နေပြည်တော် သြဂုတ် ၃၁
ပြည်တွင်းအခွန်များ ဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၇၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်တွင်းအခွန်များ ဦးစီးဌာနသည် နိုင်ငံတော်မှ ကောက်ခံရရှိသည့် အခွန်အကောက် စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ကို နှစ်စဉ်ကောက်ခံပေးလျက်ရှိကြောင်း၊ မြို့နယ်အခွန် ဦးစီးမှူးများအနေဖြင့် သင်တန်းမှ ဆည်းပူး ရရှိလာသည်များကို လက်တွေ့ဆောင်ရွက်မှုများဖြင့်ပေါင်းစပ်ပြီး အခွန်ထမ်းပြည်သူ များကို စိတ်ရင်းစေတနာ အမှန်ဖြင့် အဂတိတရားကင်းရှင်းစွာ ဝန်ဆောင်မှုပေးကြရန် လိုကြောင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနကို အဆင့်မီအခွန်ဌာနတစ်ရပ် ဖြစ်လာစေရေးအတွက် အဓိကဦးတည် အကောင်အထည်ဖော်ရာတွင် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသည် အရေးကြီးကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ ဥပဒေနှင့်အညီ အပြည့်အဝရရှိရေးကို ထိရောက်စွာ ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူ သင်တန်းသူများကို ဆုများချီးမြှင့်ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။
အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း/အမှုထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ယခုဖွင့်လှစ်သောသင်တန်းတွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်ငွေများကို ကောက်ခံရာ၌ သတ်မှတ်ပြဋ္ဌာန်းထားသည့် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ၊ ဝင်ငွေခွန် ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေ၊ တံဆိပ်ခေါင်းခွန်ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ ဆက်စပ်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ အောင်ဘာလေသိန်းဆုခွန်နှင့် စပ်လျဉ်းသည့် ညွှန်ကြားလွှာများ၊ အခွန်ကောက်ခံမှုနှင့် စပ်လျဉ်းသည့် စီမံရေးရာ၊ ငွေစာရင်းနှင့် အခွန်စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အခွန်မူဝါဒနှင့် သုတေသနဆိုင်ရာ ကိစ္စရပ်များ၊ အခွန်ကောက်ခံမှုဆိုင်ရာ သတင်းအချက်အလက် ရှာဖွေစုဆောင်းခြင်းနှင့် နည်းပညာအသုံးပြု အခွန်ကောက်ခံသည့် စနစ်များကို ပို့ချပေးခဲ့ကြောင်း သိရသည်။