တပ်မတော်သားတို့လောကတွင် “ရေဘူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်” ဟူသော စကားရပ်ရှိသည်။ အဆင့်ဆင့် အမိန့်ပေးရသောအခါ လုပ်ငန်းတစ်ခုကို ပြီးမြောက်အောင်မြင်စေရန် ရည်ရွယ်ပြောဆိုခြင်းဖြစ်သည်။ အချိန်သတ်မှတ်ချက်နှင့် လုပ်ဆောင်ရသော လုပ်ငန်းရပ်များ၊ သို့တည်းမဟုတ် ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်ထားသော ရန်သူ့စခန်းကို အချိန်နှင့်တစ်ပြေးညီ သိမ်းပိုက်မိရန် ရည်မှန်းချက်များ စသည်တို့တွင် ရေဘူးပေါက်လို့ ရေမပါခဲ့၊ ရေမရခဲ့ပါဟူသော ဆင်ခြေမျိုးကို လက်မခံနိုင်ကြောင်း ပြောလိုရင်းဖြစ်ပေသည်။
ထိုစကားရပ်ကို တပ်မတော်အကြောင်း မသိသူများ၊ တပ်မတော်အပေါ် သိက္ခာကျဆင်းရန် ပြောဆိုလိုသူများက ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်ဟူသော အဓိပ္ပာယ်ကို လိုရာဆွဲကာ ရေဘူးပေါက်မှတော့ ဘယ်လိုလုပ်ရေပါမှာလဲဟူသော စကားမျိုးဖြင့် လှည့်စားပြောဆိုလေသည်။ သူတို့က ဆင်ခြေပေးချင်စိတ်ရှိသည်။ ဆင်ခြေကန်တတ်ကြသည်။ ဆင်ခြေဟူသောစကားကို မြန်မာအဘိဓာန်တွင် ပြန်လှန်အကြောင်းပြချက်၊ ဆင်ခြေကန်ကို တစ်ဖက်လူ၏စကားကို အကြောင်းအမျိုးမျိုးပြ၍ ချေပခုခံသည်။ မသိနားမလည်သူများကလည်း သံယောင်လိုက်ကာ ရေဘူးပေါက်မှတော့ ရေမပါတာအပြစ်မဟုတ်ဘူးဆိုသော အသိမျိုးသိမြင်တွေးထင်ကြလေသည်။
အမှန်တကယ် ဆိုလိုရင်းကား သန္နိဋ္ဌာန်စိတ်ဖြင့် ရည်မှန်းချက်ပြီးမြောက် အောင်မြင်ရေးအတွက် ဘယ်လိုအခက်အခဲပဲ ကြုံပါစေ၊ ဖြတ်ကျော်လိုက်ပါ။ တပ်မတော်၏အစဉ်အလာ ၁၂ ရပ်တွင် အခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်သည့် ရဲစွမ်းသတ္တိရှိသော တပ်မတော်ဖြစ်သည်ဟူသော အချက်ပါရှိသည်။ ဆင်ခြေပေး၊ အကြောင်းပြချက်ပေးနေ၍ လုပ်ငန်းပြီးမြောက်မည် မဟုတ်ပါ။ တိုင်းပြည်အတွက် အသက်ကိုပင် စွန့်လွှတ်ထားသူများ ဖြစ်ပေရာ အထက်မှပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရာတွင် “ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်” စကားရပ်သည် မှန်ကန်သင့်လျော်သောစကား ဖြစ်ပေသည်။
ဤစကားရပ်နှင့် ပတ်သက်၍ အလောင်းမင်းတရားကြီးဦးအောင်ဇေယျ၏ အယူအဆကို တင်ပြလိုပေသေးသည်။ အလောင်းမင်းတရားကြီး၏ ပွဲဦးထွက်တိုက်ပွဲအကြောင်း ဖြစ်သည်။ တိုက်ပွဲမစတင်မီ ညီတော်၊ သားတော်၊ ဗိုလ်မှူး၊ တပ်မှူးများ၏ လျှောက်ထားတင်ပြချက်ကိုနားထောင်လျက်ရှိသည်။ တချို့က တိုက်သင့်သည်။ တချို့က လောလောဆယ် မတိုက်သင့်သေးပါ စသည်ဖြင့် အကြောင်းအချက် အလက်ပြကာ တင်ပြကြသည်။ အလောင်းမင်း တရားကြီးသည် အားလုံး၏ ဆွေးနွေးအကြံပြုချက်များကို နားဆင်နေလေသည်။
