ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေနှင့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေး ချေးငွေများ ထုတ်ချေး

နေပြည်တော်  သြဂုတ်  ၂၄

နေပြည်တော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ကွပ်ကဲမှုအောက်ရှိ လယ်ဝေးခရိုင်၊ ပုဗ္ဗသီရိခရိုင်၊ ပျဉ်းမနား မြို့နယ်နှင့် တပ်ကုန်းမြို့နယ် ဘဏ်ခွဲလေးခုမှ တောင်သူဦးကြီး များကို ၂၀၂၂ ခုနှစ်  မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို မိုးစပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀/- နှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀/- နှုန်းဖြင့် အတိုးနှုန်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး တပ်ကုန်းမြို့နယ် ဘဏ်ခွဲမှ  နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးချေးငွေကိုလည်း တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀/- နှုန်း၊ အတိုးနှုန်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့်  သြဂုတ် ၁၈ ရက်မှ စတင် ထုတ်ချေးပေးလျက်ရှိသည်။

၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို နေပြည်တော်အတွင်းရှိ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများမှ ကျေးရွာအုပ်စု ၁၇၃ အုပ်စု၊ တောင်သူ ၁၇၀၈၃ ဦး၊ စပါး ၆၁၁၅၇ ဧက၊ အခြားသီးနှံ ၇၂၂၃ ဧကအတွက် ချေးငွေကျပ် ၉၈၉၅ ဒသမ ၈၅ သန်းနှင့် တပ်ကုန်းမြို့နယ်ဘဏ်ခွဲမှ  နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေး ချေးငွေများကို ကျေးရွာအုပ်စုသုံးအုပ်စု၊ တောင်သူ ၁၄ ဦး၊ နေကြာ ၄၉ ဧကအတွက် ချေးငွေကျပ် ၇ ဒသမ ၃၅ သန်း ထုတ်ချေးပေးပြီးဖြစ်သည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လယ်ဝေးခရိုင်၊ ပုဗ္ဗသီရိခရိုင်၊ ပျဉ်းမနား မြို့နယ်နှင့် တပ်ကုန်းမြို့နယ်ဘဏ်ခွဲများမှ  နေပြည် တော်နယ်မြေအတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ တောင်သူများသို့ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေနှင့် နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးရေးချေးငွေများကို စက်တင်ဘာလ ကုန်အထိ ဆက်လက်ထုတ်ချေးသွားမည် ဖြစ်ကြောင်း  နေပြည်တော်တိုင်းဘဏ်ခွဲ မန်နေဂျာ ဒေါ်အေးမင်းသင်းထံမှ  သိရသည်။