
ဘဝအိပ်မက် ပန်းအိပ်မက်
အမှတ်စဉ်(၆၃)
“သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံသမာဒိယာမိ”
“အာမဘန္တေပါ အရှင်ဘုရား”
အပေါ်ထပ်က ဦးထင်တစ်ယောက် အရက်ကိုပြတ်ပြတ်တောက်တောက်ကြီး ဖြတ်ပစ်လိုက်သည်ဟု ကြားရတော့ ဦးဘပွား ချက်ချင်းပင်မယုံမိပေ၊ သည်ခေါင်းဖြူစွယ်ကျိုးအဘိုးကြီးကို အရက်က လုံးလုံးလျားလျား အနိုင်ယူထားပြီဟု သူသာမက လူတိုင်းက ထင်ခဲ့ကြသည်။
အခုတော့ ဦးထင်က ဦးကံမြင့်ဆီမှ အားဆေးများနှင့် ဆရာတော်ကြီး၏ ပရိတ်ရေကို တစ်လှည့်စီသောက်ရင်း အရက်ကို ပြန်လည်အနိုင်ယူရန် ကြိုးစားနေသည်။ သူ့ကို ဘယ်လိုမျှမနေဘူးလားဟု မေးလာသူတိုင်းကို ”အရေးကြီးတာက စိတ်ပါပဲဗျာ၊ စိတ်ကိုသာနိုင်ရင် ဒီခန္ဓာကိုယ်ကြီးက မိုးပေါ်ကိုတောင်တက်ပြီး ဈာန်ပျံနိုင်သေးတာပဲ မဟုတ်လား”ဟု ခပ်အေးအေးပြန်ပြောခဲ့လေသည်။
သူ့မိတ်ဆွေကြီး ဒေါ်ရွှေနုကတော့ သူ့ကို ယုံကြည်ပုံမရ၊ “ပရိတ်ရေထဲ ဟိုအရည်တွေရော ထည့်ပြီး သောက်ချင်သောက်နေမှာ သိပ်ယုံရတာမဟုတ်ဘူး”ဟု စကားတင်းဆိုသည်။
ကိုကောင်းထက်ကတော့ “အဖေဟာ သူ့စိတ်ကိုသူ ဒီလောက်နိုင်မယ်၊ ပြတ်သားမယ်လို့ ကျွန်တော် ဘယ်တုံးကမှ မထင်မိဘူး”ဟု တအံ့တသြပြောသည်။
ဦးဘပွားကမူ ဦးထင်သည် သူကြိုးစားပြီးဖြတ်နေသော အရက်ကို လုံးလုံးလျားလျားကြီး ပြတ်နိုင်လိမ့်မည်ဟု ယုံကြည်နေမိသည်။
“အင်း၊ ကိုရန်ဝေးတို့လင်မယား ရုတ်တရက်ကြီးဆုံးသွားကြလို့ ဦးထင်အရက်ပြတ်တာ ဆိုတော့လည်း အရှုံးထဲက အမြတ် ထွက်လာတယ်လို့ ပြောရမှာပေါ့လေ”
ဦးဘပွားသည် သူ့ရှေ့တွင် ခပ်ငိုင်ငိုင် ခပ်ငေးငေးထိုင်နေသော ကိုဦးကိုကြည့်ရင်း တွေးနေမိသည်။ ကိုဦးသည် စားပွဲပေါ်တွင် အလှတင်ထားသော ကျောက်ဖြူသား ဆင်ရုပ်ကလေးကို ငေးကြည့်နေသော်လည်း မြင်ပုံမရ။ သူ့မျက်လုံးလေးများက မှုန်ပြီး မှိုင်းဝေနေသည်။
“ကိုဦး-မင်းဘာတွေ တွေးနေလဲ”
“ဒီလိုပါပဲ ဘဘကြီးရာ”
ကိုဦးကအသံတိမ်လေးနှင့်ဖြေပြီး ခေါင်းငုံ့လိုက်သည်။ ညှိုးလျော်ခြောက်သွေ့သော ကံ့ကော်ပွင့်လေး တစ်ပွင့်ကို ကြမ်းပေါ်မှ ကောက်ယူလိုက်ပြီး လက်ထဲတွင် လှည့်ကစားနေသည်။
“အင်း၊ ရက်လည်ဆွမ်းတောင်ကျွေးပြီး သွားပြီဆိုတော့လည်း ဘဝတစ်ခုရဲ့နောက်ဆုံးကိစ္စပါ အဆုံးသတ်သွားပြီပေါ့လေ”
မနေ့တုန်းကပင် ကိုရန်ဝေးတို့အတွက် ရက်လည်ဆွမ်းကျွေးခဲ့သည်။ ရက်လည် ဆွမ်းကျွေးခြင်းသည် လူ့လောကထဲသို့ ရောက်လာသူ တစ်ဦးအတွက် နောက်ဆုံး လှုပ်ရှားမှုပင်ဖြစ်သည်။
