ဟိုတယ်နှင့်ခရီးသွား ဝန်ဆောင်မှု၊ ကွန်ပျူတာ နည်းပညာ အခြေခံနှင့် ဘာသာစကား သင်တန်းများကို နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ဖွင့်လှစ် သင်ကြားလျက်ရှိ
နေပြည်တော် သြဂုတ် ၂၁
“နေ့စဉ်သုံး အခြေခံတရုတ်ဘာသာ စကားပြော သင်တန်းဖွင့်ပွဲနှင့် နိုင်ငံအဆင့် Enchanting Myanmar Health & Safety Protocols အသိအမှတ်ပြု တံဆိပ်ပေးအပ်ခြင်း အခမ်းအနား”ကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က မြန်မာ့ခရီးသွား ဈေးကွက်တွင် တရုတ်ခရီးသွား ဈေးကွက်သည် အလားအလာအကောင်းဆုံး ဈေးကွက်တစ်ခုဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားခင်ကာလများတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော ပြည်ပခရီးသွားများအနက် တရုတ်ခရီးသွား ဝင်ရောက်မှုမှာ ထိပ်ဆုံးနေရာ၌ ရှိနေပြီး ၎င်းတို့အနေနှင့် ပုဂံခရီးစဉ်ဒေသသို့ သွားရောက် လည်ပတ်ခြင်းကို ကြိုက်နှစ်သက်မှု ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် တရုတ်ခရီးသွားများ၏ ဘာသာစကား၊ ဓလေ့စရိုက်၊ ထုံးတမ်းစဉ်လာများကို သိရှိနားလည်ပြီး အကောင်းဆုံး ဝန်ဆောင်မှု ပေးစွမ်းနိုင်ရန် ယခု တရုတ်ဘာသာစကား အခြေခံသင်တန်းကို ဖွင့်လှစ်ပို့ချရခြင်း ဖြစ်ကြောင်း၊ တရုတ်ဘာသာစကားပြော သင်တန်းများအား ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော်တို့တွင် ဖွင့်လှစ်သင်ကြား ပေးနိုင်ခဲ့ကြောင်း။
ယခုသင်တန်းသို့ ဟိုတယ်နှင့်တည်းခို ရိပ်သာများမှ ဝန်ထမ်း ၁၈၆ ဦး၊ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှ ဝန်ထမ်း ၁၃ ဦး၊ ဧည့်လမ်းညွှန်အသင်းမှ ၁၇ ဦး၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းမှ ၂၀ ဦး၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များမှ ၂၀ ဦး၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ၂၅ ဦး၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန(ပုဂံရုံးခွဲ)မှ ၁၁ ဦး၊ ယွန်းပညာ ကောလိပ်မှ ၁၀ ဦး စုစုပေါင်း ၃၀၂ ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် ကြိုးစားသင်ယူကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ထို့နောက် ဖူးကျင့်နိုင်ငံတကာ ဘာသာစကား သင်တန်းဌာန ကျောင်းအုပ်ကြီး ဦးစက်တီးက သင်တန်း ဖွင့်လှစ်ရခြင်းနှင့် သင်တန်းဖွင့်လှစ်နိုင်ရန် အတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က (၇) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပုဂံမြို့ရှိ ဟိုတယ် ၁၂ လုံးကို ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်း ရေးဆိုင်ရာ Enchanting Myanmar Health and Safety Protocol-HSP အစီအစဉ်အရ HSP နိုင်ငံအဆင့် အသိအမှတ်ပြု တံဆိပ်များ ပေးအပ်ခဲ့ပြီး ပုဂံမြို့ရှိ ဟိုတယ်များမှ ဝန်ထမ်းများကို ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော်ရာတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းနယ်ပယ်ရှိ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍမှာ အရေးကြီးသောကြောင့် ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှု သင်တန်း၊ ကွန်ပျူတာနည်းပညာ အခြေခံသင်တန်းနှင့် ဘာသာစကား သင်တန်းများကို နေပြည်တော်၊ ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။