ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)    လင်းခေးခရိုင် မိုင်းပန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိုင်းဟောင်းကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို သြဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင်  မိုင်းပန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဦးမိုင်းမြင့်နိုင်ထွန်း၊ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့်အတူ မိုင်းဟောင်းကျေးရွာ၌ Cash For Work စီမံကိန်းလုပ်ငန်းဖြစ်သည့် ရွာတွင်းလမ်းတစ်ဖက်လျှင် အရှည်ပေ ၁၀၀၀၊ အကျယ်သုံးပေနှင့် ထုခြောက်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးက   စီမံကိန်းလုပ်ငန်းနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် Cash For Work စီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ကျေးရွာ ပြည်သူလူထုကိုယ်တိုင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိုင်းပန်မြို့နယ်အတွင်း Cash For Work စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစ၍ ယခုနှစ်အထိ မိုင်းဟောင်းကျေးရွာအပါအဝင် ကျေးရွာပေါင်းလေးရွာ၌  အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဦးမိုင်းမြင့်နိုင်ထွန်း ထံမှသိရသည်။                            

     နိုင်ထွန်း