည်း နွေစပါးနှင့် ပဲတီစိမ်း စိုက်ပျိုးရန်အတွက် အရင်းမပျောက် မတည်ငွေများ ပေးအပ်ထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လယ်/ဆည်ဝန်ကြီးဌာန လက်အောက်ခံဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် စီးပွားရေး အရှိန်မြှင့်တင်ရန် အတွက်နွေစပါးနှင့် ပဲတီစိမ်းကို အဓိက ထားဆောင်ရွက်သည့် အတွက်ကြောင့် ယင်းလုပ်ငန်းများနှင့် ပတ်သက်သည့် သွင်းအားစုများ၊ လုပ်ဆောင်ရမည့် အချက်များအား တောင်သူများကို အကူအညီပေးခြင်းအားဖြင့် အလျင်အမြန် အောင်မြင်မှုရရှိရန် လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း ဖြေကြားသည်။
ဆက်လက်၍ Myanmar Public Press မှ အယ်ဒီတာချုပ် ဦးဇော်မင်းနိုင်က ကြွေးမြီများ တင်ရှိနေသည့်တောင်သူများ အနေဖြင့် တရားစွဲဆိုခံရပြီး ထွက်ပြေး တိမ်းရှောင်နေကြောင်း၊ ၎င်းတို့အား အစိုးရအနေဖြင့် ဖြေလျှော့ရန်ရှိ၊ မရှိသိရှိလို ကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုဗစ်ကာလ၌ ချေးထားသော ချေးငွေများ၊ စိုက်ပျိုးစရိတ်များ အတွက် အခက်အခဲရှိသည့် ကိစ္စရပ်များကို ဖြေလျှော့ပေးထားပြီးဖြစ်ကြောင်း၊ အချို့တောင်သူများသည် ယခင်ကတည်းက ထွက်ပြေး တိမ်းရှောင်သူများ ဖြစ်ကြောင်း၊ ထို့ကြောင့် အခြေအနေအပေါ် မူတည်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
နေပြည်တော်အွန်လိုင်း သတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ဦးမင်းမောင်က ရေနံနှင့် ရေနံထွက်ပစ္စည်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စက်သုံးဆီအရောင်းဆိုင်များ အနေဖြင့် ရောင်းချမှု ရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချနေခြင်းကို နယ်မြေသတင်း အချက်အလက်များအရ သိရှိရပါကြောင်း၊ ယင်းကိစ္စအား မည်သို့စိစစ် အရေးယူ ဆောင်ရွက်ထားသည်ကို သိလိုကြောင်း၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရန် ကော်မတီတွေအနေဖြင့် လည်း ယခုဆီဈေးအပေါ်မှာ မည်သို့စီစဉ် ဆောင်ရွက်ထားကြောင်း၊ ကုန်စည်စီးဆင်း မှုတွေကိုလည်း မည်သို့ဆောင်ရွက်ထားကြောင်း၊ စက်သုံးဆီ တင်သွင်းရေးနှင့် သိုလှောင်ဖြန့်ဖြူးမှုကြီးကြပ်ရေး ကော်မတီအနေဖြင့်လည်း ပြည်သူများ စက်သုံးဆီကို ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးနှင့် စက်သုံးဆီပြတ်လပ်မှု မရှိစေရေး ဖြည့်တင်းကြပ်မတ် ဆောင်ရွက်မှုများ မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုကြောင်းမေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆီဝယ်ယူမှုနှင့် ပတ်သက်ပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့တွင် ကြေညာချက် ထုတ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မသမာမှုများ တွေ့ရှိပါက ကြေညာချက်ပါအတိုင်း ထိုနေရာများသို့ တိုင်ကြားနိုင်ကြောင်း၊ စက်သုံးဆီနှင့် ပတ်သက်လျှင် ရုရှားမှ တင်သွင်းခွင့် ရပြီးဖြစ်ကြောင်း၊ ထို့ပြင် တင်သွင်းခွင့် ရသည်များကို မှန်မှန်ကန်ကန်ဖြစ်အောင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နယ်များသို့ရောက်အောင် ပို့ဆောင်ရာတွင် နယ်ဈေးနှုန်းနှင့် ရန်ကုန်ဈေးနှုန်း တူစရာအကြောင်း မရှိပါကြောင်း၊ စက်သုံးဆီသည် ဆိပ်ကမ်းရှိရာ ရန်ကုန်သို့သာ ရောက်ရှိကြောင်း၊ နယ်များတွင်မူ ရန်ကုန်ဈေးနှုန်းထက် သယ်ယူပို့ဆောင်စရိတ် အနည်းငယ်ပို၍ ကြီးမြင့်နေမည်ဖြစ်ကြောင်း၊ တချို့သော ဆိုင်ငယ်လေးများ၊ ဆိုင်များသည် တက်ဈေးကိုမျှော်၍ လုပ်ဆောင်နေသည်များလည်း ရှိကြောင်း၊ တချို့မှာလည်း တက်ဈေးကို မျှော်ခြင်းမဟုတ်ဘဲ ရိုးရိုးသားသား ဖြစ်ခြင်းဖြစ်ကြောင်း၊ မီဒီယာများကိုလည်း မိမိပြောပြီးဖြစ်ကြောင်း၊ မန္တလေး၌ ကောလာဟလများကြောင့် ဆီဆိုင်များတွင် စုပြုံ၍ဝယ်လိုက်ကြကြောင်း၊ အရန်ဆီထဲက မဖြည့်နိုင်ခင် ပြတ်လပ်သွားသည့် အချိန်ပိုင်းအတွင်း ပိုပြီးဆိုးလာသည့် လုပ်ငန်းမျိုးလည်း ရှိကြောင်း၊ စက်သုံးဆီ အလွယ်တကူရခြင်း၊ စက်သုံးဆီ လိုသလောက်ရခြင်း၊ ဈေးနှုန်းချိုသာခြင်းရှိသည်ဆိုလျှင် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်လာမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့အနေဖြင့် လုံခြုံရေးအရ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည်ဆိုလျှင် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်လာမည်ဖြစ်ပြီး ယင်းကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်ဖော်ပြပါမည်။