ဘဝအိပ်မက် ပန်းအိပ်မက် အမှတ်စဉ်(၆၇)

ကဲ-ထားပါတော့၊ ဒီမှာနေချင်တာက ထားပါတော့

ဦးသက်ထွန်းက ဝင်ပြောသည်။ သူသည် အတန်ငယ်စိတ်ဆိုးနေပုံရသည်။

ဒီမှာနေချင်လို့ နေတယ်ပဲထားပါတော့၊ သမီးတို့ရဲ့တာဝန်ကိုဘယ်သူကယူနိုင်မှာမို့လဲ၊ သမီးတို့ရဲ့နေရေးထိုင်ရေး၊ စားရေးသောက်ရေး နောက်ပြီးပညာရေးနဲ့ကျန်းမာရေး၊ အဲဒါတွေကို ဘယ်သူကအကုန်အကျခံမှာလဲ

ဦးသက်ထွန်းကစိတ်တိုသည်ကိုထိန်းပြီးခပ်ချိုချိုပြောသည်။ ဒေါ်ခင်စိန်ကတော့ ခပ်မာမာခပ်ဆတ်ဆတ် ဖြစ်လာလေသည်။

ဒါကတော့ ကျွန်မတို့ကဆွေမျိုးဝတ္တရားအတိုင်း  စောင့်ရှောက်ရမယ့်အပိုင်းမို့ ပြောနေရတာပါ၊ တာဝန်ဆိုတာ ဘယ်လောက်ကြီးသလဲဆိုတာထမ်းကြည့်မှသိတာ၊ ပါးစပ်ကလေးတစ်ခုအရင်းစိုက်ပြီး ထိုင်သနားနေရတာ လောက်တော့မလွယ်ဘူး

ဒေါ်ခင်စိန်၏စကားက အနှောင့်အသွားမလွတ်လှပေ၊ ပစ္စည်းအတော်အတန်ချမ်းသာသော သူတို့၏ထုံးစံအတိုင်း

ဒေါ်ခင်စိန်သည် လူတစ်ဖက်သားကို မည်သူမည်ဝါဟု စိတ်ဝင်စားရမည်ထက် ငါ့ကိုမည်သူမည်ဝါမှန်းသိရဲ့လား ဟူသောမာန်က အရင်တက်လာတတ်လေသည်။

ယခုလည်း ဦးဘပွားကိုပါးစပ်ကလေးတစ်ခုအရင်းစိုက်ပြီး လူတွင်ကျယ်လုပ်နေသော အဘိုးကြီးတစ်ဦးဟုထင်ပြီး မြင်ပြင်းကတ်နေမိပုံရသည်။

ကဲ-ပြောလေ၊ သူတို့တစ်တွေကိုဘယ်သူက ကျောင်းထားပေးပြီး ဘယ်သူက ထမင်းအလကား ကျွေးထားနိုင်မှာမို့လဲ

ဒေါ်ခင်စိန်ကထပ်ပြောသည်။ ဦးဘပွားကို တည့်တည့်ရင်ဆိုင်ကြည့်ပြီး လှောင်သလိုလိုပြုံးလိုက်သော်လည်း ဦးဘပွား၏ မျက်နှာက အထူးပင်တည်ငြိမ်နေသည်ကို အံ့သြစွာ သတိထားလိုက်မိသည်။

ကျုပ် ကျောင်းထားပေးနိုင်ပါတယ်၊ နောက်ပြီး ထမင်းလည်းကျွေးနိုင်ပါတယ်ဗျာ

ဦးဘပွား၏အသံက တိုးရုံသာမက အတန်ငယ်တုန်ကာ ရှတတအက်တက်တက်ဖြစ်နေသည်။ သို့သော်လည်း သူတို့အားလုံးပြတ်ပြတ်သားသားကြားလိုက်ရသည်။

ဒီက ကလေးတွေရဲ့ ဦးလေးတွေ အဒေါ်တွေကသာ သဘောတူခွင့်ပြုမယ်ဆိုရင် ဒီကလေးသုံးယောက်လုံးရဲ့တာဝန်ကို ကျုပ်အဲ-ကျုပ်တို့ယူပါရစေလို့ တောင်းပန်ပါတယ်ဗျာ

တအံ့တသြဖြစ်နေသော မျက်နှာနှစ်ခုကိုတစ်လှည့်စီကြည့်ရင်း   ဦးဘပွားက အနူးအညွတ်တောင်းပန်သည်။

