
ဘဝအိပ်မက် ပန်းအိပ်မက်
အမှတ်စဉ်(၆၅)
သူတို့၏မိခင်နှင့်ဖခင်သည်လည်း အသေမှဖြောင့်နိုင်ပါရဲ့လား၊ နာကျင်ပြင်းပြသောဝေဒနာကိုခံစားပြီး ရုပ်နှင့်နာမ်မကွဲကွာမီသူတို့ဘာအတွက် တွေးတောပူပန်သွားကြမည်နည်း၊ လူလားမမြောက်သေးသော သားသမီးသုံးဦးအား ခိုကိုးရာမဲ့တွယ်ရာမဲ့ထားခဲ့ရခြင်းအတွက် သူတို့၏ နှလုံးသားများသည် မည်မျှကျွမ်းလောင်ကြေကွဲသွားကြရမည်နည်း။ ဦးဘပွားသည် ဆက်၍မတွေးချင်တော့သဖြင့် ခေါင်းကိုခါယမ်းပစ်လိုက်သည်။ ကြုံတွေ့ရသောသူကိုမဆိုထားနှင့် တွေးကြည့်ရသော သူပင်လျှင် ရင်ထဲတွင်မွန်းကျပ်ပြီးနာကျင်လာရသည်။
ငါ ကံကောင်းပါတယ်
ဦးဘပွားသည် သူ့တစ်သက်တာတွင် ပထမဦးဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူကံကောင်းသည်ဟု ထင်လိုက်မိလေသည်။
ငါ့မှာနောက်ဆံတင်းစရာ၊ ပူပင်စရာ၊ သံယောဇဉ်နှောင်ဖွဲ့စရာဘာမှမရှိဘူး
ပစ္စည်းသံယောဇဉ်ကို လည်းကောင်း၊ သားသမီးသံယောဇဉ်ကိုလည်းကောင်း သူကြိုးစားပြီးဖြတ်နိုင်ခဲ့သည်ဟု သူ့ကိုယ်သူထင်သည်။
သည်တစ်ဘ၀ သည်တစ်သက်တာအတွက် သူပိုင်ခဲ့သော(တကယ်တော့ပိုင်ခြင်းမဟုတ်ဟု ဆိုသည်ကို သူတရားသဘောအရ ရေးရေးမျှသဘောပေါက်ခဲ့ခြင်းဖြစ်သည်။) တိုက်တာ၊ အိမ်ရာ၊ ခြံမြေများနှင့် ငွေကြေးဥစ္စာများကို သူကလှူသင့်သည်ကိုလှူပြီး သားသမီးများအတွက် အမွေပေးသင့်သည်များ ကိုလည်းပေးခဲ့ရန် စီစဉ်ခဲ့ပြီးဖြစ်သည်။
ထိုသို့ စနစ်တကျစီစဉ်နိုင်ခြင်းသည်သူ့သေနေ့ကို သူကြို၍ ခန့်မှန်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ငါသေတော့မယ်ဆိုတာ ငါကြိုပြီး သိခဲ့ရတာဟာလည်းတစ်နည်းတော့ ငါကံကောင်းတာပါပဲလေ
ဦးဘပွားက အဆိုးမှအကောင်းလေးများကို ကွက်ကွက်ကွင်းကွင်းမြင်လာသည်။ ငါက ငါ့ကိုယ်ငါသေမိန့် ကျပြီရယ်လို့ စိတ်ဆင်းရဲနေမိတယ်၊ အမှန်က သက်ရှိသတ္တဝါရယ်လို့ ဖြစ်လာပြီ ဆိုကတည်းက သတ္တဝါတိုင်းဟာ သေမိန့်ကျလာကြတာပဲ၊ ဒါကိုဘယ်သူရှောင်လွှဲလို့ရမှာလဲ၊ ကိုရန်ဝေးတို့ခမျာမှာတော့ ဝုန်းဝုန်းဒိုင်းဒိုင်းကြီး ဖြုန်းခနဲရင်ဆိုင် တွေ့သွားကြရတော့ ကိုယ်သေဖို့အတွက်ရော နေခဲ့ရမယ့်သူတွေ အတွက်ရောဘာဆိုဘာကိုမှ မပြင်နိုင်၊ မဆင်နိုင်ဦးဘပွား၏ အတွေးသည် သူ့ရှေ့တွင်ငူငူလေးထိုင်နေသော ကိုဦးဆီသို့ ပြန်ရောက်လာသည်။
အခုတော့ ဒီကလေးတွေ ဘယ်လိုဘယ်ပုံဆက်ပြီး စခန်းသွားရရှာမှာလဲ
