တောင်ကျရေ တိုက်စားမှုကြောင့် ရွာအဝင်လမ်း ပျက်စီးကာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲလျက်ရှိ
ဧရာဝတီတိုင်း ဒေသကြီး ဟိုင်းကြီးမြို့နယ်၌ သြဂုတ် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တောင်ကျချောင်းရေများ ကျဆင်းကာ ရေတိုက်စားမှုကြောင့် ဇီးချိုင်ကျေးရွာ အဝင်လမ်းပျက်စီးခဲ့ပြီး ကျေးရွာနေပြည်သူများ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲလျက် ရှိကြောင်း သိရသည်။
အဆိုပါလမ်းမှာ ဇီးချိုင်ကျေးရွာ၏ တစ်ခုတည်းသော ကျေးရွာအဝင်လမ်းဖြစ်ပြီး တောင်ကျရေ တိုက်စားမှုကြောင့် ရွာအဝင်တံတား ခြေဆင်းမှ ကျေးရွာထိပ်အထိ ပေ ၁၀၀ ခန့်ပျက်စီးခဲ့သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများက ယာယီ သွားလာနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။
အလားတူ တောင်ကျရေ ဝင်ရောက်မှုကြောင့် ဟိုင်းကြီးကျွန်းမြို့ ဖောင်တိုးကျေးရွာ အုပ်စုတွင် လယ်ယာသုံး ကျွဲ ငါးကောင်၊ နွား ၁၃ ကောင်၊ ဝက်အကောင် ၂၀ နှင့် ဆိတ် ၁၅ ကောင် သေဆုံးကြောင်း သိရသည်။