ပြီးသော် ခါးတောင်းကျိုက်ထားသည့် လူတစ်ယောက်ကိုမြင်သဖြင့် “ကိုယ့်လူ၊ အမှုတော်ကို ကြိုးစားအားထုတ် ထမ်းနိုင်မည်လော”မေးသည်။ ထိုသူက “ဘုရား ကျွန်တော် အမှုတော်ကိုထမ်းနိုင်မည်မဟုတ်ပါ” ဖြေသည်။
အလောင်းမင်းတရားကြီးသည် ထိုသူကို ချက်ချင်းဒေါသမျက်မာန်ရှသွားသည်။ ရုတ်ခြည်းထလိုက်သည်။
ဓားကို ဓားအိမ်မှဆွဲထုတ်လိုက်ပြီး သူ့ကျောကို ဓားရှည်နှင့်ခုတ်လိုက်သည်။ ဘေးမှအသင့်ရှိနေသော ဗိုလ်မှူး၊ တပ်မှူးတို့သည် တကယ်ခုတ်ဖြတ်ပြီ ထင်ကြသဖြင့် ကြောက်လန့်သွားကြသည်။ စစ်ပွဲနှင့်ပတ်သက်၍ မဖြစ်နိုင်ဘူးဆင်ခြေပေးမည့်သူ မရှိတော့။ အားလုံးက “ယခုပင် ကျွန်တော်တို့ထွက်၍ ရန်သူတို့ကိုဖမ်းဆီး သတ်ဖြတ်ပါမည်” ဟူ၍ လျှောက်ထားကြသည်။
အလောင်းမင်းတရားကြီး၏ တင်းမာရဲရင့်ပြတ်သားသည့်မျက်နှာထားကို မြင်မိကတည်းက မော်၍မကြည့်ရဲကြချေ။ အမှန်အားဖြင့် စောစောကအမှုတွင် ကြိုးစားအားထုတ်၍ အမှုတော်မထမ်းနိုင်ကြောင်းဖြင့် သွေးကြောင်သူကို ဓားနှင့်ခုတ်သည်မှာ ဟန်ရေးမျှဖြစ်သည်။ ဓားပြားနှင့်ချခြင်းမျှသာ ဖြစ်သည်။ စစ်ကို လက်တွန့်မည်စိုး၍ ရဲသွေးနှိုးပေးလိုက်ခြင်း သဘောမျှသာဖြစ်လေသည်။ ထိုလုပ်ဆောင်ချက်သည် ဆင်ခြေပေးခြင်းကို မကြိုက်သော ခေါင်းဆောင်၏ စိတ်ဓာတ်ကိုပြလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် တပ်မတော်သားတို့တွင် ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ် ဟူသောစကားရပ်မှာ အလောင်းမင်းတရားကြီး၏ စိတ်ဆန္ဒနှင့်ကိုက်ညီ လှပေသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်သည်။ ရှေးဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်း နေထိုင်လာသော ပြည်ထောင်စု နိုင်ငံတော်ဖြစ်သည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသော တိုင်းရင်းသား လူမျိုးပေါင်းတစ်ရာကျော် စုစည်းနေထိုင်လျက်ရှိသည်။ သမိုင်းကြောင်းများအရ တပ်မတော်သည် နိုင်ငံတော်တွင် အရေးကြုံတိုင်း ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ကာကွယ်လျက်ရှိသည်။ တပ်မတော်သည် နိုင်ငံတော်အတွက် ခိုင်မာသော အဖွဲ့အစည်းဖြစ်ပေရာ ထိုအဖွဲ့အစည်းသည် အမြဲတမ်းအင်အား တောင့်တင်းကျစ်လျစ် ခိုင်မာနေရမည်။ သို့မှသာ နိုင်ငံတော်ကို ပြည့်ပြည့်၀၀ ကာကွယ်နိုင်မည်ဖြစ်သည်။ ထိုသို့ ကာကွယ်နိုင်ရန်မှာ မဖြစ်နိုင်ပါဘူးဟူသော ဆင်ခြေ ဆင်လက် ဆင်ခြေတက်ခြင်းမျိုး ကင်းစင်နေရမည်သာ ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။