ကိုဦးတို့မောင်နှမတစ်တွေအတွက် သူ့စိတ်ထဲတွင်ကြောင့်ကြပူပန်နေမိသည်။ အနီးဆုံးဆွေမျိုးဖြစ်သည့် မခင်လှ၏ ညီမ(တကယ်လာမည်က ညီမ၏ခင်ပွန်း)ရောက်လာမှ သူတို့၏ရှေ့ရေးကို အသေအချာ သိခွင့်ရမည်ဖြစ်သည်။
ဦးလေးသက်နဲ့ အတူတူကျွန်တော်တို့လိုက်သွားရမယ်ထင်တယ်
ကိုဦး၏အသံက တိုးတိုးတိမ်တိမ်လေးဖြစ်နေသည်။
မင်းတို့မှာ ဒ့ီအပြင်ဆွေမျိုးတွေရောရှိသေးလား
မသိပါဘူး ဘဘကြီးရယ်၊ ရက်လည်တုန်းကလာတဲ့ဖေဖေ့အစ်မဝမ်းကွဲကြီးကြီးစိန်ကတော့ ကဲကဲကိုသူနဲ့ လိုက်နေမလားလို့မေးတယ်
ကဲကဲတစ်ယောက်တည်း ကိုလား
ဟုတ်ကဲ့
ကိုဦး၏ရင်ထဲတွင်ဆို့တို့တို့ကြီးဖြစ်နေသည်။ ဖေဖေက သူ့ကိုစူးစိုက်၍ကြည့်ကာ ညီလေးနှင့်ညီမလေးကို ဂရုစိုက်နော် ဟုမှာသွားသည်။ ထိုစကားကို သူမမေ့၊ သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။
သူကလည်း စိတ်ချပါဖေဖေ-သားဂရုစိုက်ပါ့မယ် ဟုပြန်ပြောခဲ့သည်။ သို့သော်လောလောဆယ်အခြေအနေတွင် သူသည်ကိုယ့်ကိုယ်ကိုယ်ပင် အားကိုးနိုင်သူမဟုတ်သေး။ သူ့အစွမ်းသူ့အစနှင့် ငွေကြေးတစ်ကျပ်တစ်ပြားပင် မရှာဖွေနိုင်သေး။
သူခေါ်ရင် မင်းတို့လိုက်သွားရမှာပေါ့
ဟုတ်-ကဲ့ ကိုဦးခေါင်းလေးက ပိုပြီးငုံ့သွားသည်။
လိုက်ချင်ရဲ့လား
ကိုဦးက မဖြေပေ၊ ဖေဖေမေမေတို့နှင့်အတူပျော်ပျော်ပါးပါးနေခဲ့ရသောဘဝ၊ လုံခြုံနွေးထွေးသောဘဝ၊ ကြောင့်ကြမဲ့သောဘဝ၊ ထိုဘဝကို သူတို့ဘယ်တော့မျှပြန်ရတော့မည်မဟုတ်ချေ။
ဦးလေးသက်နှင့်ဒေါ်လေးမြသည် သူတို့၏အရင်းဆုံးသောဆွေမျိုးများဖြစ်သော်လည်း တွေ့ခဲဆုံခဲသည်မို့ ကိုဦး၏စိတ်ထဲတွင်တော့စိမ်းနေသည်။ ဒေါ်လေးမြ၏ သားသမီးများဖြစ်သော ကျော်ကျော်တို့အောင်အောင်တို့၊ နောက် တိုးတိုးတို့အငယ်လေးတို့နှင့်တော့စိတ်ထဲတွင်ရင်းရင်းနှီးနှီးခံစား၍ ရသည်။
တစ်နှစ်တစ်ခါပင် မဆုံမိကြသော်လည်း ဆုံမိသည့်အခိုက်အတန့်တွင် ဝုန်းဒိုင်းကြဲအောင် ဆော့ပြီး ပျော်ကြရသည်။
သို့သော် ကဲကဲကစွာပြီး ကိုတူးကဆော့သည်။ ကျော်ကျော်တို့အောင်အောင်တို့ကလည်း အလိုလိုက်ထားခြင်း ခံရသော သားသမီးများဆိုတော့ အတန်ငယ်ဆိုးချင်ဆော့ချင်သည်။ သည်တော့လည်း ဆော့ရင်း၊ ကစားရင်း၊ ကုတ်ကြ၊ ဖဲ့ကြ၊ နပန်းလုံးကြနှင့် ထ၍ရန်ဖြစ်တတ်ကြသည်ကို ကိုဦးကသတိရမိရင်းရင်ထဲတွင် လေးလံနေလေသည်။
ဆက်လက်ဖော်ပြပါမည်။