ဦးဘပွားကို မြင်ဖူးတွေ့ဖူးလာခဲ့သည့် နှစ်ပေါင်းအတော်များများအတွင်း၌ သူ့မျက်နှာ ဤမျှနူးညံ့သည်ကို လည်းကောင်း၊ သူ့အသံဤမျှပျော့ပျောင်းသည်ကိုလည်းကောင်း၊  ဤမျှခခယယပြောသည်ကို လည်းကောင်း တစ်ခါမျှ မကြုံဖူး မကြားဖူးတာကြောင့် ဒေါ်ရွှေနုသည် ပါးစပ်ကြီးအဟောင်းသားနှင့်    တအံ့တသြဖြစ်နေမိလေသည်။ နောက်တစ်ပတ်လောက်နေတော့ ဦးဘပွားအိပ်ရာထဲသို့လဲလေတော့သည်။

သည်နေ့တော့   နံနက်အရုဏ်တက်ကတည်းက ရင်ဘတ်ထဲတွင် ထူးထူးခြားခြား ပိုပြီးနာလာ၍ အိပ်ရာထဲမှမထဘဲ ဆက်၍ခွေနေမိသည်။

အခါတိုင်းလို မျက်နှာသစ်သွားတိုက်ပြီး ကိုယ်လက်သုတ်သင်ခြင်း အမှုပြုလုပ်ရမည်ကိုပင် တပင်တပန်းဖြစ်ပြီး ဝန်လေးနေမိသည်။ တမျှဉ်းမျှဉ်းနှင့်တိုး၍တိုး၍ နာလာသော ဝေဒနာအပေါင်းကိုစိတ်ထဲမှလိုက်၍ မှတ်ကြည့်ရင်း  မိမိ၏စိတ်ကိုလည်းကောင်း အသွေးအသားနှင့် အကြောအခြင်တို့ကို လည်းကောင်း  အကုန်လုံးကို လျှော့ထားလိုက်သည်။

လာလေ မင်းလာချင်တဲ့အချိန်မှာ လာတော့ပေါ့ကွာ၊ ငါကတော့အဆင်သင့်ပါပဲ

သူက သူ့ဆီသို့တရွေ့ရွေ့ချဉ်းကပ်လာနေသော ရှင်သေမင်းကို ခပ်တိုးတိုးပြောနေမိသည်။

လွန်ခဲ့သော နှစ်လကျော်ကျော်ခန့်က သူ၏အတွေးကိုသေခြင်းတရားကသာ ကြီးစိုးနေခဲ့သည်။ သေခြင်းဆိုသည်မှာ အလွန်ဆန်းကြယ်ပြီး ခက်ခဲလှသော ကိစ္စတစ်ရပ်ဟု ထင်မှတ်နေခဲ့သည်။  တုန်တုန်လှုပ်လှုပ်

နှင့် ချောက်ချောက်ချားချားဖြစ်နေခဲ့သည်။  သေခြင်းတရား၏မြန်ဆန်ခြင်း၊ အစိုးမရခြင်းတို့ကိုသိနေသည်ဟု ထင်နေသော်လည်း တကယ့်အသိနှင့်အလှမ်းဝေးနေခဲ့သည်။

အသက်ရှင်ကျန်ခဲ့မည့်သူများကို မလိုတမာဖြစ်ရင်း-

တစ်နေ့ကျရင်တော့ အားလုံးပဲသေကြရမှာ၊ ငါတစ်ယောက်တည်းသေရမှာ မဟုတ်ပါဘူး ဟုဒေါသဖက်၍ တွေးနေမိသည်။    အကြောက်ကြီးကြောက်နေမိသည်။

သို့သော် သူ့ကို ကိုရန်ဝေးတို့ ဇနီးမောင်နှံက တရားပြခဲ့ကြသည်။ သေခြင်းဟူသည်မှာ အချိန်အခါနေရာဌာနမရွေး၊ ဆင်းရဲချမ်းသာမရွေး ကျန်းမာသူကိုရော မကျန်းမာသူကိုပါ လာရောက်ခေါ်ငင်တတ်

ကြောင်းလက်တွေ့ပြသခဲ့ပြီဖြစ်သည်။

ကိုရန်ဝေးတို့ သေဆုံးခြင်းသည် အလျှံတရဲရဲတောက်လောင်နေသော မီးကျီးခဲနှင့်တူနေသည့် သူ၏စိတ်ကို ရေနှင့်လောင်းလိုက်သကဲ့သို့ ရှဲခနဲမြည်ကာ အငွေ့တထောင်းထောင်းသွားစေသည်။ အပူရှိန်အပူငွေ့က ဆက်လက်ကျန်နေသေးသော်လည်း မီးအပူရှိန်ကတော့သေသွားသလို သူ့ရင်ထဲမှမီးများလည်း ချက်ချင်းပင်အရှိန်လျော့သွားသည်။

        ဆက်လက်ဖော်ပြပါမည်။