ပဲခူးမြို့နယ်အတွင်းရှိ သဘာဝမြေသြဇာ စက်ရုံ(၃)ရုံမှ သဘာဝမြေသြဇာများ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိ

ပဲခူးမြို့နယ်အတွင်းရှိ သဘာဝမြေသြဇာ စက်ရုံ(၃)ရုံမှ သဘာဝမြေသြဇာများ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိ

ပဲခူး  သြဂုတ်  ၃၁

    ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်းသည်  တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  မွေးမြူရေးခြံများမှ ထွက်ရှိသောကြက်ချေးဖြင့် သဘာဝမြေသြဇာ ထုတ်လုပ်နေသော ပဲခူးမြို့နယ် ကမာနတ်ကျေးရွာ အုပ်စုရှိ Myanmar Agro Eagle Co., Ltd.၊  ထန်းပင်ချောင်ကျေးရွာအုပ်စုရှိ CPP Myat Min Agro Co., Ltd. နှင့် အင်းတကော်မြို့ရှိ Royal Green Smart Co., Ltd.တို့မှ    အော်ဂဲနစ်မြေသြဇာ ထုတ်လုပ်သည့် စက်ရုံများသို့ ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံများက    အော်ဂဲနစ် မြေသြဇာထုတ်လုပ်မှု အဆင့်ဆင့်၊ ပါဝင်ပစ္စည်းများနှင့် ဖြန့်ဖြူးရောင်းချနေမှုများကို ရှင်းလင်းတင်ပြကြသည်။

 ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး  အော်ဂဲနစ်မြေသြဇာ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ပဲခူးမြို့နယ်အတွင်း သဘာဝမြေသြဇာ စက်ရုံ (၃) ရုံရှိပြီး တစ်ရက်လျှင် တန်(၉၀)ကျော် ထွက်ရှိကာ ပါဝင်ပစ္စည်းအပေါ်မူတည်၍ မြေသြဇာတစ်အိတ်လျှင် အများဆုံး ငွေကျပ်ခြောက်သောင်းမှ အနည်းဆုံး ငွေကျပ်နှစ်သောင်းဖြစ်ကြောင်း၊  ရန်ကုန်၊  ပဲခူး၊ ဧရာဝတီနှင့် မန္တလေးတိုင်းဒေသကြီးများ အပါအဝင် နိုင်ငံတစ်ဝန်းသို့   ဖြန့်ဖြူး ရောင်းချပေးလျက် ရှိကြောင်း သိရသည်။