ဘဝအိပ်မက် ပန်းအိပ်မက် အမှတ်စဉ်(၆၆)

ဘဝအိပ်မက် ပန်းအိပ်မက်

အမှတ်စဉ်(၆၆)

ကဲကဲ ကြီးကြီးစိန်နောက်ကို လိုက်မသွားချင်၊ လုံးဝမလိုက်ချင်။ မေမေရယ်-သမီးတို့ဆီ တကယ်ပဲကို ပြန်မလာတော့ဘူးလား ဟုတွေးရင်း ကဲကဲခေါင်းလေးငုံ့ကာ မသိမသာရှိုက်ရင်း မျက်ရည်သုတ်သည်။

ဒီကလေးတွေကို ငါဘာမှမကူညီနိုင်တော့ဘူးလား

ကဲကဲတို့ မောင်နှမရှေ့တွင် ထိုင်နေသော ဦးဘပွားက စိတ်မချမ်းသာစွာ တွေးသည်။ သိသိသာသာကြီး အန်းပြီး ဖောင်းတောင်းတောင်းဖြစ်နေသော မျက်နှာကြီးသည် စိတ်ဆင်းရဲမှုကြောင့် ပိုပြီးအိုမင်းနေသည်။ ခါတိုင်းလို ဆေးမကူဘဲ လွှတ်ထားလိုက်သော  ဆံပင်များမှာလည်း  ဖြူပြီးဖွာနေသည်။ သူ့ကြည့်ရသည်မှာ ရုတ်တရက်ချက်ချင်း အိုကျသွားသလို ဖြစ်နေလေသည်။

ဦးထင်ကတော့ သူ့ရင်ခွင်တွင် ကျောမှီ၍ ထိုင်နေသော ကိုတူးကို ခပ်ဖွဖွဖက်ထားသည်။ သူ၏မျက်စိအောက်တွင် ကြီးပြင်းလာကြသော သည်ကလေးသုံးဦး တကွဲတပြားစီဖြစ်သွားကြမည်ကို တွေးပြီး စိတ်မချမ်းမသာ ဖြစ်နေသည်။ မျက်ရည်ကိုထိန်းထားသော်လည်း ကျိတ်ကျိတ်ပြီး သက်ပြင်းရှိုက်လိုက်တော့ ကိုတူး၏ ကျောလေးသည် သိမ့်ခနဲတုန်၍တုန်၍ သွားသည်ကို သူသတိထားမိနေရင်း သူပါရောပြီး ပင့်သက်ရှူနေမိသည်။

ဒီလိုဆို ကဲကဲတို့သုံးယောက်က အတူတူ မနေရဘူးပေါ့ဟင် ဟုတ်လားဟင်

ကဲကဲက ထိုစကားကိုပင် ကယောင် ကတမ်းလေးထပ်ပြောနေသည်။ ငိုင်တွေတွေကြီး ထိုင်နေသော ဘွားရွှေကိုလည်းကောင်း၊ ခေါင်းငုံ့ထားသော အန်တီမွှေးကိုလည်းကောင်း၊ ကံကောင်းကို ချီထားသော ဦးကောင်းကိုသော်လည်းကောင်း အားကိုးတကြီး လှမ်းကြည့်သည်။

ဘဖိုးထင်၏ မျက်လုံးများသည် အခါတိုင်းကလို အရက်ခိုးတွေ ဝေမနေဘဲ ကြည်လင်နေသည်။ သူတစ်သက်လုံးစွဲခဲ့သော အရက်ကို ပရိတ်ရေသောက်ပြီး အပြီးဖြတ်နိုင်ခဲ့သော်လည်း သူ့နှလုံးသားတွင် အထပ်

ထပ်ရစ်ပတ်နေသော သံယောဇဉ်ကြိုးများကိုကား သူက ဘယ်လိုမျှမဖြတ်နိုင်။ ဘဖိုးထင်ရဲ့ဟု ကဲကဲက ငိုသံပါလေးဖြင့် ခေါ်တော့    သူမနေနိုင်ဘဲ   မျက်ရည်တွေလည်လာသည်။

ဒီကလေးတွေကိုတော့ ခွဲဖို့မကောင်းပါဘူးဗျာ

ဦးဘပွားက အသံအက်အက်ကြီးဖြင့်ပြောသည်။ မည်သူ့ကိုမျှမကြည့်ဘဲ ကျွန်းသားစားပွဲကြီးကိုသာ စိုက်ကြည့်နေသည်။

အစ်ကိုနှစ်ဦးကြားထဲတွင် ရယ်လိုက်မောလိုက်နောက်လိုက်ပြောင်လိုက်နှင့် ခပ်နွဲ့နွဲ့လေးဆိုးနေတတ်သော ကဲကဲ၏ရုပ်သွင်လေးများကို ထင်ယောင်မြင်ယောင်ဖြစ်မိသည်။

