
ဘဝအိပ်မက် ပန်းအိပ်မက်
အမှတ်စဉ်(၆၈)
အင်း- သူတို့ပြခဲ့တဲ့တရားက တကယ့်ကို တန်ဖိုးကြီးပါပေတယ်ဦးဘပွားက သွားနှင့်သူများ၏ ကျေးဇူးကိုအောက်မေ့နေမိသည်။
ဘဝမှာ အနေမှားခဲ့တဲ့ ဦးထင်က အနေမှန်အနေတတ်ပြီးငါကလည်း အသေမမှားတော့ဘဲ အသေတတ်ရတော့မယ် ဆိုရင်သူတို့တစ်တွေ တမလွန်ကနေပြီး ဝမ်းသာကြမှာပါ
သူ့စိတ်သည် သေခြင်းအကြောင်းကို တွေးနေသော်လည်း ယခင်တုန်းကလို ယောက်ယက်ခတ် မလှုပ်ရှားတော့
ဘဲ ငြိမ်းအေးနေသည်။
ခုတင်ဘေးက စားပွဲပေါ်ရှိ ဖန်အိုးလေးထဲတွင် သူကြိုက်သော ရေမွှေးနှင်းဆီအဖူးအငုံကလေးများကို ထိုးစိုက်ထားသည်။ ချစ်စဖွယ်အငုံအဖူးကလေးများသည် နက်ဖြန်လောက်ဆိုလျှင် ပွင့်အာလာကြမည်ဖြစ်သည်။
ထို့နောက် စွင့်စွင့်ကားကားနှင့် အလှကြီးလှလာကြပြီး သူ၏အိပ်ခန်းကလေးကို ရနံ့မွှေးမွှေးလေး တသင်းပျံ့ပျံ့နေအောင် စွမ်းဆောင်ပေးကြမည်ဖြစ်သည်။ ထို့နောက်တွင်ကား တဖြည်းဖြည်းနှင့် နွမ်းလာပျော့လာငိုက်လာပြီး ညှိုးလျလာကြမည်။ ကြွေရမည်ဖြစ်လေသည်။
အင်း-ဖူးရာကငုံ၊ ငုံရာကပွင့်၊ ပွင့်ရာကညှိုး၊ ညှိုးရာနေပြီး နွမ်းခြောက်လာရမှာပဲ၊ ဒါဟာ ပန်းကလေးရဲ့သဘာဝပဲလေ၊ လူဆိုတာလည်း ပန်းလိုပါပဲလေ၊ ငါလည်းမကြာခင်နွမ်းရခြောက်ရတော့မှာပေါ့
ဦးဘပွား၏ မျက်လုံးများသည် ပန်းပွင့်လေးများကို စူးစိုက်ကြည့်နေရာမှ ပန်းအိုးအောက်ခြေတွင် ဖိထားသော စာအိတ်ကလေးဆီသို့ရောက်သွားသည်။ အိတ်ထဲမှစာကို သုံးလေးငါးခေါက်ဖတ်ပြီးပြီမို့ အလွတ်ရနေသည်။
ဖေဖေခင်ဗျား
ကျွန်တော် လက်ထပ်လိုက်ပါပြီ၊ မိန်းကလေးက ဂျပန်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင်အမျိုးသမီး
လေးပါ၊ သဘောကောင်းပါတယ်။
ကျွန်တော်တို့အခုအလုပ်က နှစ်စေ့ရင် အဲဒီဂျပန်ကုမ္ပဏီမှာပြောင်းပြီး အလုပ်လုပ်ဖို့ စီစဉ်ထားပါတယ်။ အဲဒီက လခပိုကောင်းပါတယ်။ နေရေးထိုင်ရေးလည်း အဆင်ပြေပါတယ်။
ကျွန်တော်တို့ လက်ထပ်ပွဲတုန်းက ဓာတ်ပုံတချို့ ထည့်ပေးလိုက်ပါတယ်။
ဖေဖေရောကျန်းမာနေကောင်းပါရဲ့လားခင်ဗျာတဲ့။
ဦးဘပွားက အလွတ်ရနေသော စာကြောင်းလေးများကိုစိတ်ထဲမှ ပြန်ရွတ်ကြည့်နေမိရင်း ခွင့်လွှတ်သောအပြုံးကို ပြုံးလိုက်မိသည်။ သူ၏အိမ်ထောင်ရေးကိစ္စကို ဖခင်ဖြစ်သူအားခွင့်တောင်းခြင်း သော်လည်းကောင်း၊ သင့်မသင့်တိုင်ပင်ခြင်းကိုသော်လည်းကောင်း လုံးဝမပြုလုပ်ဘဲ လက်ထပ်ပြီးကာမှ သူစိမ်းတစ်ဦးကို အသိပေးသလို အသိပေးရုံသာပေးခဲ့ခြင်းအတွက် စိတ်ထဲတွင်လည်း ထိခိုက်မနေချင်တော့ပေ။ သူ၏သားလတ်တုန်းကလည်း ထိုသို့ပင်သိရုံမျှသိခဲ့ရသည်မို့ သူ့မှာခံနိုင်ရည်ရှိနေပေပြီ။
