ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိ သူများလိုက်ပါလျက်  ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည်  ပြည်မြို့နယ် သစ်ချိုပင်ကျေးရွာအုပ်စု  ကံစုကျေးရွာရှိ မိုးနှောင်းချည်မျှင်ရှည်ဝါ(ရာကာ-၆၆၆)မျိုး၊ တစ်ဧကလျှင် ပိဿာ ၁၀၀၀ ထွက်ရှိရန် စိုက်ပျိုးထားသော အောင်မြင်ဖြစ်ထွန်းနေသည့် ဝါစိုက်ခင်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စံပြကွက် ဧက ၅၀ နှင့် အရည်အသွေးကောင်းစမ်းသပ်ကွက် နှစ်ဧကတို့အတွက် ဓာတ်မြေသြဇာ၊ ပိုတက်စီယမ်၊ ယူရီးယားနှင့် ပိုးသတ်ဆေးရည်တို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ဒေသခံကျေးရွာများအတွက် လိုအပ်သော ကျေးရွာချင်းဆက်လမ်းများ၊ ချောင်းကူးတံတားနှင့် စာသင်ကျောင်းများ ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ် ငါးရွာကျေးရွာ အုပ်စုရှိ  GW-11 မိုးစပါးတစ်ဧက တင်း ၁၀၀ ထွက်ရှိရေး ဧက ၁၀၀ စံပြကွက် မြေသြဇာကြဲပက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး သက်တမ်းတိုသည့် ပဲတီစိမ်း(ရေဆင်း-၉)မျိုးရရှိရေးနှင့် နွေစပါးစိုက်ပျိုးနိုင်ရေးနှင့် အစိုးရအဖွဲ့မှ ကူညီထောက်ပံ့ပေးမည့် အစီအစဉ်များကို ဒေသခံပြည်သူများအား ရှင်းလင်းပြောကြားခဲ့ကာ မျိုးကောင်းမျိုးသန့်ရရှိစေရေးနှင့် သွင်းအားစုများ တောင်သူလက်ဝယ်ရောက်ရှိစေရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၅၈၈ သန်းဖြင့် ဆောင်ရွက် နေသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော ငွေအသပြာဆိုလာစနစ် ရေတင်လုပ်ငန်း ၄၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးခြင်းဖြစ်၍ သတ်မှတ်အကျိုး ပြုဧကအားလုံး နွေစပါးစိုက်ပျိုးနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူ များအား မှာကြားခဲ့ကြောင်း သိရသည်။