မိဘနှစ်ပါးလုံး ဖြုန်းခနဲဆုံးပါးသွား၍ ပူပန်ညှိုးလျကာ စိတ်အားငယ်နေသော သည်ကလေးမလေးသည် အစ်ကိုနှစ်ဦးနှင့်ပါ ထပ်ပြီးခွဲခွာရမည်ဆိုလျှင် ရင်ကွဲနာ ကျသွားနိုင်သည်။ ဟုတ်သည်။ ရင်ကွဲနာကျသွားလိမ့်မည်။ ထိုသို့ပင် သူယုံကြည်သည်။

ဒါကတော့ ဦးရယ်၊ ကျွန်တော်တို့လည်းတတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် စီစဉ်ရတာပါ။ သုံးဦးလုံးတာဝန်ကို တစ်ဦးတည်းယူဖို့ကျတော့လည်း

ဦးသက်ထွန်း စကားကိုဆက်မပြောဘဲ ရပ်ထားလိုက်သည်။ ကျန်စကားများကို ဆက်ပြောစရာမလို။ လူတိုင်းနားလည်ပြီး သား ကိစ္စဖြစ်သည်။

ဟုတ်ပါတယ်၊ အဲဒါကလည်း အဲဒါပေါ့လေ

ဦးဘပွားက သက်ပြင်းကြီးချပြီး အတန်ကြာအောင် ငြိမ်နေသည်။ တစ်စုံတစ်ခုကိုပြောချင်နေသော်လည်း ပြောသင့် မပြောသင့်ချိန်ဆရင်း သူ့ရင်ထဲတွင် မောနေသည်။

ဦးသက်ထွန်းကတော့ အတန်ငယ် နေရထိုင်ရခက်နေသည်။ သည်ကလေးသုံးဦးကိုခွဲချင်လွန်း၍ ခွဲရခြင်းမဟုတ်ကြောင်း၊ အစစအရာရာ အဆင်ပြေအောင် လုပ်ရခြင်းဖြစ်ကြောင်း စသည်တို့ကို ဘေးလူများနားလည်အောင် သူဘယ်လိုရှင်းရမည်နည်းဟု စိတ်ပင်ပန်းစွာ တွေးနေမိသည်။

ပြဿနာတစ်ခုခုဖြစ်လာလျှင် ထိုပြဿနာကို ပြေလည်အောင်ဖြေရှင်းရန် ဘာမျှအကူအညီမရဘဲ ဘေးမှထိုင်ပြီး ဝေဖန်လေကန်တတ်သောသူများနှင့် တွေ့နေရပြီဟု ထင်မှတ်ကာ စိတ်ညစ်နေမိလေသည်။

ဘဘကြီး

ကဲကဲက     အားကိုးတကြီးခေါ်သည်။

ထို့နောက် ငိုသည်။

ကဲကဲတို့ဒီမှာပဲ နေချင်တယ်နော် ဘဘကြီး

ကဲကဲ၏စကားကိုကြားတော့ ဦးသက်ထွန်းရော၊ ဒေါ်ခင်စိန်ပါ မျက်စိမျက်နှာပျက်သွားကြသည်။ ဆွေမျိုးတွေက ကောင်းရာကောင်းကြောင်း စီစဉ်သည်ကို ကောင်းမွန်စွာမနာခံဘဲ သူစိမ်းတွေကိုလှည့်ပြီး တိုင်တည်သော အပြုအမူဖြစ်၍လည်း စိတ်ထဲတွင်လည်း အတန်ငယ် မျက်သွားကြသည်။

မျက်နှာရိပ် မျက်နှာကဲကို နားလည်သောကိုဦးက ကဲကဲ၏လက်ကလေးကို ညှစ်ကိုင်ပြီးထားသော်လည်း ကဲကဲက မလျှော့၊ ဦးဘပွားကို အားကိုးတကြီးကြည့်ရင်း ဆက်ပြောသည်။

ကဲကဲ ကိုဦးတို့နဲ့ပဲနေချင်တယ် ဘဘကြီးရယ်နော်

သမီး ဘယ်မှလိုက်မသွားချင်ဘူးလား

ဟင့်အင်း

ကဲကဲက ရှိုက်ရင်း ခေါင်းခါသည်။

ကဲကဲ ဘဘကြီးနဲ့အန်တီမွှေးနဲ့ပြီးတော့ ဦးကောင်းတို့နဲ့အတူတူ ဘွားရွှေနဲ့ဘဖိုးထင်နဲ့ပြီးတော့ ကံကောင်းလေးနဲ့အတူတူ ငိုရင်းရှိုက်ရင်းပြောနေသော ကဲကဲ၏

အသံက ဗလုံးဗထွေးဖြစ်နေသည်။ ဘွားရွှေက မျက်ရည်သုတ်နေစဉ် ဦးထင်က နှပ်ညှစ်သည်။ ဦးဘပွား၏ မျက်လုံးတွေကတော့ နီကျင်လာသည်။

ဆက်လက်ဖော်ပြပါမည်။