ထို့နောက်တွင်ကား လူတစ်ယောက်၏ ဘဝသည် တကယ်ပင် အဆုံးသတ်သွားပြီ ဖြစ်လေသည်။
သူက နံရံတွင်ချိတ်ထားသော ပြက္ခဒိန်ကို လှမ်း၍ကြည့်မိသည်။ စာလုံးအနက် ကလေးများနှင့် ထင်ထင်ရှားရှား ရေးထားသော ရက်စွဲများကို တစ်ခုချင်း လိုက်ကြည့်နေရင်း ထိုနေ့များထဲမှ တစ်နေ့နေ့သည် သူ့အတွက် ရက်လည်ဆွမ်းကျွေးသောနေ့ ဖြစ်လာလိမ့်မည်ဟု တွေးနေမိသည်။ ထိုနေ့သည် ဘယ်နေ့များ ဖြစ်လေမည်နည်း။
ထိုနေ့တွင် မည်သူတွေရောက်လာပြီး သူ့အကြောင်းကို ဘာတွေပြောကြ မှတ်ချက်ချကြ ငြင်းခုန်ကြမည်နည်း။
သူ့ကို တစ်စုံတစ်ဦးက “အတော်ကို ဘဝင်မြင့်ပြီး ကြီးကြီးကျယ်ကျယ်နိုင်တဲ့ အဘိုးကြီးဗျ”ဟု မှတ်ချက်ချလျှင် ကိုဦးတို့ မောင်နှမက “ဘဘကြီးက သိပ်သဘောကောင်းတာ၊ အဲဒီလိုမပြောပါနဲ့”ဟု ပြန်လှန် ငြင်းခုန်ကြလိမ့်မည်ဟု သူထင်သည်။
“ငါ့ဘဝရဲ့ နောက်ဆုံး အချိန်ပိုင်းကလေးမှာ သူတို့လေးတွေနဲ့ တွေ့ရကြုံရလို့ ငစိတ်ချမ်းသာရပါတယ်”
အခန်းကျဉ်းကျဉ်း ကလေးထဲတွင် တံခါးကိုလည်းပိတ် အသည်းနှလုံးနှင့် ဦးနှောက်ကိုလည်းပိတ်ပြီး အထီးတည်းနေခဲ့သော သူသည် အသက်ရှူ၍ပင်မဝဘဲ မွန်းနေခဲ့သည်မှာကြာပေပြီ။ သည်ကလေးတွေ ရောက်လာသောအခါမှ တင်းတင်းကြီး ပိတ်ထားသော တံခါးများ အလိုလိုပွင့်လာပြီး လေပြည်လေညင်းကလေး ဝင်လာသလို ခံစားရသည်။ ပိတ်လှောင်မွန်းကျပ်နေသော ဝေဒနာမှ အတန်ငယ် သက်သာခွင့်ရခဲ့သည်ကို သူသိသည်။
“အခုတော့ သူတို့ဟာ ရေနွေးပူနဲ့ အလောင်းခံလိုက်ရတဲ့ ပန်းကလေးတွေလို ပဲ ညှိုးပြီး နွမ်းသွားလိုက်ကြတာ”
ပျော်ရွှင်တက်ကြွခြင်း၊ လွတ်လပ်ပေါ့ပါး ခြင်း စသည်များသည် သူ့ရှေ့တွင်ထိုင်နေသော ဆယ့်သုံးနှစ်သား လူငယ်လေးဆီမှ ရုတ်တရက်ထွက်ပြေး ပျောက်ကွယ်သွားကြသည်။ သူ့မျက်နှာငယ်ငယ် နုနုလေးတွင် ဝမ်းနည်းကြေကွဲခြင်း၊ ပူပင်ကြောင့်ကြ ခြင်း စသော အရိပ်အယောင်များကသာ ယှက်သမ်းနေသည်။
“ဒီကလေးတွေကို အရင်တုန်းကလို ပြုံးနေအောင် ပျော်နေအောင် ငါဘယ်လိုနည်းနဲ့ လုပ်ပေးရပါ့မလဲ”
ဦးဘပွား၏ တစ်သက်တာတွင် တစ်ခါမျှသည်လောက် စိတ်ထဲတွင် ဆင်းရဲပင်ပန်းခြင်း မဖြစ်ခဲ့ဖူးပေ။ ကလေးများ၏ ငိုရှိုက်သံကို ကြားနေရခြင်း၊ နီရဲဖောင်းမို့နေသော မျက်နှာလေးများကို မြင်နေရခြင်းသည် သူ့အတွက် ကင်ဆာရောဂါ ဖြစ်ရသည်ထက်ပင် ပိုမိုပြီး စိတ်ပင်ပန်းဆင်းရဲရသည်ဟု ထင်သည်။
ဆက်လက်ဖော်ပြပါမည်။