နေပြည်တော် သြဂုတ် ၂၄
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၂၃-၈-၂၀၂၂ ရက် ည ၈ နာရီမှ ၂၄-၈-၂၀၂၂ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၈၀၆၀ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၃ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ သုည ဒသမ ၇၈ ရာခိုင်နှုန်း ရှိသည်။ ယနေ့တွေ့ရှိသော ကိုဗစ်-၁၉
ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၃ ဦးအနက် ၄၀ ဦး ၆၃ ဒသမ ၄၉ ရာခိုင်နှုန်းမှာ ပြည်ပမှဝင်ရောက်လာသူများအား ဓာတ်ခွဲစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး ၂၃ ဦး ၃၆ ဒသမ ၅၁ ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူများဖြစ်သည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၆၉၁၈၅၄ ခုအားစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၆၁၄၈၁၁ ဦး ရှိပြီဖြစ်သည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၄၀ ဦးရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၅၉၃၃၅၅ ဦး ရှိပြီဖြစ်သည်။ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိပါသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၄၃၇ ဦးရှိသည်။
ကိုဗစ်-၁၉ ရာဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၂၃-၈-၂၀၂၂ ရက်အထိ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ စုစုပေါင်း ၃၀၃၃၁၇၀၄ ဦးနှင့် အသက် ၁၈ နှစ်အောက် လူဦးရေစုစုပေါင်း ၆၃၁၈၅၃၅ ဦးတို့အား ထိုးနှံထားရှိပြီး ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာများအနက်မှ သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စစ်ဆေးခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ပြည်ပမှ ဝင်ရောက်လာသူများနှင့် ပြည်တွင်း၌ ကူးစက်ဖြစ်ပွားသူများတွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ရောဂါပိုး BA.4၊ BA.5၊ BA.2.75 နှင့် BA.2.76 တို့ ကူးစက်မှုများရှိနေကြောင်း တွေ့ရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်းအားဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုတို့ကို လျှော့ချပေးနိုင်သည်ဖြစ်ရာ အသက် ၅ နှစ်နှင့်အထက် ပြည်သူများအားလုံးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားရှိရန်လိုအပ်သည့်အပြင် အသက် ၁၈ နှစ်နှင့်အထက် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ ပြီးစီးမှုကာလ ၆ လ ရှိနေသော ပြည်သူများသည်လည်း ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်မံထိုးနှံရန် လိုအပ်သည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက်ခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။