ခုတင်ဘေးရှိစားပွဲပေါ်မှ ဓာတ်ပုံလေးများကို လှမ်းယူပြီး ဦးဘပွားက အသာမြှောက်ကြည့်လိုက်သည်။ အမိုးချွန်ချွန်ဘုရားကျောင်းတစ်ခုရှေ့ဝယ် အနောက်တိုင်းဝတ်စုံကိုယ်စီဝတ်ထားသော မြန်မာပြည်မှ သတို့သားနှင့် ဖိလစ်ပိုင်မှ သတို့သမီးတို့ကို တွေ့ရသည်။ သတို့သမီးက အသားညိုသော်လည်း ဖြူလွသောဂါဝန်ရှည်ကို ဝတ်ဆင်ပြီး အဖြူရောင်ပန်းပွင့်များပါသော ပန်းစည်းကို ပွေ့ပိုက်ထားလေသည်။ သားငယ်သည် ရယ်ခဲပြုံးခဲလှသော်လည်း ဓာတ်ပုံထဲတွင်တော့ ပြုံးရယ်နေသည်ကိုတွေ့ရသည်။
အင်း-မြန်မာယောကျ်ားနဲ့ ဖိလစ်ပိုင်မိန်းမတို့ သူတို့တွေဘယ်အရပ်တိုင်းပြည်မှာ ဘယ်နိုင်ငံသားအဖြစ် အခြေချကြမှာလဲ
ဦးဘပွားက ဓာတ်ပုံလေးကို စားပွဲပေါ်သို့ပြန်တင်ထားလိုက်သည်။
သြော်- သူတို့တွေကိုဖြတ်မှ
ထို့နောက် မျက်စိကိုစမှိတ်ကာ စိတ်ထဲသို့ပြေးဝင်လာသော အတွေးများကို ဖြတ်သည်။ သားကိုလည်းကောင်း၊ သမီးကိုလည်းကောင်းမစွဲလမ်းမတွယ်တာချင်သော်လည်း သူ၏စိတ်အာရုံကို သားသမီးတို့က အစဉ်လွှမ်းမိုးထားတတ်သည်။
သားငယ်ကို တွန်းထုတ်လိုက်လျှင်သားလတ်ကဝင်လာသည်။ သားလတ်က ထွက်သွားပြန်တော့ သမီးကြီးဝင်လာပြန်သည်။ တစ်ခါတစ်ရံလည်း အိမ်ထဲတွင် သားတွေ၊ သမီးတွေ၊ မြေးတွေက သူဘေးတွင် ဝိုင်းဝိုင်းလည်နေပြီး သူကစကားတွေ တဖောင်ဖောင်ပြောနေမိတတ်သည်။
(အပြင်လောကတွင် သူူကသားတွေသမီးတွေနှင့်တစ်ခါမျှ ထိုသို့မနေခဲ့ဖူးချေ။)
သူတို့တွေက ပညာလည်းစုံကြပြီ၊ ကြင်ယာလည်းစုံကြပြီ၊ စီးပွားဥစ္စာလည်းစုံကြပြီ၊ ဘပွားဆိုတဲ့ အဘိုးကြီးတစ်ယောက်အသက်ရှင်နေသေးသည်ဖြစ်စေ၊ သေသွားပြီဖြစ်စေသူတို့အတွက် ဘာဆိုဘာမှ မထူးခြားဘူး။သူတို့တွေအတွက် အစစအရာရာ ပြည့်စုံနေပြီ၊ ဒါကိုမင်းသိသားနဲ့ မင်းစိတ်ကို မင်းမထိန်းနိုင်ဘူးလား
ဦးဘပွားက သူကိုယ်သူ ဆုံးမသည်။
ဂယက်ထပြီး လှုပ်ရှားနေသောစိတ်ကို ဆွဲ၍စုပြီးငြိမ်အောင်ကြိုးစားသည်။ တစ်စစီတစ်မျှင်စီ လွင့်ပါးနေသော စိတ်အမျှင်များက လွယ်လွယ်နှင့် စုစည်း၍မရပေ။
လာပါဟ ဆိုရင်မလာ၊ ငြိမ်ပါဟဆိုရင်လည်းမငြိမ်၊ ငါ့စိတ်ကိုလည်းငါမနိုင်၊ ငါ့ခန္ဓာကိုယ်လည်းငါမပိုင်၊ မနာပါနဲ့လို့လည်းတားမရ၊ မနာပါနဲ့လို့လည်းတားမရ
ဦးဘပွားက အသက်ကို မှန်မှန်ရှူပြီး ထွက်သက်နှင့်ဝင်သက်ကိုမှတ်သည်။ နှာသီးဖျားကိုဖြတ်ပြီး အေးခနဲဝင်သွားသောလေနှင့်နွေးခနဲ ပြန်ထွက်လာသောလေတို့တွင် သူ့စိတ်ခေတ္တမျှကပ်လျက်ပါနေပြီး ဖျတ်ခနဲ
ပြန်၍ လွင့်ထွက်သွားပြန်သည်။
ဆက်လက်ဖော်ပြပါမည်။