မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးစတင်ရရှိသည်မှ စတင်ဖြစ်ပေါ်လာခဲ့သော လက်နက်ကိုင် ပဋိပက္ခချုပ် ငြိမ်းစေရေး နိုင်ငံတော်အစိုးရ အဆက်ဆက် ဖြေရှင်းဆောင်ရွက်ခဲ့သည်။
အောင်မြင်မှုရသင့်သလောက် မရရှိခဲ့ဘဲ လက်နက်ကိုင်ပဋိပက္ခမှာ ရှည်ကြာလျက်ရှိသည်။ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ဒီမိုကရေစီအစိုးရသည် ၂၀၁၁ ခုနှစ် မတ် ၃၁ ရက် နိုင်ငံတော်တာဝန် စတင်ယူသည့်အချိန်မှစ၍ လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းအရ အဖြေရှာခဲ့သည်။ စစ်မြေပြင်မှ စားပွဲဝိုင်းဆွေးနွေးပွဲဆီသို့ (From Battle field to round table talk) ဟူသော အခြေခံမူသတ်မှတ်ခဲ့သည်။ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှစ်ဦးနှစ်ဖက် လက်ခံထားကြသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပမည်။ အစီအစဉ်အရ ပထမအဆင့်အနေဖြင့် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ချင်းစီနှင့် သက်ဆိုင်ရာပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူမည်။ ဒုတိယအဆင့်အဖြစ် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူကြမည်ဖြစ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးနိုင်ရေးအတွက် အချိန်ကာလ အားဖြင့် (၂)နှစ်ကြာမျှ အဆင့်ဆင့် ကြိုးပမ်းခဲ့ကြရသည်။ ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်တွင် တစ်ခုတည်းသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း)ရရှိသည်။ ပထမမူကြမ်းမှ NCA စာချုပ်အထိ သဘောတူညီမှု ရရှိအောင် (၆)ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ကြသည်။ ၂၀၁၅
ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသားအဖွဲ့ရှစ်ဖွဲ့ တက်ရောက်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)ကို သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ NCA တွင်ပါဝင်သည့် သဘောတူညီချက်များ အားလုံးမှာ တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ တင်ပြချက်များအပေါ် အခြေခံထားခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရှစ်ဖွဲ့နှင့် သမိုင်းဝင် သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှစ်ဖွဲ့နှင့် ထပ်မံလက်မှတ်ရေးထိုး နိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၅ ရက်(ယနေ့)တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ချုပ်ဆိုခဲ့သည်မှာ (၅)နှစ်ပြည့်မြောက်ပြီ ဖြစ်ပေသည်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ ဝိုင်းဝန်းကြိုးပမ်းမှု၊ သည်းခံမှု၊ သဘောထားကြီးမှု၊ အနစ်နာခံကြိုးစား အားထုတ်မှုများသည် မြန်မာ့သမိုင်းတွင် သမိုင်းဝင်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပေသည်။
မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်မှစတင်၍ ပါတီစုံဒီမိုကရေစီစနစ်ဖြင့် နိုင်ငံကိုတည်ဆောက်လျက်ရှိရာ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် စီးပွားရေးအင်အား၊ ပညာရေးအင်အား၊ ကာကွယ်ရေးအင်အား (နိုင်ငံရေးအမြင်) ထက်မြက်ပြည့်စုံနေရမည် ဖြစ်သည်။ အဆိုပါ အချက်(၃)ချက်ပြည့်စုံရေးအတွက် ပထမဦးဆုံးလိုအပ်ချက်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားအားလုံး စည်းလုံးညီညွတ်မှုရှိရေးသာ ဖြစ်သည်။ ထိုအချက်များ၏ အနှစ်ချုပ်သည် ထာဝရငြိမ်းချမ်းရေးရရှိရေးသာ ဖြစ်ပေသည်။
တပ်မတော်သည် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် ထိုစဉ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ကိုယ်တိုင်ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရန်အခြေခံလိုအပ်ချက်မှာ ပြည်တွင်းငြိမ်းချမ်းရေးသာဖြစ်သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုသည်ထက် များစွာကျယ်ပြန့်လှပေရာ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှု အသစ်ထူထောင်ပြီး ပိုမိုတိုးတက်သာယာဝပြောသော ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ လျှောက်လှမ်းကြမည် ဖြစ်သည်။ သို့ဖြစ်ပေရာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကိုအခြေခံလျက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါ အချက်များကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက်အတူတကွ ပူးတွဲအကောင်အထည်ဖော်ဆောင် အောင်မြင်ပါစေကြောင်း မြဝတီက ဆန္ဒပြုရေးသား လိုက်ရပေသည်။ ။