၅/၊ ၈/၊ ၉/ ကိုင်ဆောင်ထားသူ စက်ရုံတွင်းရှိ လုပ်သားထုအား ဖိနှိပ်ခံနေရမှုရှိကြောင်း ဝါဒဖြန့်ခြင်းနှင့် ပတ်သက်၍ သတင်းအမှန်ထုတ်ပြန်ချက်
၁။ ၂၅-၈-၂၀၂၂ ရက်နေ့တွင် CTUM Myanmar Page ၌ ၅/၊ ၈/၊ ၉/ပါ တီရှပ်များဝတ်ဆင်လျက် ဖိနှိပ်ခံနေရသော ၅/၊ ၈/၊ ၉/ကိုင်ဆောင်ထားသူ လုပ်သားတို့နှင့် ရပ်တည်လျက်ရှိကြောင်း လူငယ်များသမဂ္ဂဗဟို (Youths Union Centre Labour Alliance) အဖွဲ့နှင့် CTUM အဖွဲ့တို့မှ ကျား(၂)ဦး၊ မ(၁)ဦး၊ ပေါင်း(၃)ဦးတို့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ နဝဒေးမင်းကြီးလမ်း၊ အမှတ် (၂၅)ရှိ Zhejiang Tongi Clothing Myanmar Co.,Ltd. (အထည်ချုပ်စက်ရုံ)ရှေ့၌ ဆန္ဒဖော်ထုတ် သပိတ်မှောက်ဟု ဖော်ပြပါရှိခဲ့ပါသည်။
၂။ နိုင်ငံသားစိစစ်ရေးကတ်၏ တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ဖော်ပြချက်ဖြစ်သော စစ်ကိုင်းတိုင်း ဒေသကြီး(၅/)၊ မကွေးတိုင်းဒေသကြီး(၈/)နှင့် မန္တလေးတိုင်းဒေသကြီး (၉/)ကိုင်ဆောင်ထားသူ စက်ရုံတွင်းရှိ လုပ်သားထုအား ဖိနှိပ်ခံနေရမှုရှိကြောင်း သတင်းနှင့်ပတ်သက်၍ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ရာ သတင်းအမှန်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အဆိုပါ စက်ရုံသည် Mr. Gong Song Lin (ကိုရီးယားနိုင်ငံသား) ပိုင်ဆိုင်ပြီး အလုပ်သမား ကျား (၁၀၈)ဦး၊ မ(၁၃၈၈)ဦး၊ စုစုပေါင်း(၁၄၉၆)ဦးဖြင့် လုပ်ကိုင်လျက်ရှိသည့် အထည်ချုပ်စက်ရုံဖြစ်ကြောင်း၊
(ခ) စက်ရုံသည် စတင်ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်မှာ (၇)နှစ်ကျော်ရှိပြီဖြစ်ကြောင်း၊ စက်ရုံမှ အလုပ်သမားများကို အကြောင်းမဲ့ အလုပ်မှထုတ်ပယ်မှုများ မပြုလုပ်ခဲ့ကြောင်း၊ စည်းကမ်းလိုက်နာမှု မရှိသည့် အလုပ်သမား အချို့ကိုသာ ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းများ ရှိကြောင်း၊ စက်ရုံအတွင်း၌ အလုပ်သမားရေးရာ ထူးခြားဖြစ်စဉ်များ မရှိကြောင်းနှင့် ဆန္ဒပြသူ (၃)ဦးမှာလည်း အဆိုပါစက်ရုံမှ အလုပ်သမားများ မဟုတ်ကြောင်း၊
(ဂ) စက်ရုံရှိအလုပ်သမားများအားလုံး တည်ငြိမ်အေးချမ်းစွာ အလုပ်လုပ်ကိုင်လျက် ရှိပါကြောင်းနှင့် စက်ရုံမှ နိုင်ငံသားစိစစ်ရေးကတ်အမှတ် (၅/၊ ၈/၊ ၉/) ကိုင်ဆောင်သူ အလုပ်သမားများအား အကြောင်းမဲ့အလုပ်ထုတ်ပယ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းများ ပြုလုပ်မှု မရှိပါကြောင်း။
၃။ သို့ဖြစ်ပါ၍ ၂၅-၈-၂၀၂၂ ရက်နေ့တွင် CTUM Myanmar Page ၌ ထုတ်ပြန်ခဲ့သောသတင်းမှာ လုပ်ငန်းခွင်အေးချမ်းသာယာမှု ထိခိုက်ပျက်ပြားစေရန်နှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာများ နစ်နာဆုံးရှုံးစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းသာ ဖြစ်ကြောင်း၊ ဖြစ်စဉ်အမှန် မဟုတ်ပါကြောင်း သတင်းအမှန်ထုတ်ပြန်အပ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန