ပေါင်းလောင်းမြစ်အတွင်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ပုဂ္ဂလိကငါးမွေးမြူရေးလုပ်ငန်း စတင်ဆောင်ရွက်

နေပြည်တော် သြဂုတ် ၃၁

ပေါင်းလောင်းမြစ်အတွင်း   ရေပေါ်လှောင်အိမ်စနစ်ဖြင့် ပုဂ္ဂလိကငါးမွေးမြူရေး လုပ်ငန်းစတင်ဆောင်ရွက်ခြင်း အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင်  နေပြည်တော် ဇေယျာသီရိမြို့နယ် ကျည်တောင်ရွာအနီး ပေါင်းလောင်းမြစ် ရေပြင်၌ ကျင်းပသည်။

 အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဒေသနေပြည်သူများ ငါးစားသုံးမှုဖူလုံရေးအပြင် အခြား တိုင်းဒေသကြီး/ပြည်နယ်များနှင့် လိုအပ်ချက်ရှိနေသည့် အနီးဝန်းကျင် ဒေသများသို့ တင်ပို့ရောင်းချ နိုင်သည်အထိ ငါးမွေးမြူထုတ်လုပ်မှု သိသာစွာ တိုးတက်လာရေးအတွက်  နေပြည်တော်ပတ်ဝန်းကျင်ရှိ ပေါင်းလောင်းမြစ် အပါအဝင်၊ ဆည်တာတမံနှင့် အခြေအနေပေးသည့် သဘာဝမြစ်ချောင်းများတွင် တိုးချဲ့မွေးမြူနိုင်ရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက   အားပေးကူညီလျက်ရှိကြောင်း၊    ခေတ်မီနည်းစနစ် အသုံးပြု၍   ငါးမွေးမြူရေးလုပ်ငန်းများ အောင်မြင်လာပါက ငါးမွေးမြူထုတ်လုပ်သည့် လုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက်တွင် ပါဝင်လုပ်ကိုင်သူများ၏ စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေဖြစ်သော နေပြည်တော်တွင် လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ၊  ဒေသနေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝများ တိုးတက်ရေး ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က ပေါင်းလောင်း မြစ်အတွင်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူနိုင်မှုအခြေအနေနှင့်  ငါးမွေး တောင်သူများအတွက် အကျိုးဖြစ်ထွန်းနိုင်မှု အလားအလာများကို ရှင်းလင်းတင်ပြသည်။

၎င်းနောက်   ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက် လာကြသူ များသည် ပေါင်းလောင်းမြစ်အတွင်း ရေပေါ်လှောင်အိမ် စနစ်ဖြင့် ငါးမွေးမြူလုပ်ကိုင်မည့်   တောင်သူကြီး ဦးကြည်ထွန်း၏ ရေပေါ်လှောင်အိမ်လေးခုအတွင်းသို့ တီလားဗီးယားငါးသားပေါက်များ မျိုးစိုက်ထည့် ပေးခဲ့ကြသည်။ ယနေ့ ငါးမျိုးစိုက်ထည့် မွေးမြူခြင်းလုပ်ငန်းကို အနီးဝန်းကျင်ရှိ ကျေးရွာများမှ ငါးမွေးမြူရေးလုပ်ငန်းစိတ်ဝင်စားသူများအား   နမူနာအဖြစ်ပြသပြီး ပေါင်းလောင်းမြစ်ကြောင်း တစ်လျှောက်နှင့်  အခြေအနေပေးသည့် သဘာဝရေပြင်များတွင်  ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူထုတ်လုပ်မှု တိုးပွားလာရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း   သိရသည်။